ငတာနှင့်ပညာရှင်

Words
365
Reading
2 min
Listen
Play
9y

ငတာနှင့်ပညာရှင်

image

“ကျောင်းဆရာ ထဗျာ … လက်ဖက်ရည် လိုက်တိုက်ပါ”

မိုးမလင်းသေးဘူး ရောက်လာတဲ့ ငတာ

“ဟဲ့ကောင် … ညက ၂ နာရီမှ အိပ်တာ။ အိပ်ရေးမဝသေးဘူး”

“ထတော့ဗျာ … ခင်ဗျားအိမ်ရှေ့က လော်စပီကာ အော်ဖို့ ပြင်နေပြီ။ မကြာခင် ဟဲလို တက်စတင်း လုပ်တော့မယ်”

မထလို့မဖြစ်။ မထမချင်း ဂျီကျနေမှာလို့ အိပ်ရာကထ မျက်နှာသစ်မယ်လုပ်တော့ ငတာက

“ဆရာ … မျက်နှာကို ရေတွေနဲ့ ဝုန်းဆိုပြီး လောင်းမချလိုက်နဲ့နော်”

“ဘာဖြစ်လို့လဲကွ”

“ညက ဖတ်ထား၊ မှတ်ထား၊ လေ့လာထားတဲ့ ပညာတွေ ရေနဲ့ ပါသွားပါ့မယ်”

“အေး ဟုတ်သား”

မျက်နှာကို ရေနဲ့ ဖွဖွလေး ပွတ်၊ သွားတိုက်တော့လည်း

“ဆရာ … ဝေါ့ခနဲ မထွေးလိုက်ပါနဲ့ ပညာတွေ ပါသွားမယ်”

“အေးပါကွာ”

အပြင်ထွက်ဖို့ လှေကားက ဆင်းမယ်လုပ်တော့

“နေဦး … နေဦး … ဆရာ”

“ဘာလဲကွ ငတာ”

“ကျွန်တော် ဝှီးချဲလေး သွားယူမယ်”

ဒီမနက် ငတာတစ်ကောင် ဘာဖြစ်နေမှန်းကို မသိ

“ငါက ဘာဖြစ်နေလို့လဲ … လမ်းလျှောက်နိုင်တယ်ကွ”

“မဟုတ်ပါဆရာ … လမ်းလျှောက်ရင် ပညာတွေ ထွက်ကျကုန်မှာ ကြောက်လို့ ဝှီးချဲလေးနဲ့ တင်ပြီးတော့ တွန်းသွားချင်လို့ပါ”

“ငတာ သောက်ရူး … မင်းငါ့ကို ဒီမနက် အရူးလုပ်နေတာပဲ”

“အရူးက အရူးကို အရူးလုပ်လို့မရပါဆရာ”

“ဘယ်လိုဖြစ်နေတာလဲကွ … ဒီမနက်မှ ဆရာချင်းကို မိုးမွှန်နေတော့တာ”

“ဆရာမို့ ဆရာခေါ်တာပါ အပြစ်လား ဆရာ”

“ဟေ့ကောင် ငတာ ငါသောက်မြင်ကပ်လာပြီ”

“ဆရာ ဖြည်းဖြည်းပြော … ဒေါသတွေ မပါနဲ့ … ပညာတွေ ထွက်ကျကုန်လိမ့်မယ်။ ဆရာ့လို ဆရာ တစ်ခေတ်မှာ တစ်ယောက်ပဲရှိတာ။ ဆရာသာ သေသွားရင် အစားထိုးလို့မရတဲ့ ဆုံးရှုံးမှုကြီးဖြစ်တော့မှာ။ ဒါကြောင့် ဆရာ သတိထားပါ”

“အိမ်း … ဟုတ်ပေသား … ငါက ပညာရှင်လေကွာ။ ဒီမြန်မာမှာ မပြောနဲ့ ကမ္ဘာမှာတောင် ငါ့လို ပညာရှင်ဆိုတာ မရှိနိုင်ဘူးကွ … မှန်ရဲ့လား”

“မှန်ပါတယ်ဆရာ … ဒါကြောင့် သတိထားပါဆရာ။ လမ်းဖြတ်ကူးရင်လည်း သတိထား၊ ထမင်းစားလည်း သတိထား၊ သွားသတိ၊ လာသတိ၊ စားသတိပေါ့”

“အင်း … ငါ့တပည့်ထဲမှာတော့ မင်းက မဆိုးပါဘူး။ ကိုင်း တပည့်ကြီး ကြိုက်တာမှာ”

“လက်ဖက်ရည်နှစ်ခွက် ထုံးစံအတိုင်း၊ ထမင်းကြော် ကြက်သား၊ ကြက်ဥ ဟပ်ဖရိုင်း”

“စားလော့ တပည့်ကြီး … စားလော့ … ယနေ့တော့ တပည့်ကြီး ကြိုက်ရာမှာစားလော့”

“ဖြည်းဖြည်းပြောပါဆရာ … အို … ရေနွေးကို အဲသည်လို မသောက်နဲ့လေ … ပညာတွေ ငုပ်ဝင်သွားမယ်”

“မှန်ပေသည် ငတာ … ပညာရှိ သတိလက်လွတ်ဖြစ်ပေတယ်”

“ဟဲ့ မင်းတို့ လက်ဖက်ရည်ဆိုင် ညှော်လှချည်လား … ဒီမှာ ငါတို့ဆရာ ပညာရှင် ရောက်နေတာ မသိကြ ဘူးလား။ အညှော်နံ့ကြောင့် ပညာတွေ ငုပ်ဝင်သွားမှာ စိုးရိမ်ရတယ်”

အဲဒီ အချိန်မှာ အိမ်ကထွက်သာလာ … အိမ်သာ မတက်ခဲ့ရပါ။ ဝမ်းကနာ

“ငတာရေ … ငါဝမ်းနာလာသကွာ။ အိမ်သာ သွားချင်တယ်”

“မဖြစ်ဘူးဆရာ”

“ဘာကြောင့်လဲကွ”

“ဆရာ့ပညာတွေ အီးနဲ့ ပါသွားလို့မဖြစ်ဘူး။ အောင့်ထားပါဆရာ”

“မရတော့ဘူးကွာ …”

image

ကျွန်တော် မသက်မသာနဲ့ လက်ဖက်ရည်ဆိုင်အိမ်သာ ပြေးခဲ့ရသဗျာ။ ပြန်လာတော့ ငတာက ကျွန်တော့်ကို သောက်ဂရုတောင်မစိုက်။ သတင်းစာကောက်ဖတ်နေတယ်။

“ဟေ့ … ငတာ … ငါ ကိစ္စပြီးခဲ့ပြီကွ … ပြော … ဒီမနက် ဘာများ ကြားချင်သလဲ”

“ခင်ဗျား ဘယ်သွားတာလဲ”

“အိမ်သာလေကွာ … မင်းသိပါတယ်”

“ကျောင်းဆရာ”

“ဟာ … မင်း အပြောင်းအလဲ တယ်မြန် … စောစောကပဲ ဆရာချင်းထပ်နေသေး။ ပညာရှင်ပါကွ”

“ဘာ … ခင်ဗျားက ပညာရှင် … ဟုတ်လား”

“အေးလေ မင်းပဲ ပညာရှင်ဆို”

“မသိလို့မေးပါရစေ”

“မေးစေဗျား”

“အလို … ပညာရှင်ကြီးခင်ဗျား … ပညာရှင်ကြီး အီးအီးပါရင် ဖင်လှန်ပြီးပါသလား။ ဖင်မလှန်ဘဲ အီးပါသလား သိချင်သဗျာ”

“ဟဲ့ကောင် ဘယ်သူဖြစ်ဖြစ် အိမ်သာဝင်ရင် ဖင်လှန်ရသကွ”

“အဲဒါပဲ … ခင်ဗျား … ဘာကောင်ဖြစ်ဖြစ် … အိမ်သာကို ဝင်ရင် … ဖင်လှန်ရတာပဲ။ အတူတူချည်းပဲ”

“မင်းဟာလေ အပြောင်းအလဲတယ်မြန်”

“ဟဲ … ဟဲ … မနေ့ကတစ်မျိုးပြော … သည်နေ့တစ်မျိုးပြင် … နောက်တစ်နေ့ ထပ်ဖောင်း … နောက်တစ်ကြိမ် အကောင်းပြောနေတဲ့ခေတ်လေဗျာ … ဟား … ဟား … ပညာရှင်တွေ ပေါတဲ့ခေတ်။ ဒီမနက်တောင် ခင်ဗျားကို ပညာရှင်လို့ခေါ်လိုက်တာ ဘဝင်တွေလေဟပ်ပြီး ဖိုးသိုးဖတ်သပ်ကိုဖြစ်နေလိုက်တာ”

“ငတာရယ် … ငါ့မှာတော့ အဟုတ်မှတ်လို့”

“ကျောင်းဆရာ သိလား … လောကမှာ အရူးဘယ်လောက်များသလဲဆိုရင် ကျုပ်ခွေးတွေတောင် အူရင် (ဝူး) ဆိုပြီး မအူတော့ဘူး သိလား”

“ဟေ … ဘယ်လို အူသလဲ”

“အရူး … အူး …”

ပြောပြောဆိုဆိုနဲ့ ငတာတစ်ကောင် စိန်ဝင်းထွန်းရဲ့ အရူးသီချင်းဆိုပြီး ထွက်ပြေး

“အရူး … အရူး … အရူး”

#cd: တင်ညွန့်

photo ; facebook

image

ငတာနှင့်ပညာရှင် | Ecency