အတိတ်မေ့သူ

Words
549
Reading
3 min
Listen
Play
8y

image

အတိတ်မေ့သူ

နေပူထဲ မထွက်ချင်ပေမယ့် မထွက်ရင် မဖြစ်တဲ့ အနေအထားတွေကြောင့် နေပူထဲ ထွက်ခဲ့ရပါတယ်။ ဘတ်စ်ကားဂိတ်မှာ ထိုင်ခုံလေးတွေရှိတယ်။ ထိုင်ခုံ တစ်ခုံမှာ အဘိုးကြီး တစ်ယောက် ထိုင်နေတယ်။ သူ့ကို အဘိုးကြီးလို့ ပြောလိုက်တာက ကိုယ့်ထက်အသက်ကြီးပုံရလို့ပါ။ ကိုယ်ကလည်း အဘိုးလေးအရွယ်။

ကျွန်တော်နေတဲ့နေရာကနေ ဘတ်စ်ကားဂိတ်ကိုရောက်အောင် ၁၀ မိနစ်လောက် လမ်းလျှောက်လာရတယ်။ နေပူပူထဲမှာ ထီးလေးကူနေရပြီ။ ထိုင်ခုံလွတ်မှာ ဝင်ထိုင်လိုက်ရင်းက လွယ်အိတ်ထဲပါလာတဲ့ သတင်းစာကို ထုတ်ပြီးတော့ ယပ်ခတ်နေမိတယ်။

ကျွန်တော့်တစ်ခုံကျော်မှာ ထိုင်နေတဲ့ အဘိုးအိုက ကျွန်တော့်ကို ပြုံးပြလိုက်ပြီး

“ပူတယ်နော်”

“ဟုတ်တယ် … မိုးအုံ့နေတော့ ပိုဆိုးသလိုပဲ”

“အင်းလေ မိုးက ရွာချလိုက်ပါတော့လားလို့”

ကျွန်တော်က သတင်းစာလေး ဖြန့်ပြီး ဖတ်မယ်လို့ လုပ်နေတုန်း အဘိုးအိုက

“ဘယ်သွားမလို့လဲ” လို့ ကျွန်တော့်ကို မေးတယ်။

“မြို့ထဲပါအဘ”

“အဝေးကြီးပဲ။ ကားတစ်စီး စောစောလေးကပဲ ထွက်သွားတာ”

“ကျွန်တော်လှမ်းမြင်လိုက်တယ်။ မတတ်နိုင်ပါဘူး။ နောက် ၄၅ မိနစ်လောက် စောင့်ရတော့မှာပဲ”

“တစ်ခုလောက် ကူညီပါလား”

“ပြောလေအဘ”

“ရေဆာလို့ပါ။ အဲဒါ ဟိုဘက်ကားလမ်းကိုလည်း မကူးရဲလို့ ရေလေးတစ်ခွက်လောက် သောက်ချင်လို့ပါ”

“ကျွန်တော် သွားခပ်ပေးမယ်လေ … ရပါတယ်”

“အားနာပါတယ် … လည်ချောင်းတွေ ချောက်နေလို့ပါ”

“ရပါတယ်အဘရယ် … ခရီးသွားချင်းပဲ ကူညီရမှာပေါ့”

ကျွန်တော်က ကားလမ်းမကြီးတစ်ဖက်ကို ကူးသွားပြီးတော့ ညောင်ပင်အောက် ရေချမ်းစင်က ရေတစ်ခွက်ကို ခပ်လိုက်ပြီး ကားလမ်း ပြန်ကူးလာတယ်။ အဘိုးအိုက ရေကို အငမ်းမရ သောက်လိုက်ပြီးတော့

“သာဓု … သာဓု … သာဓု” သုံးကြိမ်ခေါ်လိုက်တယ်။

ကျွန်တော်က ရေခွက်ကို သွားပြန်ထားပြီး ပြန်လာ။ သတင်းစာနဲ့ ယပ်ခတ်နေရပြန်တယ်။ ပူလိုက်တာ

“နေပူကြီးထဲကို မလွှဲသာလို့ အကူအညီတောင်းရတာပါ။ အတော် ပူသွားလား”

“မပူပါဘူးဗျာ … ဒီလိုပေါ့။ ဒါနဲ့ စပ်စုတယ်လို့ မထင်ပါနဲ့ အဘရော ဘယ်လဲ”

“အင်း … ဘယ်လဲဆိုတာ အဘလည်း မသိသေးဘူး”

အလို … ထူးဆန်းလှချည်လားပေါ့။ ဘတ်စ်ကားဂိတ်မှာ ထိုင်နေပြီးတော့ ဘယ်သွားလို့ ဘယ်လာရမှန်း မသိသေးဘူးဆိုပါလား။ ဒဿနဆရာတော့ မဟုတ်လောက်ဘူး။ ထူးဆန်းတာကို စိတ်ဝင်စားတတ်တဲ့သူ ဆိုတော့

image

“ဟုတ်ဘူးလေ အဘရဲ့ ဘတ်စ်ကားဂိတ်ဆိုတာ သွားချင်တဲ့ တစ်နေရာရာရှိလို့ သွားရအောင် လာထိုင်စောင့် နေတာ မဟုတ်လား”

“ဟုတ်မှာပါ … ဒါပေမဲ့ အဘကတော့ မသွားချင်ပဲ လာထိုင်စောင့်နေရတာ”

“အဘစကားက အဆန်းပါလား”

ကျွန်တော် အဘိုးကြီးကို သေသေချာချာကြည့်လိုက်တယ်။ ပြီးတော့ ထပ်မေးတယ်

“အဘ အသက် ဘယ်လောက်ရှိပြီလဲခင်ဗျာ”

“ရှစ်ဆယ်နဲ့ခြောက်နှစ်”

ဟာ ဟုတ်ရဲ့လားပေါ့။ တကယ့်ကို မထင်ရပါလား။ အသက်ကြီးလို့ ပိန်လှီနေတဲ့ အသားအရေတွေပေါ်မှာ အကြောပြိုင်းပြိုင်းထ၊ ဆံပင်တွေဖြူ၊ ခါးကိုကိုင်းနေပေမယ့် ကျွန်တော်ကတော့ ၇၀ လောက်ပဲ ထင်ထားတာ။

“ကျွန်တော်က ၇၀ လောက်ပဲထင်တာ”

“၈၆ ပါ … လာမယ့် သီတင်းကျွတ်ဆိုရင် ၈၇ ထဲဝင်ပြီပေါ့”

“အဘတစ်ယောက်တည်း လာတာလား”

“မဟုတ်ဘူး”

ကျွန်တော်က ဘေးဘီကိုကြည့်လိုက်တယ်။ ဘယ်သူမှလည်း မတွေ့ဘူး။

“သူ စောစောက ဘတ်စ်ကားနဲ့ ပါသွားတယ်။ အဘက ထမင်းဆာတယ်ဆိုလို့ ဝယ်ကျွေးမယ်ဆိုပြီး ထွက် သွားတာ။ ဒီနားမှာ ဘာဆိုင်မှ မရှိဘူးနော်”

“သူ ဆိုတာက”

“အဘ သားလေ။ တစ်ဦးတည်းသောသား။ အဘ ဂုဏ်အယူရဆုံးသား”

“ဘာများ လုပ်သလဲခင်ဗျာ”

“အရာရှိကြီးတစ်ယောက်ပေါ့။ ကုမ္ပဏီကြီးတစ်ခုမှာ အရာရှိကြီးတစ်ယောက်လို့တော့ ပြောတာပဲ။ အဘလည်း မစပ်စုတော့ မသိပါဘူး”

“အိမ်ထောင်နဲ့လား”

“အင်း … အဘမှာ မြေးလေးနှစ်ယောက်တောင် ရနေပြီ။ သိပ်ချစ်ဖို့ကောင်းတာ ပူစူးနဲ့ ဂျစ်တူးတဲ့”

“အဘတို့နေတာက”

“ပြည်မှာ”

“ဟာ အဘရယ် ပြည်ဆိုတာ အဝေးကြီးပဲ။ အဝေးကြီးက လာတာလား”

“ဟုတ်တယ် … ညကတည်းက သားနဲ့နှစ်ယောက် ကားစီးလာတာ။ စောစောလေးကမှ ဒီဘတ်စ်ကားဂိတ်ကို ရောက်တာ။ သားက ကားပြောင်းစီးရမယ်တဲ့”

“အဘတို့ ဘယ်သွားမလို့လဲ”

“အဘကို ရိပ်သာပို့ပေးမယ်တဲ့။ အဘက မသွားချင်ဘူး။ ချွေးမက ပူညံပူညံလုပ်နေတယ်။ အဘက မြေးလေးတွေကို မခွဲနိုင်ဘူး”

“ပြည်ဘယ်နားမှာ နေသလဲအဘ”

“အပြောတတ်ဘူး။ အဘက ဟိုး ကျောက်ဆည်ဘက်က။ အဘ အားကိုးနေရတဲ့ သမီးဆုံးသွားလို့ သားက ခေါ်လာတာ။ အင်း … ပြောရမှာ ခက်သားလား။ ချွေးမက သိပ်မကြည်ဖြူချင်ဘူးကွယ်။ ဒါကြောင့် သားက ရိပ်သာမှာ ခဏ သွားနေလိုက်ပါဦးဆိုလို့ ထွက်သာလာရတယ်။ ကလေးတွေကို သတိရတယ်”

ကားတွေက တစ်စီးပြီး တစ်စီး ဝေါခနဲဖြတ်နေကြတယ်

“တစ်ခုလောက် ကူညီပါဦးလား”

“ဘာများလဲအဘ”

“ဆီးသွားချင်လို့ … အဲဒါ”

“သွားလေအဘ … အဘအိတ်ကို ကျွန်တော် ကြည့်ပေးထားမှာပေါ့”

“မဟုတ်ဘူး … လမ်းသိပ်မလျှောက်နိုင်ဘူး။ အထိုင်အထ မလွယ်ဘူး”

“အို … ကျွန်တော် တွဲပေးမယ်”

ကျွန်တော်က အဘိုးအိုကို တွဲပြီး ဘတ်စ်ကားမှတ်တိုင်နောက်က ချုံထဲမှာ ကိစ္စပြီးစေလိုက်ပါတယ်။ သူ့ကို ပြန်ခေါ်လာပြီး ထိုင်ခိုင်းထားကာ ဘတ်စ်ကားကို မျှော်နေရပြန်တယ်။

“ဟော … ဟိုမှာ ဘတ်စ်ကားလာနေပြီ … ကျေးဇူးပဲ အကူအညီပေးတာ”

“ရပါတယ်အဘရယ်”

ဘတ်စ်ကားက ရပ်လိုက်ပြီ။ လူတွေဆင်းလာတယ်။ ထွက်သွားကြတယ်။ ကားက ဘီးလှိမ့်စ ပြုနေပြီ

“သွားတော့လေ … ကားထွက်နေပြီ”

“ရပါတယ်အဘ ကျွန်တော်အဘနဲ့ စကားပြောချင်သေးလို့ပါ”

“နောက်တစ်စီးဆိုရင် အကြာကြီးစောင့်နေရဦးမယ်”

“ရပါတယ်”

“ဒါနဲ့ ဘာများလုပ်သလဲ”

“အငြိမ်းစား ကျောင်းဆရာတစ်ယောက်ပါ”

“သြော် ဆရာကိုး”

“ခုတော့ မဟုတ်တော့ပါဘူးခင်ဗျာ”

“တစ်ကြိမ်ဆရာ … အမြဲတမ်းဆရာလို့ ကြားဖူးပါတယ်။ ဆရာပေါ့နော်”

“အဘ ထမင်းဆာနေပြီလား”

“အင်း မနက်ကတည်းက ဘာမှ မစားရသေးတော့ ဝမ်းထဲ ဟာတာတာတော့ အရှိသား။ ဒါပေမဲ့ ကာဖီရည် လေးနဲ့ နံပြားလေးလောက်ပဲစားချင်တာပါ”

ကျွန်တော်တို့ထိုင်နေတဲ့ ဘတ်စ်ကားနားမှာ ဘာဆိုင်မှမရှိဘူး။ အဘိုးကြီးက တစ်ဖက်လမ်းကို ဆိုက်လာတဲ့ ကားတိုင်းကိုကြည့်နေတယ်။ ဘတ်စ်ကားတွေ တစ်စီးပြီးတစ်စီး ဆိုက်လာတယ်။ လူတွေ တစ်ယောက်ပြီး တစ်ယောက်ဆင်းလာတယ်။ ထွက်သွားကြတယ်။ ဝင်လာကြတယ်။

“အဘသားကလည်း ကြာလိုက်တာ”

“အင်းနော်”

နောက်ထပ် ဘတ်စ်ကားတစ်စီး ဆိုက်လာတယ်

“သွားတော့လေ သွားတော့”

“ရပါတယ် … အဘသား ပြန်လာတဲ့အထိ ကျွန်တော် စောင့်ပေးမယ်။ အဘပျင်းနေမှာ စိုးလို့ပါ”

“ရပါတယ် … ရပါတယ်”

နောက်ထပ်ကားတစ်စီး … နောက်ထပ် ကားတစ်စီး

“အဘ ဒီလို လုပ်ရအောင် … ရှေ့မှတ်တိုင်မှာတော့ ထမင်းဆိုင်တွေ လက်ဖက်ရည်ဆိုင်တွေရှိပါတယ်။ ကျွန်တော်နဲ့ လိုက်ခဲ့လေ။ စားသောက်ပြီးတော့ ကျွန်တော် ဒီကို ပြန်လာပို့ပေးပါ့မယ်”

“အဘမှာ ပိုက်ဆံမရှိဘူး”

“ကျွန်တော် ကုသိုလ်လုပ်ပါရစေ”

“နေပါကွယ် … သားပြန်လာရင် လွဲနေပါ့မယ်”

ဒီလိုနဲ့ ဘတ်စ်ကား နောက်တစ်စီးဝင်လာ။ ဟိုဘက်ခြမ်းမှာ ဘတ်စ်ကား နောက်တစ်စီးထွက်သွား

“အဘ နေစောင်းတော့မယ် … အဘသားမရောက်သေးဘူး”

“အေး … သား တစ်ခုခုများဖြစ်နေသလား။ သွားရင်း လာရင်း ကားများ … အို မပြောကောင်း မဆိုကောင်း”

ဘတ်စ်ကားတစ်စီးဆိုက်လာပြန်တယ်

“နောက်ဆုံးကား … နောက်ဆုံးကား”

ကျွန်တော် တက်မလိုက်ပါဘူး။ ဖုန်းကို ထုတ်လိုက်တယ်။ ရဲစခန်းကို ဆက်လိုက်တယ်။ ၁၅ မိနစ်လောက် အကြာမှာ ရဲကားတစ်စီး ရောက်လာတယ်။ ရဲနှစ်ယောက်ဆင်းလာပြီး ကျွန်တော့်ကို အကြောင်းစုံမေးတယ်။ ကျွန်တော်ကလည်း သိသလောက်ပြောပြပြီး အဘိုးကို

“အဘိုး … သူတို့နဲ့ လိုက်သွားပါခင်ဗျာ။ သူတို့က အဘိုးကို သားနဲ့ ပြန်တွေ့အောင် ကူညီပါလိမ့်မယ်”

အဘိုးအိုက မျက်ရည်တွေကြားထဲက ကျွန်တော့်ကို ကြည့်လိုက်ပြီး

“ကျေးဇူးပဲဆရာ … ကျွန်တော် သူထွက်သွားကတည်းက ပြန်မလာတော့ဘူးဆိုတာ သိနေပါတယ်။ အဖေပဲလေ သူတို့သားတွေမျက်နှာ ကြည့်လိုက်တာနဲ့ ဘာဆိုတာ သိတာပေါ့။ ဒါပေမဲ့ ကျွန်တော်တစ်ယောက်တည်း ဒီလို အနေအထားနဲ့ လောကကြီးကို ရင်ဆိုင်ကြည့်ဖို့ ကြောက်နေချိန်မှာ ဆရာရောက်လာတာ ကံကောင်းတာပဲ။ ကျေးဇူးတင်ပါတယ်ဆရာ။ ကျွန်တော် ရဲအရာရှိတွေကို ရိပ်သာတစ်ခုခုကိုပဲ ပို့ခိုင်းမှာပါ”

ကျွန်တော် ကိုယ့်ကိုယ်ကိုယ် အသည်းမာတယ်ထင်ထားပေမယ့် မျက်ရည်တွေဝိုင်းလာတယ်

“ဆရာ”

“ခင်ဗျာ”

“ကျွန်တော့်ကို ကူညီလက်စနဲ့ ကူညီပါဦး”

“ဘာများလဲခင်ဗျာ”

“ရဲအရာရှိတွေကို ပြောပေးပါ … ကျွန်တော် မှတ်ဉာဏ်မကောင်းဘူး … ဘာမှ မမှတ်မိတော့တဲ့ အတိတ်မေ့ အဘိုးကြီးတစ်ယောက်ပါလို့”

ကျွန်တော် တစ်ဖက်ကိုလှည့်ပြီး မျက်ရည်သုတ်လိုက်ပါတယ်

ကျွန်တော် ဘာများ တတ်နိုင်မှာလဲ။

တင်ညွန့်

photo : google

image

အတိတ်မေ့သူ | Ecency