အိပ်ပျက်တဲ့ည

Words
196
Reading
1 min
Listen
Play
8y

image

အိပ်ပျက်တဲ့ည

ညက ၁၀ နာရီ ကျော်မှ စာရေးနေတာ ခေတ္တနားပြီး တီဗီဖွင့်လိုက်တယ်။ 3 Idiots ရုပ်ရှင်နဲ့ တန်းတိုး တော့တာပဲ။ ဒီကားကို ဘယ်နှကြိမ် ကြုံကြုံ ဘယ်နေရာကကြုံကြုံ ကြည့်တာပဲ။ ညက အစကမီတယ်။ ဆုံးတဲ့ အထိ ကြည့်လိုက်မိတာ ၁ နာရီထိုးမှ အိပ်ရတော့တယ်။

3 Idiots ရုပ်ရှင်ပေါ်တာ ၂၀၀၉ ခုနှစ်လောက်ကတည်းက။ အဲဒီခေတ်ကတည်းက အိန္ဒိယကားတွေထဲမှာတော့ ဆန်းသစ်ရုံမက ပညာရေးလောကအတွက်ပါ အုန်းအုန်းကျွက်ကျွက် ဖြစ်သွားစေခဲ့တဲ့ ရုပ်ရှင်ပဲ။

ရန်ချို၊ ဖာဟန်၊ ရာဂျူးဆိုတဲ့ ကောင်လေးသုံးယောက်နဲ့ ဗိုင်းရပ်စ်လို့ သူတို့အမည်ပေးထားတဲ့ ဆရာ တစ်ယောက်ရဲ့ ကောလိပ်ကျောင်းဘဝလေးကို အိန္ဒိယပညာရေးစနစ်နဲ့ ထင်ဟပ်ပြီး ရိုက်ပြထားတယ်။

ဇာတ် လမ်းကို မြူးမြူးလေးရိုက်ပြထားပေမယ့် ပေါတောတော ကားတော့မဟုတ်ဘူး။ စဉ်းစားစရာတွေပေးတယ်။ တွေးစရာတွေပေးတယ်။

သူတို့ အသံတိတ်လေပုပ်ထုတ်သမားလို့ အမည်ပေးထားတဲ့ ချာတူးကို စာလုံးလေးတွေ ပြောင်းပေးလိုက်ပြီး အဓိပ္ပာယ်မသိ အလွတ်ကျက်ပြောတဲ့ပညာရေးစနစ်ကို လှောင်ပြောင်တယ်။

အမှတ်ကောင်းရင် ထိပ်ဆုံးရောက်တာပဲဆိုတာကိုလည်း အမှတ်ကောင်းတော့ ဘာဖြစ်သလဲလို့ မေးခွန်း ထုတ်ထားတယ်။ သင်ကြားရေးစနစ်တွေကို ထေ့ထားတယ်။

image

ကျောင်းတွေက ကျောင်းသားတွေကို ဖိအားတွေပေးပြီး သတ်နေတယ်။ ဒါပေမဲ့ လူသတ်မှုကျူးလွန်နေတဲ့ ကျောင်းတွေကဆရာတွေမှာ အပြစ်မရှိသလိုဖြစ်နေတယ်။ ပညာရေးစနစ်ရဲ့ ဖိအားကြောင့် ကျောင်းသားတွေ သတ်သေနေကြရတာ အိန္ဒိယမှာ အများဆုံးပဲ။

ဘာဖြစ်ဖြစ် စာအုပ်ကြီးတွေ အားကိုးချင်ကြတယ်။ တကယ့်ပညာဆိုတာ စာအုပ်ထဲမှာ ရှိချင်မှ ရှိမယ်။ တီထွင် ဖန်တီးတတ်ခြင်း၊ ထိုးထွင်းဖောက်ထွက်တတ်ခြင်းတွေကသာ ဘဝကို အောင်မြင်အောင်လုပ်ပေးနိုင်တယ် ဆိုတာလည်း ထည့်ပေးထားတယ်။

ဒီကားရဲ့ အနှစ်ကတော့ သားသမီးကို သူတို့ဝါသနာပါတာကို လုပ်ပါစေလို့ ပြောချင်တာပဲ။ ဝါသနာပါတာကို လုပ်ခွင့်ရခြင်းဟာ တစ်ဘဝလုံးအတွက်ဖြစ်တယ်လို့ ရိုးရိုးလေးပြတယ်။

ကျောင်းအုပ်ကြီး ဗိုင်းရပ်စ် နှုတ်ခမ်းမွှေး အရိတ်ခံလိုက်ရတယ်။ ရာဂျူးဆိုတဲ့ ကောင်လေး သူ့ကြောင့် သတ်သေ တယ်။ ဒါပေမဲ့ မသေဘူး။ မျှော်လင့်ချက်မဲ့စွာနဲ့ အင်တာဗျူးဖြေတယ်။ အဲဒီ အင်တာဗျူး ဖြေခန်းလေးကို အရမ်း သဘောကျတယ်။ လောကမှ အရိုးသားဆုံးဟာ အကောင်းဆုံးဆိုတာကို ဖော်ထုတ်ပြသွားနိုင်ခဲ့တယ်။

ဒီ 3 Idiots ရုပ်ရှင်ကားကို ရိုက်ကူးတာ ဒေါ်လာ ၉ သန်းကုန်တယ်။ ယနေ့အထိ ပြန်ရတာ ဒေါ်လာ ၈၈ သန်း ရှိပြီလို့ သိရတယ်။

ဘာမှ မဟုတ်ဘူး စိတ်ကူး ကောင်းကောင်းလေးနဲ့ ရိုက်ပြသွားနိုင်တာ။ ခေတ်နဲ့ စနစ်ရဲ့ မှားကွက်တွေကို ဟားကွက်တွေအဖြစ် ထောက်ပြနိုင်တဲ့ အိုင်ဒီယာ အရမ်းချီးကျူးစရာကောင်းတယ်။

သူတို့ဆီက ကောလိပ်ကျောင်းသားတွေဘဝကို အရမ်းသဘောကျမိတယ်။
ကောလိပ်ကျောင်းသားဆိုတာ ကန်ဘေးမှာထိုင်၊ ဘူးသီးကြော်စား၊ အအေးသောက်၊ ရည်းစားစကား လိုက်ပြော၊ လုံချည်တွေကျွတ်၊ ထဘီတွေကျွတ်၊ စာမသင်၊ အလေလိုက်ဆိုတဲ့ ခေါက်ရိုးကျိုး မြန်မာကောလိပ် ကျောင်းသားဘဝမျိုးတွေ မဟုတ်ဘူး။

စနစ်ကိုလှောင်၊ ခေတ်ကိုလှောင် ပညာသားပါပါ တင်ပြနိုင်စွမ်း ရှိတဲ့ 3 Idiots ရုပ်ရှင်ကို လေးစား အားကျမိ တယ်။ နောက်လည်း ကြုံတိုင်း ကြည့်မိဦးမှာပါပဲ။

တင်ညွန့်

photo: facebook

image