စက်ဘီး၊ ဆိုက်ကားတွေဆိုတာ ရှေးယခင်ကတည်းက လူသားတို့ သွားလာလှုပ်ရှားမှုမှာ အရေးပါတဲ့ သယ်ယူပို့ဆောင်ရေးယာဉ်တွေဖြစ်ပြီး ဒီကနေ့အထိ အသုံးပြုနေကြဆဲဖြစ်ပါတယ်။
ဒီကနေ့ခေတ်ကာလမှာတော့ ပုံမှန်အသုံးပြုနေကျအပြင် ဆန်းပြားတဲ့ဒီဇိုင်းပုံစံတွေ ဖန်တီးပြီး အသုံးပြုလာကြတာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့် ကမ္ဘာပေါ်က ဆန်းပြားတဲ့ စက်ဘီးတွေအကြောင်း တင်ပြချင်ပါတယ်။
၁။ ရေပေါ်စက်ဘီး
ဒီစက်ဘီးကို water bike အဖြစ်လည်း ခေါ်ဝေါ်ကြလေ့ရှိပါတယ်။ ရေပြင်ပေါ်မှာ သွားလာနိုင်တဲ့ စက်ဘီးဖြစ်ပြီး ရေပြင်ပေါ်ပေါ်နိုင်တဲ့လေအိတ်တွေနဲ့ ခုခံပြီး ပြုလုပ်ထားတာဖြစ်ပါတယ်။ ဒီစက်ဘီးဟာ ရေပြင်ပေါ်မှာ 10 mph နှုန်းနဲ့ ရွှေ့လျားမောင်းနှင်နိုင်ပြီး ပေါ့ပေါ့ပါးပါးနဲ့ မြန်မြန်ရွှေ့နိုင်အောင် မလိုတဲ့ပစ္စည်းတွေကို သယ်ဆောင်သွားခြင်းမပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဒီစက်ဘီးကို အမေရိကန်ပြည်ထောင်စုမှာ စမ်းသပ်မောင်းနှင်ကြလေ့ရှိပြီး ဟက်ဒ်ဆန်မြစ်နဲ့ ဆန်ဖရန်စစ္စကိုပင်လယ်တွေအတွင်း မောင်းနှင်ကြလေ့ရှိပါတယ်။
၂။ အမြင့်ဆုံးစက်ဘီး
ဒါကတော့ ကမ္ဘာ့အမြင့်ဆုံးစက်ဘီးဖြစ်ပါတယ်။ ၁၅ ပေခန့်မြင့်မားတဲ့ စက်ဘီးဖြစ်ပြီး အလေးချိန်ကတော့ ၂၇၅ ပေါင်ခန့်ရှိပါတယ်။ ဘီး ၂ ခုအကြားအကျယ်ကတော့ ၃၈ လက်မရှိပါတယ်။ တီထွင်သူတွေအနေနဲ့ ဒီစက်ဘီးကို ၄ ရက်ကြာဖန်တီးပြုလုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။ အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိ့စ်မှာ စက်ဘီးမောင်းနှင်ပြသမှုပြုလုပ်ခဲ့ပါသေးတယ်။
၃။ အရှည်ဆုံးစက်ဘီး
ဒါကတော့ နယ်သာလန်နိုင်ငံမှာ တီထွင်ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့အရှည်အဆုံးစက်ဘီးဖြစ်ပါတယ်။ အရှည် ၁၁၇ ပေ ၅ လက်မရှိပါတယ်။ ဘီး ၂ ဘီးပါရှိပြီး တည်ငြိမ်မှုတော့ အားနည်းပါတယ်။ လူ ၂ ယောက် စီးနင်းမောင်းနှင်နိုင်ပြီး ရှေ့ကမောင်းနှင်သူက နင်းရင် လက်ကိုင်ကို ကိုင်တွယ်ထိန်းကျောင်းရမှာဖြစ်ပါတယ်။
၎။ ချိုးခေါက်နိုင်တဲ့စက်ဘီး
ချိုးခေါက်ပြီးသယ်ဆောင်လို့ရတဲ့ စက်ဘီးအမျိုးအစားဖြစ်ပြီး အလေးချိန် ၁၄ ပေါင်ခန့်သာရှိပါတယ်။ ၈ လက်မခန့်ကျယ်တဲ့ ဘီးတွေ ပါဝင်ပြီး 15 mph နှုန်းနဲ့ မောင်းနှင်နိုင်ပါတယ်။ နောက်ပိုင်းမှာတော့ ဂီယာအမျိုးအစားအမျိုးမျိုးထည့်သွင်းဖို့လည်း ကြိုးစားဖန်တီးလာကြပါတယ်။
၅။ ပျံနိုင်တဲ့စက်ဘီး
ဒါကတော့ ဗြိတိန်တီထွင်သူတွေဖြစ်တဲ့ John Foden နဲ့ Yannick Read တို့က ပြုလုပ်ဖန်တီးခဲ့တဲ့ စက်ဘီးတွေဖြစ်ပါတယ်။ လေထုထဲပျံသန်းနိုင်ဖို့ လေပန်ကာဒလက်တွေ တပ်ဆင်ထားပြီး လေထုထဲမှာ 25 mph နှုန်းနဲ့ မောင်းနှင်နိုင်တယ်လို့ သိရပါတယ်။ ဘီး ၃ ဘီးတပ်ဆင်ထားပြီး အလူမီနီယမ်တွေအသုံးပြုကာ ပြုလုပ်ထားပါတယ်။ 249cc မော်တာတပ်ဆင်ထားပြီး စွမ်းအားမြင့် လေပန်ကာကိုလည်း တပ်ဆင်ထားပါတယ်။ ဒီစက်ဘီးဟာ လေထုထဲ ၃ နာရီကြာတည်ရှိမောင်းနှင်နိုင်တယ်လို့လည်း သိရပါတယ်။