အလုပ်​သမား​နေ့

Words
280
Reading
2 min
8y
Listen to this post
~2 min

May Day လို့ပြောလိုက်တာနဲ့ မေလ ၁ရက်နေ့မှာ ကျရောက်တဲ့ အလုပ်သမားနေ့ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက်ဖြစ်တယ်ဆိုတာ အလိုလိုသိကြပြီးသားပါ။

ဒါပေမယ့် May Day ကို အလုပ်သမားနေ့အဖြစ် မသတ်မှတ်ခင်ကတည်းက နိုင်ငံအတော်များများမှာ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားပြီး ကပွဲ၊ သီချင်းဆိုပွဲနဲ့ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပခဲ့ကြတာလည်းဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အလုပ်သမားနေ့အဖြစ် သတ်မှတ်လိုက်ပြီး အပြည်ပြည်ဆိုင်ရာ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ခဲ့ပါတယ်။

အလုပ်သမားနေ့လို့ မသတ်မှတ်ခင်ကတော့ May Day ကို Spring Fesitival လို့ လူသိများပြီး မြောက်ဝင်ရိုးစွန်းနိုင်ငံတွေမှာ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပကြတာဖြစ်ပါတယ်။ Maypole လို့ခေါ်တဲ့ ကပွဲတွေ ပျော်ပွဲရွှင်ပွဲတွေ နဲ့ ပျော်ရွှင်စရာ ပွဲတော်လေးတစ်ခုလည်းဖြစ်ပါတယ်။

ဒီပွဲတော်နဲ့ ကွဲပြားစွာပဲ အလုပ်သမားနေ့ရယ်လို့ ဖြစ်ပေါ်လာပုံကတော့ အလုပ်သမားတွေရဲ့ သွေးနဲ့ချွေးတွေ ရင်းပြီး ဖြစ်ပေါ်လာရတာပါ။ တနည်းအားဖြင့် ကမ္ဘာ့အလုပ်သမားထုကြီရဲ့ စည်းလုံးမှု၊ မဟုတ်မခံမှုနဲ့ ကိုယ်ပိုင်အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့မှုတွေကို ဖော်ထုတ်ပေးလိုက်နိုင်တဲ့နေ့ အဖြစ်လည်း ဂုဏ်ပြုထိုက်ပါတယ်။

မေဒေးနေ့ကို နိဒါးပျိုးခဲ့တာကတော့ ၁၉ရာစုဆန်းပိုင်းလောက်က ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ တနေ့ကို ၁၆နာရီကနေ နာရီ ၂၀ လောက်အထိ ပင်ပန်းကြီးစွာ လုပ်ကိုင်နေရပြီး လူနေမှုဘဝ၊ ကျန်းမာရေး စတာတွေ မပြည့်စုံတဲ့ အလုပ်သမားတွေရဲ့ အုံကြွခဲ့မှုကနေပဲ ဖြစ်ပါတယ်။ ဒီအခြေအနေတွေကို ဆက်လက်သည်းခံနိုင်ခြင်းမရှိတော့တဲ့ အလုပ်သမားတချို့ရဲ့ ခေါင်းဆောင်မှုနဲ့အတူ အလုပ်သမားတွေရဲ့ အခွင့်အရေးတောင်းဆိုမှုတွေကို အလုပ်ရှင်တွေဖက်က ညှိနှိုင်းမှုတွေ မရှိတဲ့အပြင် ဖိနှိပ်မှုတွေ ပိုမိုပြုလုပ်ခဲ့တဲ့နောက် အလုပ်သမားတွေရဲ့ တော်လှန်ရေးတိုက်ပွဲတွေ ပေါ်ထွက်လာပါတော့တယ်။

အမေရိကန်ကနေ အစပြုခဲ့တဲ့ အလုပ်သမားတွေရဲ့ တော်လှန်ရေးတိုက်ပွဲတွေဟာ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမဏီနဲ့ သြစတေးလျ နိုင်ငံတွေအထိပါ ပျံ့နှံ့သွားခဲ့ပြီး ကမ္ဘာအရပ်ရပ်မှာ အလုပ်သမားအုံကြွမှုကြီး ဖြစ်ပေါ်ခဲ့ပါတယ်။ အကြမ်းဖက်ဖြိုခွင်းမှုတွေ၊ အခက်အခဲတွေ အမျိုးမျိုးကြားက အလုပ်သမားတွေရဲ့ ကြိုးပမ်းမှုက အောင်မြင်ခဲ့ပါတယ်။ ၁၈၈၉ ခုနှစ်က ပါရီမြို့မှာ ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် အပြည်ပြည်ဆိုင်ရာ ဆိုရှယ်လစ်ညီလာခံမှာတော့ အလုပ်သမားတွေရဲ့ တောင်းဆိုမှုတွေကို လိုက်လျောခဲ့ပြီး အလုပ်သမားတော်လှန်ရေး စတင်ရာ မေလ၁ရက်နေ့ကိုပါ ကမ္ဘာ့အလုပ်သမားနေ့အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ ဒီနေ့ခေတ်မှာတော့ ကမ္ဘာ့နိုင်ငံအများစုအပြင် မြန်မာနိုင်ငံမှာလည်း အများပြည်သူ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပြီး အလုပ်သမားတွေကို ဂုဏ်ပြုနေကြပါပြီ။

အလုပ်​သမား​နေ့ | Ecency