မြန်မာ့စီးပွားရေး လတ်တလောအမြင်

Words
177
Reading
1 min
9y
Listen to this post
~1 min

myanmar eco.jpg

လက်ရှိမြန်မာ့စီးပွားရေးနယ်ပယ်တွင် စီးပွားရေးလုပ်ငန်းရှင်အချို့ဟာ ခေတ်ဟောင်းတုန်းကလို "တစ်ရာကျပ်ရင်းရင် တစ်ရာထပ်မက မြတ်ချင်ကြတယ်။" ဒီတော့ ဈေးကွက်စီးပွားရေးစနစ်ရဲ့ အစဉ်အလာမဟုတ်တဲ့ ဈေးကစားအမြတ်ရှာဖို့ အားထုတ်ကြတယ်။ မြေတွေဝယ်ထားပြီး မြေဈေး တက်အောင် လုပ်ကြတယ်။ ကားပါမစ်တွေရအောင်လုပ်ပြီး ချမ်းသာဖို့ လုပ်ကြတယ်။ ဒေါ်လာကို ဈေးကစားကြတယ်။ ဘယ်ဘောဂဗေဒ သီအိုရီနဲ့ပဲပြောပြော လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေး စနစ်ဆိုတာ ဒါမျိုးမဟုတ်ပါဘူး။ လက်ဝါးကြီးအုပ် အမြတ်ထုတ်မရတဲ့အခါ လက်ရှိစီးပွားရေး စနစ်ဟာ ပျက်တော့မှာပဲ စီးပွားရေးတွေကျဆင်းနေပြီလို့ ၀ိုင်းပြောကြတယ်။

"တကယ်တော့ စီးပွားရေးကို ပြဋ္ဌာန်းတာဟာ ထုတ်လုပ်သူတို့ရဲ့ ရောင်းအားနဲ့ စားသုံးသူများရဲ့ ၀ယ်လိုအားပဲဖြစ်ပါတယ်။"

ဒီရောင်းအားနဲ့ ၀ယ်အားကို ထိန်းချုပ်ပြီး အမြတ်ရဖို့ ကြိုးစားမှုဟာ "ထုတ်လုပ်သူကိုလည်း အကျိုးမပြုသလို စားသုံးသူကိုလည်း အကျိုးမပြုဘူး။" ဈေးကွက်အင်အားစုတွေကိုသာ လွတ်လပ်စွာ လှုပ်ရှားခွင့်ပြုရင် စီးပွားရေးဟာ တိုးတက်လာမှာအမှန်ပါပဲ။ ဘာကြောင့် စီးပွားရေး ကျသလဲဆိုရင် ခေတ်ဟောင်းကရှိခဲ့တဲ့ ထိန်းချုပ်ထားတဲ့ စီးပွားရေးစနစ် (Command Economy) ကနေ လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားနိုင်တဲ့ ဈေးကွက်စီးပွားရေးစနစ်ကို ပြောင်းနေလို့ပါပဲ။

သာမန်ပြည်သူတစ်ယောက်အနေနဲ့ရှုမြင်သုံးသပ်ရရင်တောင် နိုင်ငံ့စီးပွားရေးဆိုတာလည်း အိမ်တစ်အိမ်ရဲ့ စီးပွားရေးလည်ပတ်နေသလိုပါပဲ ရိုးရိုးလေး တွေးကြည့်ကြရအောင်။ မိသားစုဝင်တစ်ယောက်ဟာ ကိုယ့်မိသားစုထဲက ပိုက်ဆံတွေကို ဘတ်ပြီး ငါ့လက်ထဲပိုက်ဆံဒီလောက်ရှိတယ်ကွ ဆိုရုံနဲ့ အဲ့မိသားစုက ချမ်းသာသွားမှာ မဟုတ်ပါဘူး။ တခြားမိသားစုတွေဆီက ငွေတွေ ကိုယ့်အိမ်ထဲ ဘယ်လိုစီးဝင်လာအောင်လုပ်မလဲ ဆိုတာက စီးပွားရေး ပါပဲ။ ကျွန်တော်တို့နိုင်ငံရဲ့ဝင်ငွေအများစုဟာ သယံဇာတ ရောင်းတာကနေလာပါတယ်။ ဆိုတော့ ဒီသယံဇာတတွေကို တန်ဖိုးမြင့်ထုတ်ကုန်တွေအဖြစ်ပြောင်းလဲထုတ်လုပ်ပြီး တခြားနိုင်ငံတွေကို ဈေးကောင်းကောင်းနဲ့ရောင်းနိုင်ရင် နိုင်ငံခြားဝင်ငွေတွေစီးဝင်လာမယ်။ ကျွန်တော်တို့ဟာ တရုတ် ကိုးရီးယား ဂျပန်တို့လို့ ကော်ပိုရေးရှင်းတွေနဲ့ နိုင်ငံတကာကို စီးပွားဖြန့်ကျက်ဖို့အသာထား အိမ်နီးချင်းထိုင်းနိုင်ငံကဲ့သို့ တန်ဖိုးမြင့်ထုတ်ကုန်တွေထုတ်လုပ်ပြီး ရောင်းချနိုင်တဲ့ ထုတ်လုပ်မှုအင်အားစုတွေ၊ ဈေးကွက်တွေတောင် မရှိပါဘူး။ ဥပမာထိုင်းက သူ့နိုင်ငံရဲ့ ပင်လယ်ထွက် ပစ္စည်းတွေကို တန်ဖိုးမြင့်ထုတ်ကုန်တွေအဖြစ်ပြောင်းပြီး US, EU တွေထိ ဈေးကွက်ဖောက်နေချိန်မှာ ကျွန်တော်တို့နိုင်ငံရဲ့ ရေထွက်ပစ္စည်းတွေဟာ ပြည်ပနိုင်ငံကို တစ်ဆင့်နိမ့်ဈေးနဲ့ ကုန်ကြမ်း အစိမ်းလိုက်ကြီးသာ တင်ပို့နေနိုင်တဲ့ အခြေအနေသာ ဖြစ်လို့နေပါတယ်။ ထို့အပြင် ထိုနိုင်ငံများက ကျွန်တော်တို့နိုင်ငံရဲ့ ကုန်တွေကို မ၀ယ်ဘူးဆို ကျွန်တော်တို့မှာ ရောင်းစရာရှိလျက်နဲ့စီးပွား ပျက်ရပြန်ရော။ ကျွန်တော်တို့နိုင်ငံအနေနဲ့ စက်မှု၊ အီလက်ထရောနစ် အခြေခံထုတ်ကုန်တွေနဲ့ ဈေးကွက်ဖောက်နိုင်ဖို့ဆိုတာ တော်တော်အလှမ်းဝေးနေဆဲပါပဲ။ သို့သော် မြေသယံဇာတ၊ ရေသယံဇာတ များအပေါ်အခြေခံတဲ့ စိုက်ပျိုးရေးဆိုင်ရာ နယ်ပယ်မှာ အစိုးရက ဦးဆောင်လျက် နည်းပညာ အရင်းအနှီး ပြီးတော့ ဈေးကွက်ရရှိရေး ဦးစားပေးပြီး တွန်းတွန်းတိုက်တိုက်မားမားမတ်မတ် လုပ်ဆောင်သွားမယ်ဆိုရင် နိုင်ငံ့စီးပွားရေးကို မြင့်တင်လာနိုင်မှာပဲဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင် အစိုးရအနေနဲ့ ဈေးကွက်မရှာပေးနိုင်ဘူးဆိုရင် ပဲဈေးတွေကျသလိုမျိုး အဖြစ်မျိုးတွေနဲ့သာ ကြုံလာရမှာပဲဖြစ်ပါတယ်။

(ကြေးမုံသတင်းစာပါ စာရေးဆရာအောင်ထူးရဲ့ "အာဆီယံစီးပွားရေးအသိုက်အ၀န်းနှင့် CLMV နိုင်ငံများ" ဆောင်းပါးအချို့မှ အချက်အလက်အချို့ကို မှီငြမ်းကောက်နုတ်ပါသည်။)
shankhunsam@shankhunsam
MSC #124

မြန်မာ့စီးပွားရေး လတ်တလောအမြင် | Ecency