သစ်ပင်စိုက်ပါ

Words
251
Reading
2 min
8y
Listen to this post
~2 min

  ဆရာသမား တစ်ယောက် ပြောဖူးတာလေး တစ်ခုကို ယခု ချိန်ထိ စိတ်ထဲမှာ စွဲနေတုန်းပါပဲ။ အဲ့တာကတော့ " သစ်ပင်စိုက်ပါ" တဲ့။ သစ်ပင်စိုက်ဖို့ အတွက် အကောင်းဆုံး အချိန်ကတော့ လွန်ခဲ့တဲ့ နှစ် ၅၀ က ဖြစ်ပြီး ဒုတိယ အကောင်းဆုံး အချိန်ကတော့ ယနေ့ပါပဲ ဆိုတဲ့ စကားလေးကို အကြိုက်ဆုံးပါပဲ။ ကျွန်တော့် အနေနဲ့ သစ်ပင် စိုက်ရတာကို မြတ်နိုးတယ်။ သစ်ပင်လေးတွေ စိမ်းစိမ်း စိုစိုနဲ့ ကြီးထွားလာတာကို မြင်ရရင် ဘယ်လောက်တောင် ကြည်နူးဖို့ကောင်းလိုက်သလဲ။ မိမိကိုယ်တိုင် တယုတယ ပျိုးထောင်လာတဲ့ အပင်လေးဆိုရင် သာ၍တောင် ကြည်နူးဖို့ ကောင်းဦးမယ်။   

credit img  

ဟိုနေ့က ဒူရင်းသီး စားပြီးတော့ အစေ့ကို သေသေချာချာလေး မြေကြီးထဲမှာ စိုက်ခဲ့ပြီး နေ့တိုင်း ရေလောင်းပေးတာ ၂ ပတ် ၃ ပတ်တောင် ရှိပြီထင်တယ်။ စိတ်ထဲမှာ အစေ့လေး အပင်ပေါက်ပြီလားဆိုတာ သိချင်စိတ်က ပြင်းပြလာတာကြောင့် မြေကြီးကို အသာဆွပြီး ဖော်ကြည့်မိတယ်။ အမြစ်စို့လေး ပြူထွက်လာပြီး မြေဆီလွှာမှာ အမြစ်တွယ်ဖို့ ကြိုးပမ်းနေတာ မြင်ရတော့ စိတ်ထဲမှာ ငါပျိုးထားတဲ့ မျိုးစေ့လေး ရှင်သန်လာပြီ ဆိုတဲ့ ပီတိက အတိုင်းမသိ ကြည်နူးမိစေတယ်။ နှစ်ပရိစ္ဆေတ ကြာမြင့်လာလို့ အပင်ကြီး ကြီးထွားလာပြီး အသီးတွေသီး၊ ထိုအသီးလေးတွေကို ခူးစားလိုက်ရရင် ဆိုတဲ့ ဟိုးအနာဂတ်ကို လှမ်းပြီး ကြည်နူး ရတာကလည်း အမော။ ဘာပဲပြောပြော ယနေ့စားနေရတာတွေသည် အတိတ်က စိုက်ပျိုးခဲ့၊ ရင်းနှီး မြှပ်နှံခဲ့တာတွေရဲ့ ရလဒ်တွေပဲ ဖြစ်ပါတယ်။   

  မြန်မာ့ရေမြေဟာ စိုက်ပျိုးရေးနဲ့ သင့်တော်တဲ့ရေမြေပဲ ဖြစ်ပါတယ်။ ရှေးယခင်က သစ်တောကြီးတွေ အုပ်ဆိုင်းခဲ့သလောက် ယခုအချိန်မှာ ဝိသမလောဘသမားတွေ လက်ချက်နဲ့ မြန်မာ့ သစ်တောကြီးတွေလည်း ပြောင်းသလင်း ခါခဲ့ရပါပြီ။ သစ်တော သစ်ပင်တွေရဲ လူသားနဲ့ သဘာဝတရားကြီးကို မည်မျှ ကောင်းကျိုး ပြုနေတယ်ဆိုတာကို လူတိုင်းလည်း သိပြီးဖြစ်ပါတယ်။   

  မိမိဖျက်ဆီးခဲ့ရင် မိမိပြန်လည် ပြုပြင်ပေးရကောင်းမှန်း သိသင့်တယ်။ တရုတ်နိုင်ငံမှာ သူဌေးတစ်ယောက်ဟာ သူရဲ့ သတ္တုတွင်းတွေကြောင့် ပျက်စီးခဲ့ရတဲ့ တောတောင်သဘာဝ ပတ်ဝန်းကျင်ကို ပြန်လည် အကောင်းပကတိ ဖြစ်အောင် ငွေအားလူအား အချိန်အားနဲ့ ပြုပြင်ခဲ့တယ်ဆိုတဲ့ သတင်းလေးဖတ်ရတော့ ဒီလို လူတွေလည်း ရှိသေးပါတယ်လို့ အားတက်မိတယ်။   

  ကျွန်တော် သစ်ပင် စိုက်ရတာ ဝါသနာပါတယ်။ အိမ်ခြံကွက်မှာ မြေလွတ်သိပ်မရှိပေမယ့် နောင်များကျရင် ခြံကွက်ဝယ်ပြီး နှစ်ရှည်ပင်၊ သီးပင်စားပင်တွေ စိုက်ဦးမယ်လို့ ရည်မှန်းထားတယ်။ ကျွန်တော့် ဆရာသမား တစ်ယောက်ဆို ကျွန်းပင်တွေကို စီးပွားဖြစ်စိုက်နေတာ။ ဒီလိုနည်းနဲ့ စီးပွားရေးလုပ်တာ ကုသိုလ်လည်းရ၊ ဝမ်းလည်းဝလို့ ကျွန်တော်မြင်တယ်။   

  သစ်ပင်ကြီးတွေက သက်တမ်းအလွန်ကြာလာတဲ့အခါ ကာဗွန်စုပ်ယူမှု လျှော့နည်းသွားပါသတဲ့။ ခုတ်သင့်တာ ခုတ်ပြီး အသုံးပြုသလိုပဲ ရှင်အောင် အစားထိုး ပြန်စိုက်သင့်တာတွေကို ပြန်စိုက်ရပါမယ်။ စားပြီး နားမလည် လုပ်လို့မရပါဘူး။ ကျွန်းတစ်ပင်ခုတ်ခဲ့ရင် သုံးပင် ပြန်ရှင်အောင် ပြန်စိုက်ရမယ်။ သဘောကို ပြောတာပါ။  

  သစ်ပင်တွေရဲ့ အရိပ်အာဝါသက ဘယ်လောက်တောင် အေးမြသလဲဆိုတာ နွေရောက်ရင် မိတ်ဆွေတို့လည်း သိကြမှာပါ။ အဲကွန်းခန်းထဲ နေနေရတာထက်စာရင် အေးမြတဲ့ သစ်ရိပ်ဝါးရိပ်အောက်မှာ ထိုင်ပြီး လေညှင်းခံလိုက်ရတာကိုက အလွန်ကောင်းလှတဲ့ နွေစည်းစိမ်တစ်မျိုးပါ။  

  ကျွန်တော်ဆို လွန်ခဲ့တဲ့ လေးငါးနှစ်က အိမ်ခြံနောက်ဖေးမှာ မန်ကျည်းပင်ကြီးသုံးပင်ရှိတယ်။ အရိပ်အာဝါသ ကောင်းလိုက်တာ မပြောပါနဲ့တော။ သို့ပေမယ့်လည်း အပင်က အလွန်တရာကြီးထွားလာတာက တစ်ကြောင်း၊ အိမ်နဲ့ လေနဲ့ မိုးနဲ့ဆို အန္တရာယ်များတာကတစ်ကြောင်း တို့ကြောင့်သာ ခုတ်လိုက်ရတယ်။ အတော် နှမြောတယ်။ တော်တော့်ကို စိတ်တောင် မကောင်းဖြစ်ခဲ့ရတယ်။   

  ဘာပဲပြောပြော မိမိမှာ ခြံကွက်မြေလွတ်ရှိခဲ့ရင် ပတ်ဝန်းကျင်ကိုလည်း အကျိုးပြုမယ့် သစ်ပင်စိုက်ပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါရစေ။  

  Author @shankhunsam

သစ်ပင်စိုက်ပါ | Ecency