ပန်းများလန်းပါစေ

Words
152
Reading
1 min
8y
Listen to this post
~1 min

  မိုးကဖြိုင်ဖြိုင်ကျနေပြီ  ...

  ခေါင်းလောင်းသံ တညံညံ ပေးလို့ရယ် ဇွန်လ ၁ ရက်နေ့က စလို့ မြန်မာနိုင်ငံမှာ အခြေခံပညာ ကျောင်းများ၏ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် စတင်လေပြီ။ အဖြူအစိမ်းဝတ် နိုင်ငံတော်ရဲ့ အနာဂတ် သားကောင်းများသည် ကျောင်းတော်ကြီးထဲသို့ လာရောက်လျက် ပညာများ သင်ယူလျက်ရှိကြလေပြီ။  

  ငယ်စဉ်က ကျောင်းသွားရမယ်ဆို ကျွန်တော်အလွန် ပျော်တတ်ခဲ့သည်။ သူငယ်ချင်း အပေါင်းအသင်း များနဲ့လည်း တွေ့ရမည်။ ဆော့ကစားရမည်။ ကျောင်းသားဘဝ ငယ်စဉ်က အလွန်ပင် ပျော်ရွှင်ဖွယ်ကောင်းပြီး အေးချမ်းသာယာသော ဘဝလေးပင်တည်း။ သို့သော် မြန်မာနိုင်ငံရှိ ကလေးတိုင်းသည် ကျွန်တော့်ကဲ့သို့ ပျော်ရွှင်ဖွယ်ဘဝကြီး ဖြစ်လိမ့်မည်တော့မဟုတ်။   

  အချို့မိဘများသည် ငွေကြေးမချမ်းသာကြ။ ဘဝက မဖူလုံတော့ သားသားမီးမီးတို့ကိုလည်း အေးချမ်းသာယာတဲ့ ဘဝမှာ အပြည့်အဝ ထားနိုင်ချင်မှ ထားနိုင်ကြမည်။ ထို့သူတို့၏ ကလေးများမှာ တချို့သည် ကျောင်းအလွန် တက်ချင်သော်လည်း မတက်ရ။ တစ်ဝမ်းတစ်ခါး စီးပွားအတွက် မိဘကို ကူကောင်း ကူနေရပေလိမ့်မည်။ သို့သော် တချို့သော ကလေးများမှာမူ မိဘက ပြည့်စုံစွာ ထားနိုင်သော်လည်း ကလေးကိုယ်တိုင်ကမူ ဆိုးသွမ်းနေတဲ့ သူတွေလည်း တစ်ပုံကြီးပင်။ ထိုကလေးများမှာလည်း တစ်နည်းတစ်ဖုံ သနားဖွယ် ကောင်းပေစွဟု တွေးမိပေသည်။   

  မိမိတို့ ကျောင်းတက်တုန်းက မိုးရွာရင် ထီးဆောင်း၊ မိုးကာဝတ်၍ ကျောင်းသို့ မိုးမစို ကျောင်းမဝေး သွားတက်ရပေမယ့် တချို့ကလေးများမှာမူ ကျောင်းရောက်အောင်ပင် မြစ်တစ်တန် ကုန်းတစ်ကြောင်း ဝေးလံစွာ သွားရပေသည်။ ပင်ပန်းဆင်းရဲပေစွ။ ယခုလို့ လေထန် မိုးသည်း ရာသီဥတုကြီးမှာ ရေလမ်းခရီး မတော်တဆ ဝမ်းနည်းကြေကွဲဖွယ် ဖြစ်ရပ်များလည်း ကြားနေရသည်။ လွန်စွာ ဝမ်းနည်းဖွယ်ကောင်းလှပေသည်။ ဆရာ၊ ဆရာမများသည်လည်း တချို့ဆို လမ်းမရှိသော ခရောင်းလမ်းကိုပင် ပင်ပန်း ဆင်းရဲစွာ သွားရောက် ပညာသင်ကြား တာဝန်ထမ်းဆောင်နေကြရသော ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများအတွက်လည်း လွန်စွာ ကရုဏာသက်မိပေသည်။  

  မိမိနိုင်ငံ၏ အနာဂတ် အသက်သည် ပညာရေးပင် ဖြစ်ကြောင်း လူတိုင်း သိနားလည်ပြီး ဖြစ်ကြပေလိမ့်မည်။ ကျောင်းတော်ကြီး၏ ပညာပန်းခင်းထဲတွင် ပန်းတိုင်းပွင့်၍ မနွမ်းကြေဘဲ လန်းဆန်းဝေဆာ ကြစေကြောင်းကိုသာ ဆုတောင်းမိပါတော့သည်။  

  Thanks for your upvote, comment and resteem  

  @shankhunsam  

ပန်းများလန်းပါစေ | Ecency