ကျွန်တော်နှင့်စာအုပ်စာပေ (၁)

Words
256
Reading
2 min
8y
Listen to this post
~2 min


စာဂျပိုးလေးကျွန်တော်

ငယ်စဉ်ကပင် စာအုပ်စာပေနှင့်အကျွမ်းဝင်ခဲ့သည့် ကျွန်တော့်အဖို့ စာပေရေးသားခြင်း ဆိုသည့် ပိုးသည်လည်း မသိမသာစွဲကပ်ခဲ့ပေသည်။ ပြန်ပြောင်းပြောရရင် အထက်တန်း ကျောင်းသားဘဝကဖြစ်သည်။ ကျွန်တော့်ပတ်ဝန်းကျင်ရှိ သူငယ်ချင်းအပေါင်းအသင်းများစွာတွင် ယောက်ျားလေးများသည် စော်ပိုးရင်း ဘောလုံးကန်ရင်း ခိုက်ရန်ဖြစ်ပွားခြင်းတွင်သာအချိန်ကုန်နေခိုက် ကျွန်တော်သည်ကား (အမှန်အတိုင်းပြောရရင်ဘောလုံးကန်သည်ကို အလွန်နှစ်သက်ပါသည်) ကျောင်းစာကြည့်တိုက်ကိုသွားလိုက်၊ အပြင်စာအုပ်အငှားဆိုင်များဆီသို့ ခြေဦးလှည့်လိုက်ဖြင့် အချိန်ကုန်လေ့ရှိသည်။ ရသမျှမုန့်ဖိုးသည်လည်း စာအုပ်ငှားရင်းဖြင့်သာ ကုန်ရလေ့ရှိသည်။ ထိုအချိန်က စာအုပ်တစ်ရက်ငှားခသည် ကျပ်နှစ်ရာဝန်းကျင်ခန့်ရှိပေသည်။ စာအုပ်ဆိုလျှင်အသည်းစွဲ မက်မက်စက်စက်ဖတ်လေ့ရှိသည်။ ထိုအချိန်ကလည်း ယခုခေတ်လို ဖုန်းတွေမှာ Facebook ပွတ်နိုင်ဖို့အသာထား၊ အင်တာနက်ဆိုင်ဆိုသည်မှာလည်း ဘယ်ဆီဘယ်ဝယ်မသိ၊ ဖုန်းဆိုသည်မှာလည်း ခြောက်သိန်း ဆယ်သိန်းကျော် ပေးပြီး Keypad ဖုန်းလေးတွေသာ ခါးမှာချိတ်နိုင်ရင် ဘောစိခေတ်ကိုး။ ထို့ကြောင့် ကျွန်တော်တို့အတွက်မူ လစဉ်ထုတ်မဂ္ဂဇင်းများ၊ ဂျာနယ်စာစောင်များမှာ အကောင်းဆုံး အဖော်မွန်ဖြစ်နေပေတော့သည်။ ကျွန်တော်စာဖတ်သည်။ သို့သော် တချို့သောသူများကဲ့သို့ သိုင်းဝတ္ထု၊ အချစ်ဝတ္ထုများ ဖတ်သည်မဟုတ်။ ကမ္ဘာ့မှာ ထွက်ရှိသမျှအကောင်းဆုံးဆိုသော နိုင်ငံတကာဝတ္ထုတို/ရှည် ဘာသာပြန်ကြီးများ၊ နိုင်ငံ့ကျော်စာရေးဆရာကြီးများ၏ ဝတ္ထုကြီးများကိုသာ အဓိကထား ဖတ်ပေသည်။ ဘာသာပြန်စာအုပ်များထဲကဆိုလျှင် ကျွန်တော်အကြိုက်ဆုံးတွေထဲမှာ အားနက်စ်ဟဲမင်းဝေးလ်ရဲ့ The Old Man and The Sea (ပင်လယ်ပြာနှင့်တံငါအို)...

 နောက်ပြီး Moby Dick (မိုဘီဒစ်)- အဲ့ဒီဝတ္ထုက ဝေလငါးဖမ်းသဘောင်္သားတွေအကြောင်းကို ရေးထားတာဗျ။ ဖတ်လို့ကလည်းအလွန်ကောင်းပြီး မိမိကိုယ်တိုင်တောင် သဘောင်္သားဖြစ်ချင်စိတ် ပေါက်ခဲ့ဖူးပေသည်။ In the Heart of The Sea ဆိုတဲ့ Thor မင်းသားပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားပေါ့။ ကြည့်ဖူးကြမယ် ထင်ပါတယ်။ ကျွန်တော်က ဝတ္ထုဖတ်ဖူးလို့လားတော့မသိဘူး ရုပ်ရှင်ကတော့ ဝတ္ထုထဲကအကြောင်းအရာနဲ့ တော်တော်လေးကွာခြားတယ်။ ပြောရမယ်ဆို ဝတ္ထုက ပိုမိုက်တယ်လို့ ညွှန်းချင်ပါတယ်။  

ဂျပိုးကနေ သူခိုးဖြစ်သွားသည့်အခိုက်  

  စာအုပ်တွေနဲ့ပတ်သက်ပြီး မှတ်မှတ်ရရပြောစရာလေးတစ်ခုတော့ရှိတယ်။ တကယ်ပါပဲ ဘဝမှာ ပြောရရင် ရှက်စရာတော့နည်းနည်းကောင်းသားဗျ။ သူများတွေလို စာဂျပိုး မဟုတ်ဘဲ စာအုပ်သူခိုး ဖြစ်ခဲ့တဲ့အခိုက်အတန့်လေးပေါ့။ ကျွန်တော်စာအုပ်ငှားနေကျ ဆိုင်တစ်ဆိုင်ရှိတယ်ဗျ။ အဲ့ဆိုင်မှာ စာအုပ်တွေတော်တော်စုံတယ်။ မဂ္ဂဇင်း၊ ဝတ္ထု စသဖြင့်စာအုပ် အသစ်အဟောင်းစုံလို့ဗျ။ သွားရည်ကျစရာကြီးပေါ့။ တစ်နေ့ကျတော့ ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ "သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်" ဆိုတဲ့ ဝတ္ထုကို မရမကဖတ်ချင်လို့လိုက်ရှာပါရော။ ကံကောင်းချင်တော့ ငှားနေကျစာအုပ်ဆိုင်ရာ တွေ့ပါလေရော။ ကျွန်တော်လည်း အပိုင်ဝယ်သိမ်းချင်တာနဲ့ ဈေးမေးကြည့်တယ်။ အံမယ် ဒင်းတို့က မရောင်းဘူးတဲ့။ စာအုပ်ကတော့ ဟောင်းနေပါပြီ။ သို့ပေမယ့် နားမလည်နိုင်ဘူးဗျာ။ သူတို့လည်း ဖတ်တာမဟုတ်ဘဲနဲ့ ဝယ်သူချင်သူရှိပါလျက် ကြည်ကြည်ဖြူဖြူမရောင်းတာ ဘာလို့လဲဗျာ။ (ကျွန်တော်ရန်ကုန်မှာနေတဲ့အခိုက် စာအုပ်အဟောင်းတန်းတွေ အတော်များများ ခြေဦးလှည့်ပြီး ရှာခဲ့တဲ့အခိုက် အဲ့ဒီလို ဝတ္ထုစာအုပ်အဟောင်းတွေရဲ့ဈေးကလည်း မသေးဘူးဗျာ။) ဝယ်လို့ မရတဲ့အဆုံးမှာတော့ အကြံကုန် ဂဠုန်ဆားချက် ရတော့တာပေါ့။ ကျွန်တော့အကျင့်တစ်ခုကလည်း ကျွန်တော်ကြိုက်တဲ့စာအုပ်ဆိုရင် အပိုင်ဝယ်သိမ်းပြီးမှ ဖတ်ချင်တဲ့ အကျင့်ကလည်း ရှိသေးသည်။ အဲ့တာကြောင့်လည်း Gone With The Wind (လေးရူးသုန်သုန်) စာအုပ်အတွဲလိုက်ကိုလည်း မရှိမဲ့ရှိမဲ့မုန့်ဖိုးလေးစုဆောင်းပြီး ဝယ်ဖတ်ဖြစ်ခဲ့ပေသည်။ ယင်းဝတ္ထုကိုလည်း ကျွန်တော်အလွန်ကြိုက်သည်။ နောက်မှ အဲ့ဒီဝတ္ထုနဲ့ပတ်သက်ပြီးရေးပါဦးမည်။  

တစ်နေ့မှာ ဆိုင်မှာလူလစ်တုန်း စာအုပ်ကိုယူ ဝတ်လာတဲ့အင်္ကျီပွပွထဲထည့်ပြီး ချားကနဲပြန်အလှည့် ဆိုင်ရှင်က "ကောင်လေး … နေဦး … မင်းအင်္ကျီထဲကဟာထုတ်စမ်းတဲ့" ခေါင်းကိုမိုးကြိုးပစ်လိုက်သလို ခံစားလိုက်ရပြီး ရင်ဘတ်ထဲမှာ ကုလားဘုရားလှည့်သလို ဒိန်းတတ်တတ်တွေ ဖြစ်ကုန်တော့တာပဲ။ သူခိုးလူမိပြီလေ။ မတတ်နိုင်ဘူး စာအုပ်ကို ပြန်ထုတ်ပေးပြီးပေမယ့် ဆိုင်ရှင်ကမကျေနပ် ကျွန်တော်မှာပါလာတဲ့ ပိုက်ဆံတွေအကုန် ယူပြီး ဘာတွေအမနာပဆဲဆိုနေလည်းဆိုတာ ကျွန်တော်လည်း နားမထောင်ဝံ့လောက်အောင် မျက်နှာကြီးနီးမြန်းသွားတော့တာပဲ။ မတတ်နိုင်ဘူး စီးလာတဲ့ဂျပန်စက်ဘီးလေးကို သုတ်ခြေတင်အမြန်နင်းပြီးလစ်ရတော့တာပါပဲဗျာ။ နောက်ပိုင်း အဲ့ဒီစာအုပ်အငှားဆိုင်ရှိတဲ့လမ်းဘက်ဆိုရင် ဘာအကြောင်းကြောင့်မှ ခြေဦးတောင်မလှည့်ရဲတော့လောက်အောင်ပါပဲ။ သွားစရာရှိရင်လည်း အဲ့ဒီစာအုပ်အငှားဆိုင် ရှိတဲ့လမ်းကို ရှောင်ကွင်းပြီးသွားရတဲ့အထိ မောင်မင်းကြီးသား ကျွန်တော် စာသူခိုး အဲလေ စာဂျပိုးရဲ့ဖြစ်အင်ပါပဲဗျာ။ အဲ့လိုသူခိုးလူမိဖြစ်ပြီး အဲ့ဒီစာအုပ်ဆိုင်ဘက်မသွားဖြစ်တော့တာဆိုရင် အဲ့ဒီမြို့ကနေ ကျွန်တော်ပြောင်းလာတဲ့ အချိန်ထိပဲဆိုပါတော့ဗျာ။ ခုချိန်ပြန်ပြောင်းစဉ်းစားမိရင် ဝါသနာအတွက် ငိုအားထက်ရယ်အားသန်စရာ အဖြစ်အပျက်လေးလို့ပဲ မှတ်မှတ်ရရဖြစ်နေမိပါတော့တယ်။ အဲ့ဒီအဖြစ်အပျက်လေးကြောင့် ယခုအချိန်ထိ "သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်" ဆိုတဲ့ဝတ္ထုကို မဖတ်ပဲထားဖြစ်ခဲ့တာပဲဖြစ်ပါတော့တယ်။ 

Thanks for Reading. 

Created By @shankhunsam