နိုင်ငံ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဆက်သွယ် ဆက်ဆံဖို့ရာ နိုင်ငံခြားရေး ဝန်ကြီးဌာဆိုပြီး ထားရှိကြသည်။ နိုင်ငံတိုင်းမှာ ပြည်ပနှင့် မည်ကဲ့သို့ ဆက်ဆံမည်ဆိုသည့် မူဝါဒအမျိုးမျိုးရှိကြသည်။ ဘက်မလိုက်မူဝါဒ၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူဝါဒမျိုး၊ အချို့နိုင်ငံများကျတော့လည်း အခြားနိုင်ငံတွေအပေါ် နိုင်ထက်စီးနင်း ဗိုလ်ကျစိုးမိုးလိုသည့် ရန်လိုသော မူဝါဒများ ရှိကြပေသည်။
ထို့နည်းတူစွာပင် လူသား ကျွန်တော်တို့တွင်လည်း မိမိ၏ ပြင်ပဖြစ်တဲ့ အခြားသူများနှင့် ဆက်ဆံရာမှာ မူဝါဒလေးတွေ ထားတတ်ကြသည်။ ပါးရိုက်ရင်း နားကိုက် ဆိုသည့် မူဝါဒမျိုး၊ အချို့ မိဘများဆိုလျှင် သားသမီးကို မိမိကိုတစ်ချက်ထိုးလျှင် ထိုသူကို လေးငါးချက်ပြန်ထိုးဟု သွန်သင်ကြသည်။ အချို့ကျပြန်တော့လည်း ရန်ဖြစ်ခြင်းမျိုးကို ရှောင်ရန် အမျိုးမျိုး သွန်သင်ကြသည်။
ချစ်ရသူထက် မုန်းရသူကို မေ့ရန်မလွယ်ကူသည်ကတော့ အမှန်ပင်။
တစ်ချိန်က မည်မျှ ခင်မင်ရင်းနှီးပါသည် ချစ်ပါသည်ဆိုသည့် မိတ်ဆွေအချင်းချင်းတောင် မတွေ့မမြင်တာ နှစ်ပေါင်းပရိစ္ဆေတ ကြာလျှင် မေ့မေ့ပျောက်ပျောက် ဖြစ်သွားကြသည်။ မျက်နှာမြင်လျှင် တန်းမှတ်မိသည် ဆိုဦးတော့ … နာမည်ဖြစ်ဖြစ် မေ့မေ့ပျောက်ပျောက် ဖြစ်သွားတတ်ကြပေသည်။
သို့ပေမယ့် အလွန်တရာ နာကြည်း မုန်းတီးသူကိုတော့ ဘယ်လောက်ကြာကြာ မမေ့တတ်ကြပေ။
တကယ်တော့ မုန်းတီးရတာ အလွန်တရာ ပင်ပန်းလှပါသည်။ ဒါကြောင့်မို့ ဥပေက္ခာ တရား လက်ကိုင်ထားလိုက်လျှင် အတော်ပင် ရင်ပေါ့သွားပေမည်။
မိမိအား နောက်ကျောဓားနဲ့ ထိုးသူကိုတော့ နောက်တစ်ခါ ဘယ်တော့မှ မဆက်ဆံတာ အကောင်းဆုံးပါပဲ။