Myanmar lottery

Words
140
Reading
1 min
Listen
Play
9y

သီပေါမင်း လက်ထက်က စတင်ခဲ့တဲ့ မြန်မာ့ထီ

အောင်ဘာလေလို့ ပြောလိုက်တာနဲ့ ထီလက်မှတ်တွေကို ပြေးမြင်မိကြမှာပါ။

စင်စစ်အားဖြင့် အောင်ဘာလေထီဆိုတာ မြန်မာနိုင်ငံမှာလစဉ်ဖွင့်လှစ်ပေးနေတဲ့ တရားဝင်ထီအစီအစဉ်ဖြစ်ပြီး စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ ပြည်တွင်းအခွန်များဦးစီးဌာနက လစဉ်ဖွင့်လှစ်ပေးနေတာဖြစ်ပါတယ်။
image

ထီဆိုတဲ့အခေါ်အဝေါ်နဲ့ ထီလက်မှတ်တွေ ရောင်းချတဲ့ အလေ့အထဟာ သီပေါမင်းလက်ထက်မှာ ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး အရင်ကတော့ ထီနဲ့အလားတူတဲ့ မဲချတဲ့စနစ်မျိုးတွေ ပေါ်ပေါက်ခဲ့တယ်လို့ ဆိုပါတယ်။ သီပေါမင်းလက်ထက်မှာတော့ ဗြိသိသျှတွေ အုပ်စိုးထားတဲ့ အောက်မြန်မာနိုင်ငံမှာ ထီဖွင့်မှုခေတ်စားပြီး မန္တလေးနေပြည်တော်မှာလည်း ၃၆ ကောင်ထီ ပေါ်ပေါက်နေတဲ့အတွက် အခွန်တော်တိုးစေဖို့နဲ့ အများအကျိုးရှိစေဖို့ ရည်ရွယ်ပြီး ထီရုံတွေ ဖွင့်လှစ်စေခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း ခိုးသားဓားပြတွေ ဆူပူသောင်းကျန်းလာခြင်း၊ ဆင်းရဲသားတွေအတွက် အကျိုးပြုမှု နည်းပါးတဲ့အတွက် နောက်ပိုင်းမှာ ထီရုံတွေကို ပြန်ပိတ်စေခဲ့တယ်လို့ သိရပါတယ်။ သီပေါမင်းလက်ထက် ထီဖွင့်ပုံကတော့ အင်္ဂလိပ်တို့ရဲ့ ထီစနစ်နဲ့ အနည်းငယ်ကွာခြားပါတယ်။ နေ့စဉ်ဖွင့်တဲ့ထီနဲ့ လစဉ်ဖွင့်တဲ့ထီဆိုပြီး ၂ မျိုးခွဲခြားထားကာ နေ့စဉ်ဖွင့်တဲ့ထီကို မွန်းတည့်ချိန်မှာ ဖွင့်လှစ်လေ့ရှိပါတယ်။ ထီလက်မှတ်တစ်စောင်ရဲ့ တန်ဖိုးက တစ်ပဲဖြစ်ပြီး တစ်ဆလျှင်၄၈ ဆ ပေးလျှော်ကြတယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာတော့ ဆိုးကျိုးတွေ များလာတဲ့အတွက် ထီရုံတွေကို ပိတ်သိမ်းခဲ့ပြီး ၁၉၃၈ ခုနှစ်မှာမှ မြန်မာပြည်အစိုးရ ထီအုပ်ချုပ်ရေးအရာရှိရုံးကို တည်ထောင်ခဲ့တယ်လို့ ဆိုပါတယ်။ ဂျပန်ခေတ်မှာတော့ ဗမာနိုင်ငံတော်အစိုးရ၊ အောင်မင်္ဂလာသိန်းဆုတော်ရုံလို့ ခေါ်တွင်သတ်မှတ်ခဲ့ပြီး ၁၉၄၅ ခုနှစ်မှာတော့ အစိုးရသိန်းထီဌာနအဖြစ် ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။
image

လွတ်လပ်ရေးရပြီးချိန်မှာတော့ အစိုးရသိန်းထီဌာနကို အောင်ဘာလေသိန်းဆုဌာနခွဲအဖြစ် ပြောင်းလဲခေါ်တွင်စေခဲ့ပါတယ်။ ၁၉၃၈ ခုနှစ် ထီလက်မှတ်တွေ စတင်ရောင်းချချိန်မှာ ထီတစ်စောင် ၂ ကျပ်နှုန်းဖြစ်ပြီး အမြင့်ဆုံးချီးမြှင့်တဲ့ဆုက ကျပ်တစ်သိန်းဖြစ်ပါတယ်။ ဒါကြောင့်လည်း သိန်းထီဆုကြီး၊ သိန်းထီဖွင့်ပွဲ စသဖြင့် ခေါ်ဝေါ်ကြတာဖြစ်တယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာတော့ ၅ ကျပ်တန်၊ ၁၀ ကျပ်တန်၊ ၅၀ ကျပ်တန်၊ ၁၀၀ ကျပ်တန်ကနေ ၂၀၀ ကျပ်တန်၊ ၅၀၀ ကျပ်တန်တို့အထိ အဆင့်ဆင့်ပြောင်းလဲဖွင့်လှစ်ခဲ့ပါတယ်။ ဆုကြေးတွေကိုလည်း တဖြည်းဖြည်းတိုးမြှင့်ခဲ့ပြီး သိန်း ၃၀၀၊ သိန်း ၅၀၀၊ သိန်း ၁၅၀၀ တို့ကနေ သိန်း ၁၀၀၀၀ အထိ တိုးမြှင့်သတ်မှတ်ခဲ့ကြပါတယ်။

Ref : wikipedia

Credit-google photo