ရောဂါ

Words
138
Reading
1 min
Listen
Play
8y

ဆွမ်းခံအိမ် ဆယ်အိမ်ရှိတဲ့အနက်မှာ တစ်အိမ်ကတော့ မထူးသော်လည်း ဆန်းသလိုခံစားရပါသည်။

ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေမှာ များသောအားဖြင့် ရဟန်းသံဃာတွေကို ဆွမ်းလောင်းလှူတဲ့အခါ လူကြီးသူမတွေက လောင်းလှူကြတာများပါတယ်။

ကလေးငယ်တွေကို ဘာသာတရားနဲ့ ရင်းနှီးခွင့်ရှိစေရန်၎င်း၊မိမိတို့ မအားလပ်တဲ့အခါမျိုးမှာသော်၎င်း လောင်းလှူခိုင်းကြသည်တော့ ရှိပါတယ်။

ဒါပေမယ့် အများစုကတော့ လူကြီး၊အမျိုးသမီးများကသာ ပိုမိုပြုမူကြသည်ကို တွေ့နေရပါတယ်။

ယခုမထူးသော်လည်း ဆန်းသလိုဖြစ်နေတဲ့ ဆွမ်းခံအိမ်၌ မိဘများ အကိုအမများက ဆွမ်းလောင်းဖို့ ကို စိတ်မဝင်စား။ အငယ်ဆုံး ၁၅.၁၆နှစ်အရွယ် ညီငယ်တစ်ယောက် အမြဲလောင်းလှူနေတော့ ဆန်းသလိုဖြစ်မိတယ်။

အခြားအိမ်သားတွေ ဘယ်လောက်ရှိရှိ မိမိကြွရင် ထိုညီငယ်မှာ သူ့အသိနဲ့လည်း လောင်းတယ်။ကျန်တဲ့သူများကလည်း ဆွမ်းခံကြွရင် သူ့ နာမည်သာခေါ်ပြီး လောင်းခိုင်းတာတွေ့ရတယ်။

ဆွမ်းလောင်းပြီးတဲ့အခါမှာလည်း တရိုတသေနဲ့ ရှိခိုးဦးချတာတွေ့ရတယ်။အကြောင်းကိစ္စကြောင့် ဆွမ်းခံပိတ်ဖို့ ပြောရတဲ့အခါမျိုးမှာလည်း ရည်ရည်မွန်မွန်ပြောဆိုဆက်ဆံတယ်။

ယောကျာင်္းလေးလူငယ်တစ်ယောက်လည်း ဖြစ်၊ဘာသာတရားပေါ်မှာ ရိုသေကိုင်းရိုင်းတာကိုတွေ့ရတော့ ဝမ်းသာပီတိဖြစ်မိသလို သူ့ကိုကြည့်ရင်း ရတနာသုံးပါးအပေါ်မှာ သဒ္ဓါတရားရှိသူလို့လည်း သုံးသပ်မိတယ်။

သဒ္ဓါနဲ့ပတ်သက်လို့ ဝိနည်းမဟာဝါမှာ ဖတ်ဖူးတာလေးတစ်ခုရှိပါတယ်။

မြတ်စွာဘုရားဟာ ဝေနေယျတစ်ဦးတယောက်ကို တရားဟောဖို့ ဆိုရင် ဦးစွာအချက်ငါးချက်ကို ကြည့်လေ့ရှိသတဲ့။

ဘာတွေလဲဆိုရင် -
၁. ခိုင်ခံသောစိတ်ရှိရမယ်။
၂. မာန်မာနကင်းစင်ပြီးတော့ နူးညံ့တဲ့ စိတ်ရှိရမယ်။
၃. နီဝရဏတရားတွေကလည်းကင်းစင်နေတဲ့စိတ်ရှိရမယ်။
၎. တက်ကြွတဲ့စိတ်လည်း ရှိရမယ်။
၅. ကြည်လင်တဲ့စိတ်လည်းရှိရမယ် ။

အဲဒီအချက်ငါးချက်ကို ကြည့်လေ့ရှိသတဲ့။

ထူးခြားတာက တောင်မြို့မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက ခိုင်ခံသောစိတ်ရှိရမယ် ဆိုတာကို ဘာသာဋီကာမှာ "အသဒ္ဓိယ စသည့်ရောဂါ ကင်းစင်ကွာသဖြင့် ကျန်းမာသော စိတ်ရှိရာအခါ "လို့  စကားလုံးလှလှလေးပြန်ဆိုတော်မူတယ်။

ယုံကြည်မှုသဒ္ဓါတရားမရှိတာကို ရောဂါနဲ့ခိုင်းနှိုင်းပြီး သဒ္ဓါတရားမရှိတဲ့ရောဂါကင်းစင်တဲ့ အခါမျိုးဆိုတဲ့အဓိပ္ပါယ်ပါ။

သဒ္ဓါတရားမရှိတဲ့ ရောဂါတဲ့။ထူးဆန်းတဲ့ရောဂါတစ်မျိုးပါ။

အဲဒီရောဂါဖြစ်ရင်တော့ သာမာန်ရောဂါတွေလို ပစ္စုပ္ပါန်ဘဝတင်ခံစားရမှာမဟုတ်ပါဘူး။ယုံကြည်ရာ မရှိရင်မရှိသလောက် ဆိုးလို့မိုက်လို့  ကောင်းတာမို့  တမလွန်အထိပါ စွဲကပ်ပါလာမည့် ရောဂါပါ။

ကုသိုလ်ကောင်းမှုပဲဖြစ်ဖြစ်။အခြားအခြားသော လုပ်ငန်းကိစ္စတွေပဲဖြစ်ဖြစ်
ယုံကြည်မှုမရှိရင် ပြုလုပ်သမျှကိစ္စတွေဟာလည်း အားနည်းအားပျော့တက်ကြပါတယ်။အောင်မြင်ဖို့  အစွမ်းထက်ဖို့  ရာခိုင်နှုန်းနည်းတက်ပါတယ်။

ဒါကြောင့် သဒ္ဓါတရားမရှိတဲ့ရောဂါတမျိုးကိုလည်း
အထူးဂရုစိုက် ရှောင်ရှားပြီး ဆေးနည်းကောင်းသုံးဖို့ လိုပါတယ်။

ဒီနေ့ ဆွမ်းအမြဲလောင်းတဲ့ညီငယ်လေးကို ကြည့်ရင်းက သတိရမိတာလေးကို မျှဝေခြင်းဖြစ်ပါတယ်။

image

photo-google

ရောဂါ | Ecency