#ဒဏ္ဍာရီထဲက လွမ်းပုံပြင်
ရှင်းရှင်းတစ်ယောက် မိမိလက်ပေါ်မှာပင် သေဆုံးသွားသော ကြယ်ဖြူဂိုဏ်းသားကိုတစ်လှည့်
ကြယ်ဖြူဂိုဏ်းသားပေးသွားသော အထုပ်အား တစ်လှည့်ကြည့်ရင်း ထိုအထုပ်အား ဖွင့်ကြည့်သင့်လား မကြည့်သင့်ဘူးလား စဉ်းစားရင်း တွေဝေနေမိသည်။
"ဘုန်း.. ဘုန်း. ဘုန်း "
အဝေးမှ ပြေးလာသော ခြေသံများ ကြားရ၍ နားစွင့်မိချိန် ဇရပ်အနီးတွင် ရပ်တန့်သွားသည်ကို သတိပြုမိသည်။ ထို့ကြောင့် ပြတင်းပေါက်မှတဆင့် ဇရပ်ခေါင်မိုးပေါ်သို့ ခုန်တက်လိုက်ပြီး ခေါင်မိုးအပေါက်မှ တစ်ဆင့် မြင်ကွင်းအား စောင့်ကြည့်နေလိုက်သည်။
"ဒီနားတင် ပျောက်သွားတာကွ "
"ဒီကောင် ဒဏ်ရာရထားတာ ဝေးဝေး
မပြေးနိုင်ပါဘူးကွာ"
လူတစ်စု၏ တစ်ယောက်တစ်ခွန်းပြောသံကြားနေရ၏။
"ဆရာ ဒီဇရပ်ပေါ် ရှိနိုင်တယ် ဝင်ကြည့်ရအောင်"
လူစု၏ ခေါင်းဆောင်ဖြစ်သူအား ပြောနေသံ ကြားနေရ၏။
"အေး ဇရပ်ပေါ် တက်ကြည့်စမ်း
သတိထားနော်"
ဇရပ်ပေါ်သို့ လူတစ်စု တက်လာသံ ကြားရ၍
သတိဖြင့် စောင့်ကြည့်နေလိုက်သည်။
ဇရပ်ပေါ်သို့ လူငါးဦးခန့် တက်လာလေ၏။
ထိုလူစုသည် ဇရပ်အတွင်း ဟိုကြည့်သည်ကြည့်
လုပ်နေပြီး ခနအကြာ ကြယ်ဖြူဂိုဏ်းသားအလောင်းအား တွေ့ရ၍ ခေါင်းဆောင်ဖြစ်သူအား
လှမ်းအော်ခေါ်လိုက်၏။
"တွေ့ပြီလား "
ခေါင်းဆောင်ဖြစ်သူ ပြေးတက်လာပြီး ကြယ်ဖြူဂိုဏ်းသားအလောင်းနား တိုးကပ်သွား၍
လည်ပင်းမှ သွေးခုန်နှုန်းအားစမ်းကြည့်လိုက်စဉ်
"သေသွားပြီကွ သူ့ကိုယ်ပေါ် ရှာကြစမ်း "
ဟု ခေါင်းဆောင်မှ ပြောလိုက်၍ ရှာဖွေလိုက်ကြ၏။
"ဘာမ မတွေ့ဘူး ဆရာ "
"ဘာ ထပ်ရှာကြည့်စမ်း
နှံ့နှံ့စပ်စပ် ရှာကြ"
ထပ်ပြောလိုက်သော ခေါင်းဆောင်ကြောင့်
သေဆုံးသူ၏ ကိုယ်ပေါ် ထပ်မံရှာဖွေလိုက်ကြ၏။
"မတွေ့ဘူး ဆရာ "
"တောက်.. သူ မသေခင် တစ်ယောက်ယောက် တွေ့သွားပြီထင်တယ် ဒီတိုင်း ဌာနချုပ်ကို ပြန်သွားရင် ငါတို့အားလုံး ခေါင်းနဲ့ကိုယ် အိုးစားကွဲမှာကွ"
ခေါင်းဆောင်၏ အပြောကြောင့် နောက်ပါအဖွဲ့သားများမှာ စိုးရိမ်စိတ်ဝင်သွား၏။
"ဒါဆို ကျနော်တို့ ဘာလုပ်ကြမလဲ ဆရာ"
"အင်း ဂိုဏ်းချုပ်ဆီ သတင်းပို့မှ ရလိမ့်မယ်
ကျန်တဲ့အပိုင်း မီးစင်ကြည့်ကရမှာပဲ "
"ဟုတ်ကဲ့ ဆရာ "
လူစုမှာ ဇရပ်ပေါ်မှ ဆင်း၍ လာရာလမ်းအတိုင်း
ထွက်ခွာသွားကြလေသည်။
ထိုလူစုမှာ ကျားနက်ဂိုဏ်းမှ ဂိုဏ်းခွဲမှူးနှင့် အဖွဲ့သားများပင် ဖြစ်လေ၏။ အနက်ရောင်ဂိုဏ်းထဲ အပါအဝင်ဖြစ်၍ ကျားနက်ဘုရင် ကျိုချန်းက ဖွဲ့စည်းထားသည်။ ထိုအချိန်က
ကျားနက်
လင်းယုန်
မြွေဆိုး
သွေးတစ္ဆေ
အရိုးမိစ္ဆာ စသော အနက်ရောင်ဂိုဏ်းများမှာ အင်အားတောင့်တင်းခိုက်မာစွာဖြင့် ရပ်တည်နေကြလေ၏။
အဖြူနှင့်အမဲ သူနိုင်ကိုယ်နိုင် အပြိုင်ချဲနေသောကာလဖြစ်သဖြင့် တစ်ဖက်က တစ်ဖက်အား လွှမ်းမိုးနိုင်ရန် နည်းမျိုးစုံဖြင့် ကြိုးစားနေကြလေသည်။
ယခုပင်လျှင် အဖြူရောင်ဂိုဏ်းများအား ဖြိုခွင်းရန်
အနက်ရောင်ဂိုဏ်းများ စုပေါင်း၍ ကြံစည်နေလေသည်။ တစ်ဖက်နှင့်တစ်ဖက် စောင့်ကြည့်နေကြ သော အနေအထားဖြစ်၍ လျှို့ဝှက်စွာဖြင့် သတင်းစုံစမ်းနေကြသည်။
အဖြူရောင်ဂိုဏ်းများအား ဖြိုခွင်းရန် အကြံအစည်အား ကြယ်ဖြူဂိုဏ်း၏ လျှို့ဝှက်စုံစမ်းရေးအဖွဲ့မှ
သိရှိသွားသဖြင့် လိုက်လံတိုက်ခိုက်ခြင်း ဖြစ်သည်
ရှင်းရှင်းလဲ လူစုထွက်သွားတော့မှ ဇရပ်ခေါင်မိုးပေါ်မှ အောက်သို့ အသာအယာပင် ခုန်၍ ဆင်းလိုက်၏။ ကြယ်ဖြူဂိုဏ်းသားအလောင်းနားသို့ သွား၍
"ရှင် စိတ်ချပါ ဒီအထုပ်ကို ကြယ်ဖြူဂိုဏ်းဆီ မရောက်ရောက်အောင် ပို့ပေးပါ့မယ်" ဟူ၍ တီးတိုးပြောကြားလိုက်ပြီး ဇရပ်ဆီမှ ထွက်ခွာလာခဲ့လေသည်။
%%%%%%%%%%%%%%%%
ရှင်းရှင်း မြဂေဟာသို့ ပြန်ရောက်လာပြီး ဗို်က်ဆာလာသဖြင့် စားသောက်စရာများ မှာ၍ စားပွဲတစ်လုံးတွင်ထိုင်ပြီး စားသောက်နေချိန်တွင်
ဆိုင်အတွင်းသို့ လူတစ်ယောက် ဝင်လာလေ၏။
ထိုလူမှာ အသက်၃၅နှစ်အရွယ်ခန့်ပင် ဖြစ်လေ၏။
တည်ကြည်သောမျက်နှာထားပိုင်ရှင်ပင်။ ဆိုင်အတွင်း ဝေ့ဝဲကြည့်လိုက်ပြီး ရှင်းရှင်းထိုင်နေသော စားပွဲဆီသို့ ဦးတည်၍ လာနေ၏။
"ဒီက ညီမ ဒီစားပွဲမှာ ထိုင်ခွင့်ပြုပါနော်"
ရှင်းရှင်း စားသောက်နေတုန်း အနားလာ၍ စကားဆိုလာသော သူအား မော့ကြည့်လိုက်ပြီး
"ဒါ ကျမပိုင်တဲ့ စားပွဲမဟုတ်ဘူး
ခွင့်တောင်းနေစရာ မလိုဘူး
ခုံလွတ်ရှိရင် ထိုင်လိုက ထိုင်နိုင်ပါတယ် "
ဟူ ခပ်ပြတ်ပြတ်ပင် ပြောလိုက်၏။
ထိုလူမှာ ရှင်းရှင်းပြောစကားအား သဘောကျသည့်အလား "ဟက်"ခနဲ ရယ်လိုက်လေ၏။
"အိုး ဟိုး..
မင်းက ဒီမှာ ထိုင်နေလို့ ခွင့်တောင်းတာပါ
ဒါဆို ထိုင်ပြီနော် "
ဟု ရှင်းရှင်း ပြုံး၍ ကြည့်ရင်း ပြောပြီး စားပွဲတွင်ထိုင်၍ စားသောက်ဖွယ်ရာများ မှာယူစားသောက်နေလေသည်။
မိမိရှေ့တွင် စားသောက်နေသော သူအား
အကဲခတ်ကြည့်ရင်း တစ်ခုခုကို သဘောပေါက်သွား၍ ပြုံးလိုက်မိသည်။
ဘယ်အတွက်ကြောင့် ပြုံးရပါသနည်း။
မှန်ပေသည်။
ထိုသူအား ကြည့်နေစဉ် မျက်နှာမြင်ရချိန် မည်သို့မျှ မထူးဆန်းသော်လည်း စားသောက်နေသော
လက်တစ်စုံအား မြင်ရသည့်အချိန်တွင် သူမ နားလည်သဘောပေါက်သွား၏။
မျက်နှာမှာ ၃၅နှစ်အရွယ်ပုံစံ ဖြစ်သော်လည်း ထိုသူ၏လက်အစုံမှာတော့ အရေပြားများ ရှုံတွနေလေ၏။ ရုပ်ဖျက်ထားသည်မှာ သေချာနေလေပြီ။
ထို့အပြင် ထိုသူ၏ လက်တွင် ဆေးရောင်စံဖြင့် ခြယ်သထားသော ငှက်ရုပ်ကလေးအား မြင်လိုက်ရ၍
ဘယ်သူဘယ်ဝါဆိုတာ သေချာသိလိုက်၏။
ထိုအမှတ်အသားလေးမှာ အဘိုးအိုမျက်နှာတစ်ထောင်လီထန်းရှောင်၏ လက်မှ အမှတ်အသားတစ်ခုပင် မဟုတ်ပါလော ။
"ဘိုးဘိုးလီ. "
ရှင်းရှင်း၏ ရုတ်တရက်ခေါ်သံကြောင့် ထိုသူမှာ
အံ့သြသွားရ၏။
"ဟေ. ဒီရုပ်က အဘိုးဖြစ်စရာလား
လူမှားတယ်ဆိုရအောင်လဲ ရုပ်ကို သေချာကြည့်
ခေါ်မှပေါ့ကွ "
"တော်ပါ ဘိုးဘိုးလီရယ် သမီးကို လာလိမ်မနေနဲ့
မရဘူး "
"ဟ ဘာလိမ်လို့လဲ ပြောစမ်းပါအုံး
ဘာကြောင့် ငါက ဘိုးဘိုးလီ ဖြစ်ရတာလဲ "
"ဒါဆိုလဲ ပြောရတာပေါ့
တစ်အချက် မျက်နှာက နုသလောက်
လက်တွေက ရှုံတွနေတယ် "
"_ငင့် "
"နှစ်အချက် လက်ပေါ်က ရောင်စုံငှက်ရုပ်လေးက
ပိုသေချာသွားတယ် "
ရှင်းရှင်း၏ အချက်ကျကျအပြောကြောင့် ထိုသူ
သဘောကျစွာ တဟားဟား အော်ရယ်ရင်း
"ဟဟား သေချာလှချည်လား
နေစမ်းပါအုံး ဘယ်လိုများ သတိထားမိသွားလဲ
ပြောစမ်းပါအုံး "
"ဒါများ လူတစ်ယောက်ကို ကြည့်တာနဲ့
တစ်ကိုယ်လုံး ကြည့်မှလေ
ရုပ်ဖျက်ထားသူဆိုရင် အဲလိုကြည့်ခြင်းအားဖြင့်
ဲီနှိုင်းယှဉ်ကြည့်ရင်း သိနိုင်တယ်တဲ့ ဘိုးဘိုးကျန်းက
ပြောဖူးတယ်လေ ပြီးတော့ ဘိုးဘိုးလီလက်က ငှက်ရုပ်လေးလဲ ဟိုနေ့က သမီးမြင်ဖူးလိုက်တယ်လေ
ဒါကြောင့် ဘိုးဘိုးလီမှန်း အတပ်သိလိုက်တာ "
အဘိုးအိုလီမှာ ရှင်းရှင်းပြောပြနေသည်ကို
ခေါင်းတညိတ်ညိတ်ဖြင့် ပြုံး၍ နားထောင်နေလေ၏။
"ဒါနဲ့ ဘိုးဘိုးလီ "
"ဟေ ပြောလေ သမီး ရှင်းရှင်းလေး "
"သမီး ဘိုးဘိုးကို လိုက်ရှာနေတာ
သမီးရန်သူကိုလဲ သိရပြီ ပြီးတော့ ဘိုးဘိုးကို
အကူညီတောင်းစရာလဲ ရှိတယ် တိုင်ပင်စရာလဲ ရှိတယ် ဘိုးဘိုးရဲ့ "
"ဘာကိစ္စလဲ
အေးပါ ဒါဆို ညနေကျ တနေ့က တွေ့တဲ့နေရာကို
လာခဲ့လိုက် ဘိုးဘိုး စောင့်နေမယ် "
"ဟုတ်ကဲ့ ဘိုးဘိုး "
အဘိုးအိုလီလဲ စားသောက်ပြီး၍ ငွေရှင်းကာ ဆိုင်အတွင်းမှ ထွက်လာခဲ့သည်။
မျက်နှာထက်တွင်တော့ စိတ်မသက်မသာပုံစံ ဖြစ်နေလေ၏။ "သမီး ရန်သူ သိရပြီ "_ဟူသော ရှင်းရှင်း၏ ပြောစကားကြောင့်ပင် ဖြစ်ပေသည်။
ဟင်း လက်စားချေလိုမှုတွေနဲ့ ပူလောင်နေရမယ့် အဖြစ်မျိုး မရောက်အောင် ငါ ကြံဆောင်ရမယ်။
လမ်းမှန်ရောက်အောင် ပို့ဆောင်ပေးရမယ့် တာဝန်က ရှိနေပြီ မဟုတ်ပါလော ။
"ဟူး... ဟူး... "
အဝတ်အစားလေးတိုးသံနှင့်အတူ အဘိုးအိုလီ၏ ရှေ့သို့ အရိပ်တစ်ခု ကျရောက်လာလေ၏။
"ဟိတ် ရပ်စမ်.း.. "
ထိုသို့ ဟန့်တားလိုက်သူမှာ မည်သူနည်း။