မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး တစ်ဦးချင်း တစ်ဦးချင်းဟာ တာဝန်သိစိတ် အပြည့်အဝရှိစေချင်ပါတယ်ဟု ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်တွင် ကျင်းပသော ဒေသခံပြည်သူများ စကားဝိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများထားရှိရမည့်ခံယူချက်ကို အသိပေးပြောကြားခဲ့ပါသည်။
နိုင်ငံတော်တိုးတက်ရေးအတွက် ပြောင်းလဲဆောင်ရွက်ရာတွင် နိုင်ငံသူနိုင်ငံသားများ တစ်ဦးချင်းစီ၏ ထားရှိရမညွ စိတ်ထားများမှန်ကန်ကောင်းမွန်ရေးသည် အထူးအရေးကြီးသည်။ယင်းနှင့် ပတ်သက်၍ မြည်မာပြည် မီးရထားအခြေအနေနှင့် စပ်လျဉ်း၍လည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က မီးမောင်းထိုးပြောကြားသွားခဲ့သေးသည်။ယင်းမှာ မြန်မာနိုင်ငံ၏ လက်ရှိအနေအထားနှင့် ထင်ဟပ်နေပေသည်။
မြန်မာပြည် မီးရထားများမှာ နှေးလည်းနှေးသည်။ရထားတွဲများမှာလည်းသက်တောင့်သက်သာမရှိချေ။ထို့ပြင် ရထားခေါင်းတွဲများမှာလည်းကောင်းသင့်သလောက်မကောင်းပေ။ယင်းအခြေအနေမှာနှစ်ပေါင်းများစွာ ဖြစ်ပေါ်နေသော အနေအထားဖြစ်သည်။ ကျွန်ုပ်တို့အားလုံးမှာ ကောင်းမွန်ချောမွေ့သည့် အမြန်ရထားဖြင့်သွားလိုကြသည်။နောက်ဆုံးပေါ်ကျည်ဆံရထားများဖြင့် သွားမည်ဆိုလျှင်လည်း ယခုရထားလမ်းဟောင်းများပေါ်တွင်မောင်းနှင်၍ ရမည်မဟုတ်ချေ။ရထားတွဲ၊ခေါင်း၊လမ်းများနှင့် စနစ်ကိုပါ ပြုပြင်ရမည်ဖြစ်သည်။ထိုမျှသာမက ထိုစနစ်ကိုအသုံးပြုနိုင်ရန် အသုံးပြုသူအားလုံးကိုလည်း လေ့ကျင့်ပေးရဦးမည်ဖြစ်သည်။
စနစ်တစ်ခုကိုပြောင်းလဲရာတွင် နေ့ချင်းညချင်း မဖြစ်နိုင်ချေ။အချိန်ယူကာ အမြဲတမ်းကြိုးစားအားထုတ်ကြရမည်ဖြစ်သည်။နိုင်ငံတစ်နိုင်ငံတိုးတက်စေရန် ပြောင်းလဲဆောင်ရွက်ရာတွင် ထိုသဘောတရားအတိုင်းဖြစ်သည်ကို ကျွန်ုပ်တို့ မှတ်သားလိုက်နာကြရမည်ဖြစ်သည်။လက်ရှိတွင်မပြောင်းလဲနိုင်သေးသော ရထားစနစ်ဟောင်းတွင် တာဝန်မသိတာဝန်မရှိသလို လိုက်ပါနေကြသူများအပြင် ကဖျက်ယဖျက်လုပ်ကိုင်သူများလည်းရှိနေသေးသည်။နိုင်ငံတော်က ရုပ်ဝတ္ထု ပစ္စည်းများနှင့် စနစ်ကိုပြောင်းလဲပေးနိုင်လျှင်ပင် လိုက်ပါအသုံးပြုစီးနင်းကြသူများကိုယ်တိုင် တာဝန်ရှိမှု၊တာဝန်သိမှု၊စည်းကမ်းလိုက်နာမှုမရှိပါက တိုးတက်အောင်ဆောင်ရွက်နိုင်မည် မဟုတ်ချေ။
သို့ဖြစ်ရာ နိုင်ငံတိုးတက်ရေး၊လက်ရှိကြုံတွေ့နေရသော စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရေးအတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှာကြားချက်များကို အလေးအနက်ထား အားလုံးလိုက်နာကာ ကိုယ်စီကိုယ်စီ တာဝန်သိစိတ်၊တာဝန်ယူစိတ် တာဝန်ခံစိတ်များထားရှိကြပီး ညီညီညွတ်ညွတ် လက်တွဲပူပေါင်းကြိုးပမ်းဆောင်ရွက်ကြရန် လေးစားစွာတိုက်တွန်းအပ်ပါသည်။