ကျွန်တော်က အနုပညာဝါသနာပါပါတယ်။ ဒါပေမဲ့ အဆိုလည်းမရ အကလည်းမရ အတီးလည်းမရ အရေးလည်းမရပါ။ သီချင်းတစ်ပုဒ်မျှ အစအဆုံးမရပါ။ ၁၉၉၄ခုနှစ်လောက်ကစပြီး အနုပညာလောကထဲ ဝင်ဖို့ကြိုးစားခဲ့ပါသေးတယ်။ ကိုယ့်ရုပ် ကိုယ့်ရည် ကိုယ်ပါရမီအခံကိုသိလေတော့ ဖြတ်လျှောက်လောက်တောင်အနိုင်နိုင်ဆိုတာ သဘောပေါက်ပြီးသကာလ ပရိုဂျူဆာ ပဲခေါ်သလား တာဝန်ခံစီစဉ်တင်ဆက်သူပဲဆိုမလား လုပ်ခဲ့ပါတယ်။
စင်တင်တေးဂီတဖျော်ဖြေပွဲတွေ သီချင်းခွေတွေ ပြဇာတ်တွေ လုပ်ခဲ့ဖူးပါတယ်။ ၁၉၉၆ခုနှစ် ဧပြီလက နာမည်ကြီး အကယ်ဒမီများရှင် ဒါရိုက်တာကြီး (ယခုကွယ်လွန်)နဲ့ နာမည်ကြီးရုပ်ရှင်ကားရဲ့ အဆက်ဆိုပြီး ပြဇာတ်ကို အမျိုးသားဇာတ်ရုံမှာ တင်ဆက်ခဲ့ပါတယ်။
ဒါရိုက်တာကြီးက ပြဇာတ်မကခင်ကတည်းက အခုကပြမဲ့ပြဇာတ်ကို Broadway ဇာတ်ရုံကြီးမှာ ပရိသတ်တွေကြည့်ရှုရသလို ခံစားရအောင်လုပ်မယ်။ ၅ည ကမယ် တစ်ညအတွက်ဘယ်ရွေ့ဘယ်မျှကုန်ကျမယ်ပြောကြဆိုကြ သဘောတူကြပေါ့။ တစ်ညအတွက် ၅သိန်း ၅ညအတွက် ၂၅သိန်းပါ။ ဒါရိုက်တာကြေးအပါအဝင် အနုပညာရှင်အားလုံးအတွက်ပါ။ ဒီအပြင်ကြော်ငြာစရိတ်တွေ တခြားကုန်ကျစရိတ်တွေနဲ့ဆို ၅ညအတွက် ၃၅သိန်းလောက် ကုန်ကျပါတယ်။ဇာတ်တိုက်ရက်တွေဆို လူတစ်ရာစာလောက်ကို ထမင်း လက်ဖက်ရည် တိုက်ကျွေးရပါသေးတယ်။ ဆလွန်းကားတစ်စီး ၄သိန်း ၅သိန်းလောက်ပေးရတဲ့အချိန်ကပါ။ အဲဒီခေတ်ကငွေကြေးနဲ့ဆိုရင်တော့ မနည်းလှပါဘူး။
သင်္ကြန်မိုးလေးကရွာလိုက်တာနဲ့ ပိတောက်ပင်ကြီးက ပိတောက်ပန်းတွေ ဖူးပွင့်လာမယ် အဲဒီအချိန်မှာ ဇာတ်ရုံတစ်ရုံလုံး မိုးရေစက်လေးတွေနဲ့ အေးမြစေပြီး ပန်းပိတောက်နံ့တွေ သင်းပျံ့စေရမယ်ဆိုပါတယ်။ ကျွန်တော်ကလည်း ဒါရိုက်တာကြီးရဲ့ စကားလုံးကြီးများအောက်မှာ ပါးစပ်အဟောင်းသားလေးနဲ့ မမြင်ဖူး မရောက်ဖူးတဲ့ Broadway ဇာတ်ရုံကြီးကို စိတ်ထဲကမှန်းဆရင်း တယ်တော်တဲ့ ဒါရိုက်တာကြီးပါလား ကြိတ်ချီးကျူးနေမိခဲ့ပါတယ်။
ဒီလိုနဲ့ လိုအပ်တဲ့ပြင်ဆင်မူတွေလုပ်ရင်း ဇာတ်တိုက်လေ့ကျင့်ကြရင်းနဲ့ အထူးပွဲကပြမဲ့နေ့ ရောက်ရှိလာပါတယ်။ ကျွန်တော်က ဆရာ ပိတောက်နံ့ အတွက်အဆင်ပြေပြီလားလို့ မေးလိုက်မိပါတယ်။ဒါရိုက်တာကြီးက အားလုံး အိုကေ အဆင်ပြေတယ် ရူတင်မန်နေဂျာကို လိုတာတွေ နိုင်ငံခြားကနေ ဝယ်ခိုင်းထားပြီ လေယာဉ်နဲ့ပါလာမယ်ဆိုပါတယ်။ စင်ပေါ်မှာ သင်္ကြန်မိုးလေးတွေရွာတဲ့အခန်း ရောက်တဲ့အချိန်အထိ အားလုံးအဆင်ပြေလျှက်ပါ။
မင်းသမီးက ပိတောက်ပင်ကြီးအောက် ထိုင်ခုံမှာထိုင်တဲ့အခန်းမှာ ဆက်တင်လုပ်ထားတဲ့ ပိတောက်ပင်ပုံကြီးက ဘယ်လိုမှ အောက်ကိုချမရပဲ လေထဲမှာတန်လန်းကြီးဖြစ်နေပါတယ်။ ဒါရိုက်တာကြီးကတော့ စင်ပေါ်နောက်ကွယ်မှာပြေးလွှားလျှက်ပေါ့ မင်းသမီးက ထိုင်နေပေမဲ့ သစ်ပင်ကလေဝဲပြီး သစ်မြစ်က မင်းသမီးခေါင်းပေါ်ရောက်နေတာကစတာပါပဲ။ ပိတောက်တွေလည်း ပွင့်လာပြီ ရုံထဲမှာ တစ်ရုံလုံး ပိတောက်နံ့တွေသင်းတော့မယ်လို့ ထင်နေချိန်မှာ ရူတင်မန်နေဂျာနဲ့ တစ်ယောက်ကပြေးလွှားပြီး အဲဖရက်ရှာဘူးတွေကိုင်ပြီး ပတ်ပြေးနေလေရဲ့ ထွက်လာတဲ့အနံ့က ပိတောက်နံ့တော့မဟုတ် လိမ္မော်နံ့ သံပုရာနံ့ နဲ့ စပါယ်ပန်းနံ့ပါ။
ဆရာ ပိတောက်နံ့လည်းမဟုတ်ပါလားဆိုတော့ကာ ဝယ်ခိုင်းတာ ပိတောက်နံ့မရလို့ ပိတောက်နံ့ရအောင် အနံ့ ၃မျိုးစပ်ထားတာတဲ့။ ပိတောက်နံ့ ဆိုင်မှာ ဝယ်မရတာတော့ သိတာပေါ့ဆရာရယ် လို့စိတ်ထဲကပြန်ပြောမိပါတယ်။ တောသားမြို့ရောက်ပြီး နားမလည်ပါးမလည်နဲ့ ကျွန်တော် ဘရော့ဝေး ဆိုလည်း ယုံလိုက်မိတာပါပဲ။ကျွန်တော်ညံ့ခဲ့ပါတယ်။ အဲဒီခေတ်က ဂျင်းခေတ်မဟုတ်သေးပါဘူး သံပုရာသီးခေတ်ပါ အချဉ်ခေတ်ပေါ့။ ကျွန်တော်အတွေ့အကြုံသစ်တွေတော့ ရလိုက်ပါရဲ့ဗျာ။
#Thura Soe
Please follow me@pocker