ဒီရက်ပိုင်းထဲ သူငယ်ချင်းတို့အားလုံး ကျန်းမာရွှင်လန်းနေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဘာလိုလိုနဲ့ ဒီနေ့က ဖေဖော်ဝါရီ (၁၄)ရက်နေ့ဆိုလားနော်
လမ်းမတစ်လျှောက်က ဆိုင်တွေမှာတော့ အစီအရီ ချောကလက် အရုပ် ပန်းစည်းတွေနဲ့ ပလူပျံနေတာပဲ
ဒီရက်ထဲ ကျွန်တော့်စိတ်ထဲ အရမ်းတောင်းတနေတာလေး တစ်ခုရှိတယ်
အဲ့တာက ချောကလက်တွေ ပန်းစည်းတွေလည်း မဟုတ်ဘူး
မိသားစု ထမင်းဝိုင်းလေးပါပဲ
ဒါဆို သူငယ်ချင်းက ပြန်မေးမှာပေါ့ "ဟိုးနေ့ကပဲ နှစ်ကူးဆို မိသားစုတွေ အပြင်ထွက်လည်ရင်း ဆိုင်မှာ ဝင်စားကြတာ မဟုတ်ဘူးလားပေါ့"
ကျွန်တော်အရမ်း လိုချင်တောင်းတနေတာက
ဟိုးငယ်ငယ်က မိသားစု ထမင်းဝိုင်းလေးပါ
ထို ထမင်းဝိုင်းလေးမှာ အဖေပါတယ် အမေပါတယ် မောင်နှမ ငါးယောက်လုံး ပါခဲ့တယ်
သေသေချာချာ အမှတ်တရတွေ ပြန်ပြောရမည်ဆိုရင်
ထမင်းဝိုင်းလေးသာ ပြောတာ အဲ့တုန်းက အိမ်မှာ စားပွဲဝိုင်းနဲ့ တူတာ မရှိခဲ့ဘူးပဲ
အဖေနဲ့အမေတို့ရဲ့ အိမ်ထောင်ဉီး သစ်သားသေတ္တာလေးပေါ် တင်ပြီး မောင်နှမတွေအစီအရီ ထမင်းစားခဲ့ကြတယ်
တစ်အိမ်လုံးရဲ့ ပိုင်ဆိုင်မှုတွေက ဒီသစ်သားသေတ္တာလေးထဲမှာပဲ သိမ်းခဲ့ကြရတာ
တစ်ခါတစ်လေများဆို မောင်နှမတွေ ဟင်းရည်လုသောက်လို့ ဟင်းရည်ဖိတ်ကြရင်လည်း
သေတ္တာကြီးကို ရေပြန်ဆေးရင်း အမေ ဆူတာလည်း မှတ်မိသေးတယ်
ထမင်းစားခါနီးတိုင်းမှာ အမြဲပန်းကန်လုတတ်တာက မလတ်နဲ့ ကျွန်တော်ပါ
တစ်နှစ်ကြီးငယ်မို့ ထမင်းစားဇလုံကို အတူတူဝယ်ထားပေးပေမယ့်
ဒန်ဇလုံမှာ ဘုပါတာသည် ငါ့ပန်းကန်ဆိုပြီး ညီအစ်မနှစ်ယောက် လုတဲ့အခါ
အစ်မကြီးက စိတ်မရှည် ခေါင်းဝင်ဝင်ခေါက်တတ်သည်
နောင်တွင် ထမင်းစားပွဲဝိုင်းသို့ အရင်ရောက်သည့်သူက ထိုဇလုံအဖုပါတာ ယူဆိုပြီး ခွဲပေးမှသာ ထမင်းဇလုံလုသည့် ဇာတ်လမ်းက ငြိမ်းခဲ့လေသည်
ထမင်းစားဖို့ဆို မိသားစုအကုန်စုံမှ
အဖေ့ကို အမေက ဟင်းဉီးချပြီး
မောင်နှမတွေ ငယ်စဉ် ကြီးလိုက် ဟင်းထည့်ပြီးမှ
ကျွန်တော်တို့ အတူ လက်ဆုံစားကြသည်။
အရင် စားပြီးသော်လည်း အဖေ ထမင်းစားပွဲမှ
မထမချင်း ကျွန်တော်တို့ မထရသည်ကလည်း
အမေ့ စည်းကမ်းထဲက တစ်ခုပင် ဖြစ်ခဲ့သည်။
အမှတ်တရတွေဆိုရရင် ကျွန်တော်က ဒီနေ့ထက်ထိ
ချဉ်ပေါင်ဟင်းရည်တို့ ချဉ်ပေါင်ရွက်ကြော်တို့ သိပ်ကြိုက်
မှတ်မှတ်ရရ အဲ့ညက ဖယောင်းတိုင်မီးလေး မလင်းတလင်းမှာ
အဖေက ချဉ်ပေါင်ဟင်းရည်အိုးကို စောင်းစောင်းပြီး ဟင်းရည်ကို ဇွန်းနဲ့စစ်ခပ်ခပ်ကာ
ကျွန်တော့်ကို ခွန့်တာပေါ့ .. အမေရေ တအားကောင်း တအားကောင်းဆိုပြီး
အိုး ဖင်ထောင်တဲ့အထိ သောက်ခဲ့ဖူးသည် (ထိုစဉ်က ကျွန်တော် ၄နှစ်သားလောက် ဖြစ်ပါလိမ့်မယ်)
ရွှေဖရုံသီးဟင်းဆို သိပ်ကြိုက်တဲ့ မလတ်ကတော့
ထမင်းမစားဘဲ ရွှေဖရုံသီးဟင်းတုံးကို လက်နဲ့ကိုင်စားရင်း
ထမင်းစားပွဲမှာ အိပ်ပျော်ဖူးသေးသည်
ဒါတင်မဟုတ်ဘူး အဖန်ရည်ကြမ်းသောက်လို့
အဖန်ရည်မတင်တော့တဲ့ လဖက်အရွက်တွေကိုလည်း
ညစာ ဟင်းမရှိတဲ့နေ့ အမေ အသုပ်လုပ်ပေးပြန်တော့လည်း
မောင်နှမတွေ ခေါင်းမဖော်တမ်း စားခဲ့ကြပြန်တယ်
မနက်စာအတွက် ဆီမပါထမင်းကြော်နဲ့ တစ်ခါတစ်ရံကော်ဖီ
ဒန်ချိုင့်ကြီးထဲကို ဘာမီးနီးယားကော်ဖီမှုန့် ၃ဇွန်း
ချက်နို့ဆီတစ်ကော်လောက် သကြားထည့်ပြီး
ဂလောက်ဂလောက်နဲ့ မကြီး ကော်ဖီဖျော်သံကြားပြီဆို
မောင်နှမတွေ တန်းစီ ခွက်ကိုင်ပြီး စောင့်ကြပြီ
ခွက်ဆိုလို့ အိမ်မှာ မောင်နှမများလွန်းလို့
အချိုရည် ကော်ဘူးခွံကို ထိပ်ဖြတ်ပြီး သောက်ခဲ့ကြရတာလေ
အခုခေတ်လိုများ PPA freeတို့ ပလတ်စတစ်အပူလွန် ကင်ဆာဖြစ်တို့ မသိခဲ့ပါဘူး
အဲ့အချိန်တွေက အမေ ချက်သမျှ ဘာစားစား ချိုတယ်
ဓနိမိုး ထရံကာ ၈ပေ ၁၅ပေသာသာရှိတဲ့တန်းလျားအိမ်လေးထဲမှာ
ဗုံလေးတွေနဲ့တူတဲ့
ကျွန်တော်တို့မောင်နှမငါးယောက်
တော်တော် ပျော်ရွှင်ခဲ့ရတယ်
တဖြေးဖြေးနဲ့ ဓနိမိုးကာတန်းလျားအိမ်ကနေ
သွပ်အဖီ အိမ်လေးဆီ ရောက်တယ်
ပိုအဆင်ပြေလာလို့ ကြွေပန်းကန်ပြားနဲ့
အမေက ထမင်းကျွေးတယ်
မောင်နှမတွေ တရုန်းရုန်းနဲ့ ထမင်းဝိုင်းကြီးက မြိန်နေဆဲ
သွပ်အဖီအိမ်လေးကနေ တရုတ်နံကပ်တိုက်ခန်းဆီပြောင်းနေခဲ့ရတယ်
အမေ အမြဲလိုချင်ခဲ့တဲ့ တရုတ်ထမင်းစား စားပွဲဝိုင်းကြီး အဖေ ဝယ်ပေးနိုင်ခဲ့ပြီ
စားပွဲပေါ်မှာ ဟင်း၃မျိုးထက်မနည်း ဖွယ်ဖွယ်ရာရာ အမေချက်ပြုတ်ကျွေးနေမြဲ
ကျွန်တော့် အသက် ၂၅နှစ်ရောက်တဲ့အခါ
သင်တန်းမှာ ဆွေးနွေးကြတဲ့ ခေါင်းစဉ်က မိသားစု ထမင်းဝိုင်းတဲ့
ဒီနေ့ချိန်ထိ ကျွန်တော်တို့ မိသားစုလေး တစ်စားပွဲတည်း စားနိုင်နေတုန်းပဲလို့
ဂုဏ်ယူပြီး ကြွားပြောတဲ့အခါ
ဆရာက ပြောတယ် "မင်း သိပ်ကံကောင်းတဲ့သူပဲ"တဲ့
အဲ့အချိန်က ဒီစကားရဲ့အတိမ်အနက် မသိခဲ့ပါဘူး
အသက်၃၀ကျော်လာတဲ့အခါ ညနေအလုပ်ပြန်ချိန်တိုင်း
အိမ်ပြန်နောက်ကျတဲ့အခါ အမေ့ဆီက ဖုန်းအမြဲလာတယ်
ထမင်းစားစောင့်နေတယ် ပြန်မလာသေးဘူးလား
တဂျီဂျီ တဆာဆာ လုပ်လွန်းလို့
ဖုန်း Contactမှာ အမေ့နာမည်ကို "ထမင်းစားမယ်"လို့ မှတ်ခဲ့တာလေ
အမေက အသက်၆၀ကျော်လာချိန်ကစ
ထမင်းဟင်း မချက်တော့ဘူး
စားကောင်းပေ့ဆိုတာတွေ ဆိုင်တွေက
ဝယ်ခဲ့ပေမယ့်လည်း
ဒီနှစ်ပိုင်းတွေမှာ အဖေရော အမေရော
ကျွန်တော်တို့ရော စားချိုတလှည့်
စားမကောင်းတာ တလှည့်များလာတယ်
အဖေက ဘာဖြစ်ဖြစ် စားလိုက်ပေမယ့်
အမေက အမြဲ အစားရွေးတတ်လာတယ်
အမေရာ ဒီလောက်စားကောင်းအောင် ဝယ်လာတာ
မစားရကောင်းလား မေးတိုင်း
မချိုတော့ဘူး တဲ့
အဖေ ပြောဖူးတယ်
ဟင်းကောင်းဖို့ မလိုဘူး စားကောင်းဖို့ပဲ လိုတယ်တဲ့
ကျွန်တော်တို့ လိုနေတာ ဘာလဲ
ခေတ်ကြောင့် ဝမ်းစာကြောင့်
ဆုံဖို့ခက်မိသားစု ထမင်းစားပွဲလေးလား
ကျွန်တော့အတွက်တော့ သေချာနေတယ်
တိတ်ဆိတ်သွားတဲ့ ထမင်းစားပွဲမှာ
အလွန်ဆုံး အတူဆုံစားမှ နှစ်ယောက် သုံးယောက်က
ဒီလို ရက်တွေမှာ ငေးငိုင်စေခဲ့တယ်
အဆိုတော် ဓိရာမိုရ်ရဲ့ အိမ် ဆိုတဲ့ တေးစီးရီးကို
နားထောင်ရင်း
ဒီစာကို ရေးရင်း ငိုရှိုက်မိတဲ့ မျက်ရည်တွေဟာ
ကျွန်တော် လွမ်းမိတဲ့ မိသားစုဆုံထမင်းဝိုင်းသာမက
မြန်မာနိုင်ငံမှ မဆုံတော့သော ထမင်းဝိုင်းများအတွက်လည်း
ဝမ်းနည်းစွာဖြင့်
ချစ်တဲ့ တီဖြိုး
ဒီ မိသားစုထမင်းဝိုင်းလေးကို အတူလွမ်းဆွတ်ရင်ဂ
ခံစားနားဆင်ဖို့
တေးရေး အရိုး
အဆို ဓိရာမိုရ်ရဲ့
ငါတို့ အိမ်လေးကို နားသောတဆင်နိုင်ဖို့ linkလေး တွဲထည့်ပေးပါရစေ