သင်္ကြန်နဲ့ ပိတောက်ပန်း

Words
109
Reading
1 min
Listen
Play
8y

image

မဟာသင်္ကြန်လို့ ဆိုလိုက်တာနဲ့ ပိတောက်ပန်းတွေကို ပြေးမြင်မိသူတွေလည်း ရှိကြမှာပါ။
ပိတောက်ပန်းတွေဟာ မြန်မာ့နှစ်သစ်ကူးကာလဖြစ်တဲ့ သင်္ကြန်ကာလအတွင်း ပွင့်ဖူးလေ့ရှိကြပြီး ပိတောက်ပန်းကို ပြလိုက်တာနဲ့ သင်္ကြန်ကို တန်းမြင်ကြတဲ့အထိ ဒီ ၂ ခုက တွဲစပ်လွန်းလှပါတယ်။ ဒါကြောင့် ပိတောက်ပန်းနဲ့ ပတ်သက်တဲ့ အချက်အလက်တချို့ကို တင်ပြပါမယ်။
ပိတောက်ပန်းဟာ မြန်မာလူမျိုးတို့ရဲ့ နှစ်သစ်ကူးအထိမ်းအမှတ်ဖြစ်ပါတယ်။ မြန်မာ့ဆယ်နှစ်လရာသီတွေအနက် အစောဆုံးလဖြစ်ပြီး နှစ်သစ်ကူးလဖြစ်တဲ့ တန်ခူးလမှာ ဝေဆာစွာဖူးပွင့်လေ့ရှိကြပါတယ်။ မြန်မာလူမျိုးတို့ဟာ ပိတောက်ပန်းတွေကို ဗုဒ္ဓဘုရားရှင်ကို ကပ်လှူခြင်း၊ ပန်းဆင်ခြင်းတို့မှာ အသုံးပြုကြလေ့ရှိပါတယ်။ မြန်မာ့ပိတောက်ကို အင်္ဂလိပ်လို Pterocarpus macrocarpus လို့ ခေါ်ဝေါ်ကြပြီး Burma padauk လို့လည်း ခေါ်ဆိုကြပါတယ်။ ပိတောက်ပင်ကို မြန်မာနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတို့မှာ တွေ့ရှိရပါတယ်။ ပိတောက်ပင်ဟာ ယေဘုယျအနေနဲ့ အလယ်အလတ်အမျိုးအစားအပင်မျိုးဖြစ်ပြီး ၁ဝ မီတာကနေ ၃ဝ မီတာအထိ ရှည်လျားကာ အချင်း ၁ ဒဿမ ၇ မီတာခန့်ရှိပါတယ်။
ခြောက်သွေ့ရာသီမှာ ပေါက်ရောက်တဲ့အမျိုးအစားဖြစ်ပြီး အပင်အပြင်ခွံဟာ အညိုရောင်ဖြစ်ပါတယ်။ အတွင်းသားကတော့ အနီရောင်ဖျော့ဖျော့ရှိပြီး အပွင့်တွေက ၂ဝ မီတာကနေ ၂၅ မီတာအကြား ရှည်လျားတတ်ပါတယ်။ အရောင်ကတော့ အဝါရောင်ရှိပြီး ပိတောက်သီးက အစေ့ဆံ ၂ ခု (ဒါမှမဟုတ်) ၃ ခုခန့်ပါရှိတတ်ပါတယ်။ ပိတောက်သားဟာ သစ်မာအမျိုးအစားဖြစ်ပြီး ခိုင်ခန့်ခြင်း။ ခြမစားခြင်းတို့ကြောင့် အိမ်တိုင်တွေ၊ ဗီရို၊ လှည်းဘီး၊ လှည်းလက်ရန်းတိုင်နဲ့ တခြားပရိဘောဂတွေ ပြုလုပ်ရမှာလည်း အသုံးပြုကြလေ့ရှိပါတယ်။ ပိတောက်ပန်းဟာ မြန်မာတို့ တန်ဖိုးထားတဲ့ ပန်းဖြစ်တာနဲ့ အညီ ပိတောက်ပန်းနဲ့ ပတ်သက်တဲ့ ကဗျာတွေ၊ သီချင်းတွေ၊ ဝတ္ထုဇာတ်လမ်းတွေကိုလည်း အများအပြားပေါ်ပေါက်ခဲ့ပါတယ်။

သင်္ကြန်နဲ့ ပိတောက်ပန်း | Ecency