ဝမ်းသာ ကြည်နူး

Words
139
Reading
1 min
Listen
Play
8y

image

ဝမ်းသာ ကြည်နူး

အမှတ်မထင် မြင်ကွင်းလေးတွေက အတွေးတွေ အများကြီးပေးပါတယ်။

ကျွန်တော် မနက်က လမ်းလျှောက်ပြီး ပန်းခြံထဲမှာ လေ့ကျင့်ခန်း လုပ်ပါတယ်။ ပန်းခြံထဲက ထိုင်ခုံမှာ အမျိုးသမီးတစ်ယောက်နဲ့ ခွေးတစ်ကောင်။ ခွေးက ချစ်စရာ ဖြူဖြူဖွေးဖွေး သေးသေးလေး။

အမျိုးသမီးက ခွေးလေးကို ဘာလည်းမသိဘူး တိုက်နေတယ်။ ဇွန်းနဲ့ ခွေးလေးသွားကို ဖြဲပြီး အတင်းတိုက် နေတာ။

“ဘေဘီ မဆိုးရဘူး … သောက်လိုက်နော် … သားလေး အားရှိအောင် မာမီက တိုက်နေတာ”

image

အမျိုးသမီးက ပြောလည်းပြော၊ ဇွန်းကိုလည်း မဖိတ်အောင်ထိန်း၊ ခွေးကိုလည်းချုပ်ပြီး အတင်းတိုက်။ အတော်ကို ခက်ခဲတဲ့ စစ်ဆင်ရေးတစ်ခု လုပ်နေရသလိုပါပဲ။ အဲဒါ ကျွန်တော်လေ့ကျင့်ခန်းလုပ်နေတဲ့ ခုံအနီးမှာ နေ့တိုင်း မြင်နေရတဲ့ အဖြစ်အပျက်။

ခွေးလေးက စိတ်ညစ်ရှာမှာပါ။ ကျွန်တော်က တစ်နေ့တော့ အမျိုးသမီးကို မေးကြည့်မိတယ်။

“ခွေးလေးကို ဘာတိုက်နေတာလဲ”

“ငါးကြီးဆီပါ အန်ကယ်။ ဘေဘီလေးအားရှိအောင်”

ကျွန်တော် သူ့ကို ကူညီချင်ပေမယ့် ခွေးမကိုင်ရဲဘူး။ ကျွန်တော်ခွေးချစ်ပါတယ်။ ဒါပေမဲ့ ကြောက်တတ်တော့ မကပ်ရဲဘူး။

ဒီနေ့မနက် ထုံးစံအတိုင်း အမျိုးသမီးက ခွေးလေးကို ဇွန်းထဲက ငါးကြီးဆီ အတင်းတိုက်နေပြန်တယ်။ ခွေးက ဒီမနက် ပိုပြီးတော့ ရုန်းသလိုပဲ။ စိတ်ဆိုးပြီး သူ့သခင်ကို မာန်တောင်ပြန်ဖီလိုက်သေး။ အမျိုးသမီးက လက်ကို ပြန်အဆုတ်မှာ ဇွန်းက ထိုင်နေတဲ့ ကြွေပြားအခင်းပေါ်ကျပြီး ငါးကြီးဆီတွေ ဖိတ်ကုန်တယ်။

“ဘေဘီ … အရမ်းဆိုးတာပဲ … ဒီမှာဖိတ်ကုန်ပြီ”

အမျိုးသမီးက အလိုမကျ စိတ်ဆိုးနေစဉ်မှာ မထင်မှတ်တာဖြစ်သွားတယ်။

ခွေးလေးက ကြွေပြားပေါ်မှာ ဖိတ်နေတဲ့ ငါးကြီးဆီတွေကို လျှာနဲ့ မနားတမ်း လျက်နေပါတော့တယ်။ အမျိုးသမီးက ပုလင်းကိုဖွင့် ငါးကြီးဆီကို ကြွေပြားပေါ်ထပ်လောင်း၊ ခွေးက လျှာနဲ့ မနားတမ်းလျက်

ဒါပါပဲ

ခွေးကို ခွေးလိုကျွေးလိုက်ရင် ကိုယ်လည်း မပင်ပန်း၊ သူလည်း စိတ်ချမ်းသာ

ခွေးကို ဇွန်းနဲ့ တိုက်နေတော့ သူလည်းစိတ်မချမ်းသာ ကိုယ်လည်းပင်ပန်း

ခွေးဆိုတာ ဇာတိကို ဖျောက်နိုင်တာမှ မဟုတ်တာ။

တင်ညွန့်

photo : google

image