https://pixabay.com/photos/hand-gesture-sun-beach-5850630/
မနက်မိုးလင်းလာရင် အရင်ဆုံးကြားရတာက အိပ်တန်းကဆင်းလာတဲ့ ငှက်ကလေးတွေရဲ့ အသံလေးတွေပေါ့ အသံသာသာလေးတွေနဲ့ ဟိုက ဒီက လှမ်းခေါ် နှုတ်ဆက်နေကြတာဖြစ်မယ်ထင်ပါတယ် တစ်ကောင်နဲ့တစ်ကောင် မနက်ခင်းမှာ တွေ့ဆုံနှုတ်ဆက်ပြီး တစ်နေ့တာအတွက် အစီအစဉ်တွေ ရေးဆွဲနေကြတာလည်း ဖြစ်တန်လောက်ပါရဲ့ သူတို့အတွက်ကတော့ လောကကြီးက အများကြီးပြောင်းလဲမသွားပါဘူး အရင်အတိုင်းပါဘဲ
လူတွေအတွက်တော့ နေ့သစ်က အင်အားမဲ့လို့နေတယ်လေ မနက်လင်းလာရင်လည်း မျှော်လင့်စရာက သိပ်ပြီး ထူးထွေဆန်းပြားမနေဘူး အရာအားလုံးက မနေ့ကထက် ပိုမိုမဆိုးသွားဖို့အတွက် မျှော်လင့်နေတယ် ဒီနေ့ဟာ မနေ့ကထက်ပိုမို မကောင်းမွန်ချင်နေပါစေ မနေ့ကထက် ပိုမို မဆိုးလာဖို့သာလိုနေတယ်
အခုလည်း သိပ်တော့ ထူးခြားမနေတဲ့ မနက်ခင်းတစ်ခုကို ရောက်လာခဲ့ပြီ တစ်နေ့တာအတွက် စားလိုက်အိပ်လိုက်နဲ့ သံသရာလည်နေခဲ့တာ ရက်ပေါင်းအတော်ကြာလာပြီလေ သိပ်ပြီး အနားရတော့လည်း လူက မလန်းဆန်းတော့ဘူး ကိုယ်လက်လှုပ်ရှားမှုကလည်းနည်းတော့ လေးလံထိုင်းမှိုင်းနေတယ် စိတ်တွေက မလန်းသလို လူလည်း မလန်းနိုင်ပါ
အရင်လိုပေါ့ မနက်လင်းလာတာနဲ့ သူ့ထက်ငါအရင် တိုးဝှေ့ပြီး အလုပ်တွေလုပ်နေချင်ပါပြီ အခုလို အပျင်းတလိုင်းနဲ့ အိမ်ထဲ ချောင်ကုတ်ပြီး ဟန်ဆောင်နေရတာ သိပ်မသက်သာလှပါဘူး ဟန်ကိုယ့်ဖို့ဆိုတာက အချိန် တွေသိပ်ကြာလာရင် အဆင်မပြေတော့ဘူး ဟန်ကိုယ့်စရာလည်း သိပ်မကျန်တော့ဘူး
ကိုယ်လုပ်နိုင်တာတွေက သိပ်များများစားစားမရှိပါဘူး လုပ်နိုင်တာတွေတော့ ဒီလိုရက်ပိုင်းတွေမှာ လုပ်နေခဲ့တာဘဲ ထင်သလောက်လည်း ခရီးမရောက်ပါဘူး သို့ပေမယ့် ခုသာ ခံသာတော့ ရှိပါတယ်လေလို့ ဖြေတွေးလေးတွေးနေရတယ်
သေရေးထက် နေရေးက ပိုခက်လို့လာတယ်လေ ဒီတော့လည်း ဘာကိုတွေးပူနေရမှာလဲ အစပိုင်းတော့ မရဲတရဲ စိုးတထိတ်ထိတ်ပေါ့ နောက်ပိုင်းတော့လည်း နေသားတကျဆိုတာလေးက ရောက်လာတာပါဘဲ
အရင်လို သွားမြဲလာမြဲ နေမြဲ ထိုင်မြဲ သွားလာလှုပ်ရှားသူတွေ တစ တစ ပိုမို များလာပြီလေ နောက် ဆယ်ရက်လောက်ဆိုရင်တော့ လူတွေ လမ်းပေါ် ပြန်ရောက်လာတော့မှာပါ နေရေးက သေရေးထက် ပိုမို အရေးကြီးတယ်
ရောဂါလည်း တဖြည်းဖြည်း နည်းလာပြီထင်တယ် သေတာလည်း နည်းလာပြီ ရှင်သန်ကျန်ရစ်သူတို့က ဆက်လက်ပြီး ရပ်တည်နိုင်အောင် ကြိုးစားကြရပါဦးမယ်
မနေ့ကလို နောက်ထပ် မနက်ဖန်တွေအတွက် ပြင်ဆင်ရဦးမယ် နောက်ထပ် နောက်ထပ် လှိုင်းတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်ရပါဉီးမယ်
အခက်အခဲတွေက ပျောက်ပျက်သွားတာမဟုတ်ပါဘူး အခက်အခဲတွေက တွေ့ဖန်မြင်ဖန်များတော့ သေးလို့သွားတယ် လွယ်လို့သွားတယ် ထင်ရပါတယ်
နောက်ထပ် လာမှာတွေကိုလည်း အသင့်အနေအထားနဲ့ စောင့်လို့ ကြိုရပါဦးမယ်
@mm7