အလွမ်းအိမ်အပြန်

mm7(63)
Published in
#ecency
Words
126
Reading
1 min
Listen
Play
5y

foggy_3892740_640.jpg
link

ဟိုတုန်းက မြေညီလမ်း နီနီလေးပေါ် ဖြတ်လျှောက်မိတဲ့အချိန်လေးဟာ ကိုယ့်အတွက်တော့ အရာရာ အရင်အတိုင်းပါဘဲ ဘာမှပြောင်းလဲမသွားတဲ့ပါတ်ဝန်းကျင်အနေအထား ချုံထူထူ တောအုပ်လေးတွေနံဘေးမြတ်ခင်းစိမ်းစိမ်းလေးတွေ ဟိုမှသည်ကူးလူးပျံသန်းနေတဲ့ ငှက်ရိုင်းလေးတွေ တစ်ခါတရံ ကိုယ့်ဘေးဖြတ်လျှောက်သွားတဲ့ အရောင်နွမ်းနွမ်း အသားရေ ညစ်ညစ်နဲ့ လူတစ်ချို့ အားလုံးက မျက်နှာတွေ မစိမ်းပါဘူး မှတ်မိသလို မမှတ်မိသလိုတော့ ဇဝေဇ၀ါ မသဲကွဲ မထင်ရှား မေ့လုလု မှတ်ဉာဏ်ထဲ ဖြေးလွှားစဉ်းစားရင်း အတိတ်တွေကို အမြန် အသက်သွင်းနေမိတယ်
အရာရာဟာ အချိန်တွေအောက် ပြောင်းလဲသွားပေမယ့် ဒီဝန်းကျင်လေးကိုတော့ ပြောင်းလဲသွားတယ် မမြင်မိဘူး ဟိုစဉ်အချိန်တွေက မြင်ကွင်းတွေပါဘဲ
ပြောင်းလဲသွားတာကတော့ ကိုယ့်အတွေးအမြင်တွေနဲ့ ကိုယ် ခံစားချက်တွေပါဘဲ
ဒီနေရာလေးကို ကျောခိုင်းစွန့်ခွါခဲ့စဉ်က ကိုယ့်မှာ ရည်ရွည်ချက် ရည်မှန်းချက်တွေ အိတ်တခုထဲ ထိုးသိပ်ထည့်ပြီး မာယာများတဲ့ လောကထဲ စိုးရိမ်ကြောင့်ကြခြင်းမဲ့စွာနဲ့ မျှော်လင့်ချက်တွေကို ရှာဖွေမယ် စိတ်ကူးတွေနဲ့ပါ
တကယ်တမ်းလောကအလယ်မှာ ရှင်သန်ရတာက ထင်သလောက်မလွယ်ကူခဲ့
ဒဏ်ရာတွေက နှလုံးသားထက် အသားမာတက်စေသည်အထိ ထိခိုက်မှုတွေရှိခဲ့ပါပြီ့
အမောတွေကို ဖြေဖျောက်လို့ လမ်းဟောင်းလေးအတိုင်း တရွေ့ရွေ့လျျောက်လာရင်း အတိတ်တွေကို ပြန်တွေးလို့ ရင်မှာ ကြည်နူးခြင်း ဝမ်းနည်းခြင်း အားမလိုအားမရဖြစ်မိခြင်းနဲ့ အလွမ်းတွေ သတိရခြင်းတွေ အားလုံးဟာ ရောထွေးသွားတယ် အတွေးစတွေကလည်း ရှုပ်လို့နေပြန်တယ်
ကိုယ်ပြန်လာခဲ့ပါပြီ နေရာဟောင်းလေးဆီ တစ်ချိန်က ရင်ခုန်သံတွေကို ပြန်ကြားရမည်လား မျှော်လင့်ရင်း ဖြူစင်ခဲ့သော နှလုံးသားများရှင်သန်ရာ နယ်မြေလေးဆီ
အသက်အရွယ်တွေသာ ကြီးရင့်လာတယ် ကိုယ့်ရဲ့ စိတ်ခံစားချက်တွေက မရင့်ကျက်လာတာကို လမ်းဟောင်းလေးက ပျက်ရယ်ပြုနေသလိုပါဘဲ
ရှက်ရွံ့ စိတ်တွေကို ဟန်ဆောင်ဖုံးကွယ်ရင်း စွန့်ခွါမိတဲ့ နောင်တတစ်ချို့ကိုလည်း သက်ပြင်းမောတွေနဲ့မှုတ်ထုတ်လို့ မာဏ်တင်းရပြန်လေပြီ
အစီစဉ်တကျ ဖြစ်တည်မလာတဲ့ လောကလမ်းမကြီကိုလည်း နောက်တစ်ကြိမ် ပြန်လည် လျှောက်လှမ်းဖို့ အားအင်တွေ စုစည်းရပေဦးမည် ဟောဒီလမ်းဟောင်းလေးကို ယခုလို နောက်တစ်ကြိမ် ဖြတ်လျှောက်လာခဲ့ရင် ခုလို မလုံမလဲ စိတ်တွေမဖြစ်ရလေအောင် အမှားတွေကိုလည်း ပြင်ဆင်ခဲ့ရပါဦးမည် နောက်တစ်ကြိမ်ဒီလမ်းလေးကို ပြန်လည်လျှောက်လှမ်းဖို့ အချိန်မည်မျှ ကြာဦးမည် မသိနိုင်သေးပါဘူး

အလွမ်းအိမ်အပြန် | Ecency