Sermon

Words
217
Reading
1 min
Listen
Play
9y

အာဃာတတွေ ဖယ်ရှားပစ်ပါ


မေတ္တာသုတ်တော်မှာ `နာတိမညေထ ကတ္ထစိ နကိဉ္စိ´ တစ်စုံတစ်ယောက်ကိုမှ မထီမဲ့မြင် မပြုလုပ်မိစေဖို့ မြတ်စွာဘုရားက လမ်းညွှန်
ဟောကြားတော်မူခဲ့ပါတယ်။ အတ္တမာနကို ရှေ့တန်းတင်ပြီး သူတစ်ပါးကို မရိုမသေ၊ မထီမဲ့မြင် လုပ်မိသွားရင် ပြုသူမှာလဲ အကုသိုလ်
တရားတို့ တိုးပွားသလို အပြုခံရသူမှာလဲ မခံချင်စိတ်တွေ ဒေါသအာဃာတတွေ
တိုးပွားလာတတ်ပါတယ်။

အချို့မထေရ်ကြီးတွေက ရှင်ငယ်ရဟန်းငယ်ကို မထီမဲ့မြင် ပြုတတ်တယ်၊ အရာရှိတွေက
လက်အောက်ငယ်သားတွေကို မထီမဲ့မြင် လုပ်တတ်တယ်၊ ပညာရှိ ပညာတတ်သူက ပညာမဲ့သူကို မထီမဲ့မြင် လုပ်တတ်တယ်၊ ချမ်းသာသူက ဆင်းရဲသားကို မထီမဲ့မြင် လုပ်တတ်တယ်၊ လင်က မယားကို မထီမဲ့မြင် လုပ်တတ်၊ မယားကလဲ လင်ကို မထီမဲ့မြင် ပြန်လုပ်မိတယ်၊ ပြောချင်တာက မထီမဲ့မြင်
ပြုသူဟာ ကိုယ်ချင်းစာ စိတ်ကင်းမဲ့သူ မေတ္တာမဲ့
သူသာ ဖြစ်ပါတယ်။ နှစ်ဦးနှစ်ဖက်လုံး မပြုလုပ်မိ
စေဖို့ သတိပြုရပါမယ်။

ဒေါသအာဃာတကြီးသူဟာ မထီမဲ့မြင် အပြု
ခံရပြီဆိုရင် ပတ်ဝန်းကျင်ကိုပါ ဒုက္ခရောက်အောင်
အပြစ်တွေ ပြုတတ်လာပါတော့တယ်။
အာဃာတအမုန်းတရားတွေကို လက်တုံ့ပြန်
အားတွေ ကောင်းရင်ကောင်းသလောက် ဒုက္ခ
ရောက်ကုန်တော့တာပါပဲ။

ဘုရားလက်ထက်က ဝိဋဍျုဘမင်းကိုပဲ ကြည့်ပေါ့ .....၊ သာကီဝင်မင်းမျိုးတွေက သူ့ကို ကျွန်မ သားလို မထီမဲ့မြင် မခန့်လေးစား ပြုခြင်း ခံလိုက်ရတဲ့အခါမှာ ဝိဋဍျုဘမင်းဟာ သာကီဝင်မင်းမျိုးတွေရဲ့အပေါ်မှာ အာဃာတ
ကြီးစွာထားပြီး ကလဲစားချေရန် အားထုတ်ခဲ့တာ အားလုံး အသိပဲ၊ မင်းသားဘဝက သူထိုင်ခဲ့တဲ့
နေရာကို ကျွန်မ သားဖြစ်ခြင်းကြောင့် စက်ဆုပ်စွာဖြင့် နို့ရည်နဲ့ ဆေးကြောခဲ့တဲ့ သာကီဝင်မင်းမျိုးတွေကို ကလဲ့စားချေရန် ``ငါဘုရင်ဖြစ်ရင် သာကီဝင်မင်းမျိုးတွေရဲ့ လည်ချောင်းသွေးနဲ့ ဆေးမယ်´´ လို့ အငြှိုးကြီးစွာ ထားခဲ့တယ်မဟုတ်လား။

အာဃာတကြီးစွာနဲ့ စောင့်ဆိုင်းနေရင်းက အလှည့်အပြောင်းတစ်ခုကို ရောက်လာတဲ့
အချိန်မှာပဲ သာကီဝင်မင်းမျိုးတွေ တစ်ဆွေလုံး တစ်မျိုးလုံးကို မျိုးတုံးအောင် သတ်ဖြတ်ခဲ့တယ်၊ သွေးချောင်းစီးခဲ့တယ်လေ ဘုရားတောင် ကယ်လို့
မရခဲ့ဘူး မဟုတ်လား။ မခံချင်လွန်းအားကြီးတော့ ပတ်ဝန်းကျင်တစ်ခုလုံး ဒုက္ခဖြစ်ကုန်တယ်၊ ပုခက်
ထဲက ကလေးတောင် ချမ်းသာခွင့် မပေးခဲ့ဘူး၊ တိုင်းပြည်ပါ ပျက်တော့တာပါပဲ။

ဘုရားဟော ဇာတ်တော်တွေမှာသာ ရှိတာ မဟုတ်ဘူး၊ ရာဇဝင်တွေမှာလဲ အာဃာတ ရန်ငြှိုး
ထားမှုတွေကြောင့် ပျက်စီးခဲ့ရတာတွေ ရှိခဲ့
ပါတယ်။ အနည်းငယ်တင်ပြရရင် သီဟသူနှင့် ရာဇသင်္ကြန်အမတ်တို့ရဲ့ အရေးအခင်းဟာ သင်ခန်းစာ ယူသင့်တဲ့ အကြောင်းအရာ တစ်ခုပါပဲ။

ပုဂံပြည် ဥဇနာမင်းလက်ထက်မှာ ဥဇနာမင်းရဲ့ သားတော် `သီဟသူ´ ဆိုတာရှိတယ်၊
အိမ်ရှေ့စံ ရာထူး ပေးထားတယ်။ တစ်နေ့
ညီလာခံတစ်ခုမှာ ရာဇသင်္ကြန် အမတ် ကြီးက
ဗောင်းနားတောင်းဝတ်ရုံတော် အပြည့်အစုံနဲ့
ခ,စား နေပါတယ်။ နောက် သီဟသူကလဲ ထွက်လာတဲ့အခါမှာ ဝတ်ရုံတော်ဖြန့်ခင်းပြီး ခ,စားနေတဲ့ ရာဇသင်္ကြန်အမတ်ကြီးကို လမ်းဖယ် မပေးရကောင်းလားဆိုပြီး အိမ်ရှေ့စံမင်း သီဟသူက အမတ်ကြီးရဲ့ ဖြန်ခင်းထားတဲ့
ဝတ်လုံတော်အပေါ်ကို ကွမ်းတံတွေး ထွေးချလိုက်ပါတယ်။

ဒါဟာ မင်းပရိသတ်အလယ်မှာ အရှက်ရစေတဲ့ လုပ်ရပ်တစ်ခုပါပဲ။ မလုပ်သင့် မလုပ်အပ်တဲ့ လုပ်ရပ်ပါ။ ရာထူးအာဏာရှိသူဟာ အတ္တမာနကို ရှေ့တန်းတင်ပြီး ထင်သလို လုပ်တတ် ကြတယ်
ဆိုတာကို မီးမောင်းထိုးပြနေခြင်းပါပဲ။

ရာဇသင်္ကြန် အမတ်ကြီးဟာ သူဒီလို ခံလိုက်
ရတာကို အခဲမကျေပဲ အာဃာတ အမုန်းတရား
တွေ ထားခဲ့တော့တာပေါ့။ အိမ်ပြန်ရောက်တဲ့အခါ ကွမ်းသွေးပေနေတဲ့ ဝတ်လုံတော်ကို မှတ်မှတ်ရရ ကောင်းကောင်းသိမ်းထားပြီး နေ့တိုင်း နေ့တိုင်း သီဟသူကို ကလဲ့စားချေရန် အာဃာတကြီးစွာ
ထားပြီး ကြံစည်နေပါတယ်။

အတိုချုပ်ပြောရရင်တော့ ဖခင် ဥဇနာမင်းကြီး နတ်ရွာစံပြီးနောက် သီဟသူဟာ ဘုရင်
ဖြစ်လာတယ်၊ ရာဇသင်္ကြန်အမတ်ကြီးကလဲ
တာဝန် ကျေပွန်စွာပဲ ခ,စားလို့ နေပါတယ်။ သီဟသူဘုရင် အားကိုးခံရသည့်အထိ အမှုတော်ကို စွမ်းစွမ်းတမံ ဆောင်ရွက်
နိုင်ခဲ့တာပေါ့၊ ဘုရင်ကလဲ အားကိုးပါတယ်၊ ဘုရင်ကတောင် မိမိ မထီမဲ့မြင် လုပ်ခဲ့တာတွေ မေ့နေလောက်ပြီလေ။

တစ်နေ့တော့ အောက်မြန်မာပြည်ဖြစ်တဲ့ ဒလမြို့အနားက တောထဲမှာ ဆင်ဖြူတော်ပေါ်နေတယ်လို့ သတင်းတွေရပါတယ်၊ သီဟသူဘုရင်ကလဲ ဆင်ဖြူတော်ရှင်ဆိုတဲ့ ရာဇဂုဏ်ကို အတော်
ခုံမင်နေတာပေါ့၊ ခေတ်စကားနဲ့ပြောရင်တော့ ခရေစီ (Crazy) ဖြစ်တယ်လို့ ဆိုရမှာပေါ့။

ရာဇသင်္ကြန်အမတ်ကလဲ ဆင်ဖြူတော်ပေါ်
နေတာကို အခွင့်ကောင်းယူပြီး ဘုရင်ကြီးကို ကိုယ်တိုင်ထွက်၍ ကျုံးသွင်းဖမ်းတော်မူပါလို့ အကြံပေးပါတယ်၊ သီဟသူဘုရင်ကလဲ ဆင်ဖြူတော် ခရေစီဖြစ်နေတာဆိုတော့ သူ့အကျိုးကို လိုလားလို့ ပြောတယ်မှတ်ယူကာ ပုဂံမှ ဒလသို့ ဖောင်တော်နဲ့ ထွက်လာခဲ့ပါတော့
တယ်။ အဲဒီမှာတင် ရာဇသင်္ကြန် အမတ်ကြီး ဆင်ထားတဲ့ထောင်ချောက်ထဲကို တိုးဝင်မိရဲ့သား ဖြစ်တော့တာပေါ့။

သီဟသူဘုရင် ဆင်ဖမ်းတဲ့ ကျုံးထဲလည်း
ရောက်ရော ကွမ်းသွေးတွေပေနေတဲ့ ဝတ်ရုံတော်ကြီး ဝတ်ရက်သားနဲ့ အမတ်ကြီး
ရာဇသင်္ကြန်ကို တွေ့လိုက်ရပါတယ်။

အမတ်ကြီးက `` အရှင်မင်းကြီး
ဒီကွမ်းသွေးတွေ ပေနေတဲ့ ဝတ်ရုံတော်ကို မှတ်မိသေးရဲ့လား´´ လို့ မေးလိုက်တော့မှ အိမ်ရှေ့စံဘဝက သူ မထီမဲ့မြင် လုပ်ခဲ့မိတဲ့အမှုကို သတိရမိလိုက်ပါတယ်။ သူ့ကို သတ်တော့မယ်
ဆိုတာကိုလဲ ချက်ချင်းပင် သဘောပေါက်ကာ အရမ်းကို တုန်လှုပ်သွားတာပေါ့

ဘုရင်ဖြစ်နေပါလျှက် အမတ်ကြီးအား ရှိခိုးပြီး အသက်ချမ်းသာပေးဖို့ တောင်းပန်ပါတယ်၊ ထီးနန်း စည်းစိမ်ကိုပါ လွှဲပေးဖို့အထိ အသနားခံ တောင်းဆိုရှာပါတယ်။ ဒါပေမယ့် အာဃာတ အငြှိုးကြီးစွာထားခဲ့တဲ့ ရာဇသင်္ကြန် အမတ်
ကတော့ မကျေနပ်နိုင်ပဲ ဆင်နဲ့ တိုက်သတ်
လိုက်ပါတော့တယ်။ ဒါဟာ မထီမဲ့မြင်ပြုမိခဲ့ခြင်းရဲ့ ရလာဒ်ပါပဲ။

သို့အတွက်ကြောင့် အရာရာကို မထီမဲ့မြင် မလုပ်မိအောင် သတိပြုဆင်ခြင်ရပါမယ်၊
အကယ်၍ ပြုမိပါကလဲ နှစ်ဦးနှစ်ဖက် ပျက်စီး
စေတတ်ခြင်းသာ ဖြစ်တတ်တယ်ဆိုတာ ဒီဇာတ်လမ်းကနေ သင်ခန်းစာယူကြရမှာပင် ဖြစ်ပါတယ်။ မိသားစုဘဝမှာလဲ လင်နဲ့မယားဟာ မထီမဲ့မြင် ပြုလုပ်မိခဲ့ကြမယ်ဆိုရင် အိမ်ထောင်ရေး
ပြိုကွဲပြီး မိသားစုဘဝတွေပါ ပျက်စီးစေနိုင်တာမို့ သတိပြုပြီး အာဃာတ အမုန်းတရားတွေကို ဖယ်ရှားနိုင်ကြပါစေလို့ တိုက်တွန်းလိုက် ပါတယ်။

minminthet@minminthet