"လူကြီးတွေဖတ်ဖို့...စာ..."
ကိုယ့်မိတ်ဆွေ ဂျပန်မက သူ့သား(၁၀)နှစ်ကလေးက ကျောင်းပိတ်ရင် အမေရိကမှာနေတဲ့ အဘိုးအဘွားတွေဆီကိုလေယာဉ်စီးပြီး တစ်ယောက်တည်းသွားလည်မှာလေ လို့ပြောလိုက်တာကိုသတိရသွားလို့ပါ..။
ကိုယ်လည်း သားကဒီနှစ်ဆိုရင်(၁၈)နှစ်တောင်ပြည့်တော့မှာဆိုတော့ မင်းတစ်ယောက်တည်း မြန်မာပြည်သွားလည်ချေလို့ ပြောဖူးတယ်..။ တတ်သလောက်မြန်မာစကားနဲ့ သိသလောက် culture knowledge နဲ့ တစ်ယောက်တည်းသွားပစ်လိုက်စမ်းလို့ မြှောက်ပေးထားတယ်..။
မိဘဆိုတော့ စိတ်တော့ပူတာပေါ့လေ..။ ဒါပေမယ့် ငါ့သားလေးချစ်လိုက်တာ၊ ငါ့သမီးလေးမခွဲနိုင်ဘူးနဲ့ ကြက်သားအုပ်မကြီးလိုအတောင်ပံတွေအောက် အတင်းထည့်ဝပ်ထားလည်း အချိန်တန်အတောင်ပံတွေထွက်လာရင်ပျံမှာပဲ..။ အပျံသင်ပေးဖို့ကပဲ မိဘတာဝန်..။ ပျံပုံပျံနည်းလမ်းညွှန်ဖို့ကပဲမိဘတာဝန်..။
သူကတော့ အေးအေးဆေးဆေးပါပဲ...သွားမယ်လေတဲ့..။
နိုင်ငံရပ်ခြားမှာနေတဲ့ကလေးတွေကတစ်ခုတော့ကောင်းတယ်..။ self confidence ရှိကြတယ်..။ သူတို့နေထိုင်ကျင်လည်ရတဲ့ပတ်ဝန်းကျင်ကလည်း ကလေးပဲဖြစ်နေပါစေ၊ သူတို့ကိုလူတစ်ယောက်လိုနေရာပေးဆက်ဆံရတာခံနေကြရပေသကိုး..။ Home Alone(2)ရုပ်ရှင်ထဲက Kevin လေးလို သူ့အဖေရဲ့ခရက်ဒစ်ကတ်နဲ့တစ်ယောက်တည်းနယူးယော့ခ်မှာဟိုတယ်တက်တည်းနေသလိုပေါ့..။
ဒီလိုနိုင်ငံတွေဆိုတာမျိုးဟာ...
ကလေးကတန်းစီလည်း ကလေးခေါင်းပေါ်ကကျော်ပြီး လူကြီးတွေကကြားမဖြတ်သောနိုင်ငံ..။
ကလေးက စကားပြောရင် လူကြီးတွေကဒူးထောက်ထိုင်ချရင်း မျက်နှာချင်းဆိုင်ဖြစ်တော့မှကလေးပေမယ့်လည်းစကားကိုတလေးတစားနားထောင်ပေးသောနိုင်ငံ..။
ကလေးကသူ့ထင်မြင်ချက်ကိုပြောရင် နင်အသာနေစမ်း..ကလေးက ကလေးနေရာနေလို့ ကလေးရဲ့ထင်မြင်ချက်၊ သုံးသပ်ချက်၊ ကလေးရဲ့ရှုထောင့်ကို လူကြီးအာဏာနဲ့ပုတ်မထုတ်သောနိုင်ငံ..။
ကလေးတစ်ယောက်တည်းအပြင်မှာတွေ့ရင် လူကြီးတွေကဂရုတစိုက်လမ်းညွှန်ထိန်းသိမ်းစောင့်ရှောက်ပေးတာကိုခံယူရသောနိုင်ငံ..။
အဲဒီလိုနိုင်ငံက ကလေးတွေဟာ မိဘကနောက်ကတကောက်ကောက်လိုက်ပေးနေစရာမလိုလောက်အောင် သူတို့ရဲ့ဘဝကလုံခြုံနေကြတယ်..။ ကိုယ်ပိုင်အရည်အချင်းနဲ့ကိုယ်ပိုင်အတွေးအခေါ်နဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိလာစေဖို့ မိဘကကော ပတ်ဝန်းကျင်ကပါ ပြုစုပျိုးထောင်တာကိုခံနေကြရတာမို့ တခြားနိုင်ငံက ကလေးတွေထက်တစ်ပန်းသာတယ်ပြောရင် မနာကြပါနဲ့..။
အဲဒီလိုမျိုး တခြားနိုင်ငံမှာနေတဲ့မိဘတစ်ယောက်အနေနဲ့ ကိုယ့်သားသမီးတွေပေါက်မြောက်ထူးချွန်သလို ကိုယ့်ဇာတိမြေက ကလေးတွေကိုလည်း အဲဒီလို self confidence တွေရှိစေချင်တာအမှန်ပါပဲ..။
next generation မှာ အားလုံးတပြေးညီသာဖြစ်နေခဲ့ရင် ကိုယ်တို့ပတ်ဝန်းကျင်ကြီး မတိုးတက်နိုင်စရာ ဘာအကြောင်းမှမရှိဘူး..။ နိုင်ငံခြားရောက်ကလေးတွေလောက်တော်တဲ့ မြန်မာကလေးတွေမြန်မာပြည်မယ် တစ်ပုံတစ်ပင်ကိုရှိနေတယ်..။
အဖြေကတော့ အပေါ်ယံပတ်ဝန်းကျင်လောက်ကိုပဲပြောင်းလဲပစ်နေရုံနဲ့မရနိုင်ဘူးဆိုတာပါပဲ..။
နိုင်ငံခြားမှာ shopping mall ရှိသလို မြန်မာပြည်မှာလည်းရှိပါတယ်လို့ ဂုဏ်ဆာပြနေရုံနဲ့မလုံလောက်ဘူး..။
နိုင်ငံခြားbranded တွေ မြန်မာပြည်တွင်းမှာပဲဝယ်လို့ရနေတာပဲလို့ ပုခုံးချင်းယှဉ်ပြနေရုံနဲ့ တိုင်းပြည်အနာဂတ်ကြီးက branded ဖြစ်မလာဘူး..။
ပညာရေးရေချိန်အမြန်မြှင့်ပြီး အသက်ငယ်ငယ်နဲ့ဘွဲ့တွေရနေတိုင်းလည်း တခြားနိုင်ငံဘွဲ့ရတွေကိုမယှဉ်နိုင်သေးဘူး..။
ယှဉ်ချင်ရင်လူမှုဆက်ဆံရေးကနေ အရင်စပြင်မှရပါလိမ့်မယ်..။
ကလေးတွေကို လူလိုသူလို ဆက်ဆံရေး...
ကလေးတွေကို နေရာပေးရေး...
ကလေးတွေရဲ့ထင်မြင်ချက်ကိုဦးစားပေးရေး...
ကလေးတွေရဲ့ယူဆချက်ကို ပုတ်မထုတ်ရေး...
ကလေးတွေရဲ့လုပ်ဆောင်ချက်ကို ဥပေက္ခာမပြုရေး...
ဒါတွေဟာ ကလေးတွေက လုပ်ရမှာမဟုတ်ဘူးရယ်..။
အဲ့ဒါ ကိုယ်တွေ လူကြီးတွေကလုပ်ပြရမှာ...။
ဒါဟာ...
လူကြီးတွေဖတ်ဖို့...စာ...။