ကံဆိုတာဘာလဲ
▬▬▬▬▬▬▬
မြတ်စွာဘုရားရှင်ရဲ့ သာသနာမှာ အခြေခံအကျဆုံး ဘုရားသည် "ကမ္မဿကတ သမ္မာဒိဋ္ဌိ" ဉာဏ်ဖြစ်တယ်လို့ မှတ်သားကြရမယ်။ ဒီတော့ကား "ကံ" ဆိုတဲ့ စကားနဲ့ပတ်သက်လို့ ပထမဦးဆုံးရှင်းအောင် ဘုန်းကြီးကမေးပါမယ်။
"ကံ" ဆိုတာ ဘာကိုပြောတာလဲလို့ ဘုန်းကြီးမေးတာကို ကိုယ့်စိတ်ထဲမှာကိုယ် ဖြေထားကြပါ။ "ကံ" နဲ့ပတ်သက်လို့ရှိရင် ဘာမှမလုပ်ဘဲနဲ့ အင်အားတစ်ခုက လာပေးသယောင်ယောင် မမြင်ရတဲ့ အင်အားတစ်ခုလို့ တော်တော်များများက မြင်နေကြတယ်။
ကံ၏အဓိပ္ပာယ်
▬▬▬▬▬▬▬
တကယ်တော့ ကံဆိုတဲ့ စကားလုံးပေါ်မှာပဲ သုံးသပ်ကြရအောင်။ ကကြီးသေးသေးတင် ကံလို့ ရေးကြတယ်။ ဒီသေးသေးတင် သဒ္ဒါဟာ ဘယ်ကလာသလဲဆိုရင် "မ" သဒ္ဒါကလာတယ်လို့ မှတ်ပါ။ (ကံ= ကမ်က ဆင်းသက်လာတာ ဖြစ်တယ်)။ အပြည့်အစုံ ပါဠိလိုရေးတဲ့အခါမှာ “ကမ္မ”လို့ရေးပါ နောက် “ ပြုလုပ်ခြင်း” လို့မှတ်ကြပါ။
ပြုလုပ်တဲ့နေရာမှာ "ကံ"ဟာ မိမိတို သဏ္ဌာန်မှာ သုံးပိုင်းရှိပါတယ်။ ပြောပြလိုက်ရင် အားလုံးသိပါလိမ့်မယ်။ ကာယကံ၊ ဝစီကံ၊ မနောကံ သုံးမျိုးရှိပါမယ်။ အဲဒီသုံးမျိုးမှာ ဘယ်‘ကံ’ဟာ အားအကြီးဆုံးလဲဆိုတာ ဖြေကြည့်ကြပါ။ အားအကြီးဆုံးသည် မနောကံလို့ မှတ်ကြပါ။
မနောကံမှာ မနော+ကံ(နှစ်)ခု ပေါင်းထားတာ ဖြစ်ပါတယ်။ မနော=စိတ်၊ ကံ=ပြုလုပ်ခြင်း ဖြစ်တဲ့အတွက် စိတ်နဲ့ပြုလုပ်စီမံတာတွေ အားလုံးဟာ "ကံ"ပဲပေါ့။ လူတိုင်းဟာနေ့စဉ်နဲ့အမျှ အချိန်တိုင်း အချိန်တိုင်းမှာ "ကံ" မြောက်နေကြတယ်ဆိုတာ မှတ်သားကြရမယ်။ အဲဒီနေရာမှာ ကောင်းကံ၊ မကောင်းကံ ဆိုတာတွေပါလာကြမယ်။
"ကံ" ကိုချည်းမယုံပါနှင့်၊ ဉာဏ်ဝီရိယ ပေါင်းပါဦး "ကံ" ကိုချည်းမယုံပါနှင့်၊ ဉာဏ်ဝီရိယကိုလည်း အားကိုးပါဦး "ကံ-ဉာဏ်,ဝီရိယ စုံမှဖြစ်မယ်" ဆိုတဲ့ စကားတွေဟာ ကံနှင့် ဉာဏ်,ဝီရိယကို တစ်သီးတစ်ခြားစီရယ်လို့ ယူဆပြောဆိုနေပုံရပါတယ်။ ပြုလုပ်ခြင်း ကံဆိုတဲ့အထဲမှာ ဉာဏ်,ဝီရိယ ပါဝင်ပေါင်းစပ်မှုမရှိဘဲ မောဟ, ဒေါသ, မာန စသည်တို့ ပါဝင်ပေါင်းစပ်တဲ့ ပြုလုပ်ခြင်း "ကံ"ကို မကောင်းတဲ့ “ကံ” ရယ်လို့ နားလည်သဘောပေါက်သင့်ပါတယ်။
❖ ဒီတော့ ဘုရားရှင်ရဲ့ စကားတော်နဲ့အညီ ဖြစ်ပါတယ်။ ကောင်းတဲ့ပြုလုပ်မှု "ကံ" ကြောင့် ကောင်းကျိုးရပါတယ်။ မကောင်းတဲ့ပြုလုပ်မှု "ကံ"ကြောင့် မကောင်းကျိုးရပါတယ်လို့ ရှင်းရှင်းလင်းလင်း နားလည်သင့်ကြပါတယ်။ "ကံ"ကို နှိမ့်ချပစ်ပယ်သကဲ့သို့ မပြောမိဖို့အရေးကြီးပါတယ်။ ဘုရားရှင်ရဲ့ စကားကိုပစ်ပယ်ရာ ကျမှာစိုးလို့ ပြောနေရတယ်လို့ မှတ်ကြပါ။
စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ
ဘုရားရှင်က 'ကံ’ ကို ဘယ်လိုဟောကြား အမိန့်ရှိခဲ့သလဲဆိုရင် “စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ” လို့ ဟောကြားခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့
ဘိက္ခဝေ=ချစ်သား ချစ်သမီးတို့၊
စေတနာ=စေ့ဆော်တဲ့ သဘောတရားဆိုတဲ့ တရားကို၊
အဟံ=ငါသည်၊
ကမ္မံ=ပြုလုပ်ခြင်းဟူ၍၊
ဝဒါမိ=ဆိုတယ်လို့ အဓိပ္ပါယ်ရပါတယ်။
ဘုရားရှင် ဟောကြားတော်မူရာ၌ ‘ကံ’၏ အစဖြစ်ရာ အခြေခံပေါ်ရာအကြောင်းအရင်း အခြေခံအစကလေးကို ဟောကြားခဲ့ကြတာ ဖြစ်တယ်။ ဘုရားရှင်ရဲ့ဉာဏ်တော်ကြီးက အင်မတန်ကြီးမားတော့ကာ ကံ=ပြုလုပ်ခြင်းရဲ့ အစဖြစ်ပေါ်ရာလေးကို မြင်နိုင်ခဲ့တာ၊ စေတနာဖြစ်ပေါ်လာတာဟာ 'ကံ'လို့ ဘုရားကဟောကြားခဲ့တာ။
ဒီနေရာမှာ တောင်တန်းသာသနာပြု ဆရာတော်ဘုရားကြီးကလည်း ဘယ်လိုအမိန့် ရှိခဲ့သလဲဆိုရင်တော့
"စေတနာကောင်းရင် ‘ကံ’ကောင်းမယ်၊ ‘ကံ’ကောင်းရင် ဘဝအကျိုးပေး ကောင်းလိမ့်မည်၊ စေတနာညံ့ရင် ‘ကံ’ညံ့မယ်၊ ဘဝအကျိုးပေးလည်း ညံ့လိမ့်မည်၊ စေတနာဟာ ကောက်ကွေ့ရင် 'ကံ’ဟာ ကောက်ကွေ့လိမ့်မယ်၊ ဘဝအကျိုးပေးလည်း ကောက်ကွေ့လိမ့်မယ်၊ စေတနာဖြောင့်ရင် ‘ကံ’ဖြောင့်လို့၊ ဘဝအကျိုးပေးလည်း ဖြောင့်လိမ့်မယ်၊ စေတနာဟာ အင်မတန် ယုတ်ညံ့လို့ရှိရင် ‘ကံ’ ယုတ်ညံလို့ ဘဝအကျိုးပေးလည်း ယုတ်ညံ့လိမ့်မယ်။ စေတနာမြင့်မြတ်လို့ရှိရင် ‘ကံ’ မြင့်မြတ်လို့ ဘဝအကျိုးပေးလည်း မြင့်မြတ်လိမ့်မယ်" လို့ ဟောကြားခဲ့တယ်။
ဒီနေရာမှာ စေတနာကိုသာ နားလည်သဘောပေါက်ရင် ကိုယ့်ဘဝကို ကြိုက်သလို ဖန်ဆင်းနေလို့ရတယ်လို့ အမိန့်ရှိခဲ့ခြင်းဖြစ်ပါတယ်။ သေချာမှတ်သားကြဖို့ လိုတယ်နော်၊ စေတနာဟာ လောကအတွက် အသုံးချလို့ ရမယ့်အရာတစ်ခုလို့ မှတ်ခဲ့ကြပါ။
ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော်ဘုရားကြီး
“မြတ်ဗုဒ္ဓ၏အဆုံးအမနှင့် သတ္တလောက၏ဖန်ဆင်းရှင်” တရားတော်စာအုပ်မှ ကုသိုလ်ယူ စာစီရိုက်ကူးဖော်ပြခြင်း ဖြစ်ပါသည်။