မုဒိတာပွားနိုင်ကြပါစေ

Words
209
Reading
1 min
Listen
Play
8y

ကိုယ်ရည်ကိုယ်သွေး ပြည့်ဝတဲ့သူဟာ ဆွေးနွေးလို့ကောင်းတဲ့ မိတ်ဆွေတွေနဲ့  ပွင့်ပွင့်လင်းလင်း ဆွေးနွေးလေ့ ရှိတယ် ။
တစ်ဖက်သား ပြောတာကို စိတ်ဝင်စားပြီး
နားထောင်လေ့ ရှိတယ် ။
သူ မရှင်းတာ ရှိရင် မေးတယ် ။
သူ သဘောမတူတာ ရှိရင် မတူကြောင်းကို ပြောတယ် ။ ဒါပေမယ့်
အနိုင်လိုချင်လိုငြင်းခုံတာကို ဘယ်တော့မှ မလုပ်ဘူး ။

သူများ မှားသွားတာကို ထောက်ပြပြီးတော့ အရှက်ခွဲတာမျိုး ၊ အနိုင်ယူတာမျိုး ဘယ်တော့မှ မလုပ်ဘူး ။ အမှားထဲကသင်ခန်းစာ ယူနိုင်အောင်ပဲ ကူညီလေ့ရှိတယ် ။ နောက်ထပ် မမှားအောင်လည်း အားပေးတတ်တယ် ။

သူတစ်ပါးရဲ့ အမှားကို ကိုင်ထားပြီးတော့ "မင်း မှားတယ် ၊ မင်း မကောင်းဘူး ၊ မင်း ရှုံးတယ် ၊ မင်း ဥာဏ်မရှိဘူး" ဆိုပြီး အနိုင်ကျင့်တာ ၊ အနိုင်ယူတာ ၊ လွှမ်းမိုးတာ ၊ ချုပ်ချယ်တာမျိုး လုပ်တာ ဘယ်တော့မှ မတွေ့ ရဘူး ။ သူဟာ ခြောက်တာကိုလည်း မကြောက်ဘူး ၊ မြှောက်တာကိုလည်း မမြှောက်ဘူး ။

သူ့ စိတ်ကို သူသိပြီး ရှင်းအောင်ထားတတ်တဲ့အတွက် စိတ်ရှင်းရှင်းနဲ့ နေတတ်တယ် ။
သူကလည်း အနိုင်မယူဘူး ။
သူ့ ကို အနိုင်ယူလို့ လည်း မရဘူး ။
ဘာကြောင့်လဲ ဆိုတော့
သူ့စိတ်ဟာ အနိုင် အရှုံး မရှိတဲ့နေရာမှာရောက်နေလို့ ပဲ ။

သူ့ ကို အနိုင်ယူတဲ့ စကားမျိုး ၊ လွှမ်းမိုး ချယ်လှယ်တဲ့ စကားမျိုး ပြောရင် သူဟာ စိတ်မဆိုးဘူး ၊ စကားကို ပြောင်းတတ်တယ် ။ ဘာမှ ပြန်မပြောဘဲ နေတတ်တယ် ။ သို့ မဟုတ် ရှောင်သွားတတ်တယ် ။

သူများကို နိုင်ချင်တဲ့ စိတ်ဟာ ကလေးဆန်တဲ့ စိတ်ဖြစ်တယ် ။
သူများကို အပြစ်ရှာချင်တဲ့ စိတ်ထားဟာ
မရင့်ကျက်တဲ့ စိတ်ထားဖြစ်တယ် ။
သူ့ မှာ သူများကို နိုင်ချင်တဲ့ စိတ်မျိုး မရှိဘူး ။
သူဟာ ရင့်ကျက်သူ ဖြစ်တယ် ။

သူများတွေပေါ်မှာ သုံးလို့ ရတဲ့ နည်းပရိယာယ်မျိုးတွေကို သူ့ အပေါ်မှာ သွားသုံးလို့ မရဘူး။
သူ့ ကို နည်းပရိယာယ်မျိုးတွေ သုံးရင်လည်း ဘယ်လို သဘောထားနဲ့  ဘယ်လို ပရိယာယ်ကို သုံးတယ်ဆိုတာကို သိတယ် ။
ဘာကို လိုချင်လို့ ဘယ်စကားပြောတယ် ဆိုတာကို သိတယ်။

ပြင်ပ အရာတွေ ၊ ပစ္စည်းတွေ ၊ လူတွေပေါ်မှာ မှီခိုမှု သိပ်မရှိဘူး ။ သိပ်လွတ်လပ်တယ် ။ မိသားစု အပေါ်မှာ ၊ မိတ်ဆွေတွေ အပေါ်မှာ မေတ္တာ ဂရုဏာ ကြီးပေမယ့် သူတို့ ပေါ်မှာ စိတ်ထဲက မှီခို မနေဘူး ။ ကိုယ့်ဟာကိုယ် အဆင်ပြေအောင် ၊ စိတ်ချမ်းသာအောင် နေတတ်တယ် ။
မုဒိတာပွားနိုင်သောသူများဖြစ်နိုင်ကြပါစေ။

image