ဘဝမှာ ကိုယ့်အစွမ်းအစမပါဘဲ အလကားငွေမရဖူးဘူး။
ဘယ်လောက်တောင်များလဲဆိုရင် နေကြာစေ့ထဲက နှစ်ရာတန်တောင် တစ်ခါမှ မပေါက်ဖူးဘူး။
အောင်ဘာလေထီဆိုသည်မှာလည်း နည်းနည်းထိုး နည်းနည်းလွဲ၊ များများထိုးများများလွဲလို့ တစ်နှစ်တစ်ခါလောက်ကလွဲရင် မထိုးဖြစ်။
ပေါက်ပါစေလို့လည်း မမျှော်လင့်တတ်
(ဒါတောင် နှစ်လုံးထီရောင်းပါတယ် အသရေဖျက်ခံရသေးတယ်... ငိ ) 😂
ဒီနေ့ ကြည်စေသော်လေး ရက်တစ်ရာပြည့်မွေးနေ့အတွက် အင်္ကျီလေးရှာဝယ်ရင်း ထီသည်အဘကြီးနဲ့ ဆုံတယ်။ သူနဲ့ဆုံတိုင်း အားပေးနေကျ။ အသက်ကအတော်ကြီးနေတော့ သူလမ်းလျှောက်တဲ့ လေးချောင်းထောက်ကလေးမှာ ထီလက်မှတ်လေးတွေ ချိတ်ထားနေကျအဘ။ သူ့ထီလက်မှတ်က အခြားလူတွေထက်စာရင် ဆယ်စောင်ကို ငါးရာလောက်ဈေးများပေမယ့် သူနဲ့ဆုံတိုင်း အားပေးဖြစ်တယ်။ တစ်သောင်းတန်တစ်ရွက်ထုတ်ပေးတော့ လေးထောင်ကို တုန်တုန်ရီရီလက်တွေနဲ့ ပြန်အမ်းတယ်။ မအမ်းပါနဲ့ အဘလို့ဆိုလိုက်ပြန်ရင်ဖြစ်ဖြစ်၊ ဒီအတိုင်းပိုက်ဆံပေးလိုက်ရင်ဖြစ်ဖြစ် ဘဝကို အရှုံးမပေး တောင်းမစားဘဲ ဈေးရောင်းစားနေတဲ့ သူ့အားမာန်အတွက် အားနာမိတယ်။
သမီးရေ... ဒီစာအုပ်ထဲ နံပါတ်နဲ့ ဖုန်းနံပါတ်လေး ရေးသွားတဲ့။ ဟုတ်ကဲ့လို့ပဲ ပြောလိုက်တယ်... ကိုယ်မရေးဖြစ်ဘူး ။ ဘေးက ကိုယ့်လိုပဲ အားပေးနေတဲ့လူတွေနဲ့ အဲ့အဘ အလုပ်ရှုပ်နေတုန်း ခုနပိုက်ဆံပေးပြီးသား ထီလက်မှတ်ကို သူ့ဒေါက်ကလေးမှာ မသိမသာ ပြန်ချိတ်ပေးခဲ့တယ်။
ကိုယ့်ကံတရားဆိုတာကလည်း ကိုယ်ယုံပြီးသား
ဘယ်တော့မှ အလကားမရဘဲ ရုန်းကန်နေမှ ပိုက်ဆံရတဲ့ ကိုယ့်ရဲ့ ကံကြမ္မာကိုလည်း စိတ်ချတယ်။
ဒီထီလက်မှတ်လည်း ကိုယ်ပေါက်မှာ မဟုတ်တဲ့အတူ
ဒီအဘကြီး နောက်ထပ် ခြောက်ထောင် ရသွားတာ ပိုလက်တွေ့ကျတယ်လို့ပဲ ခံစားရတယ်။
ကိုယ် အရမ်းမချမ်းသာပါဘူး။
ကိုယ့်ရဲ့ ကံ၊ဉာဏ်၊ဝီရိယ သမ္မာအာဇီဝနဲ့ရတဲ့ငွေကို
ကိုယ့်မိဘတွေ၊ ကိုယ့်အိမ်ထောင်ဖက်၊ ကိုယ့်သမီးလေးဆီမှာ အသုံးပြုတယ်။
ကိုယ်လက်လှမ်းမှီသမျှ ကိုယ်တတ်နိုင်သမျှ မျှဝေတယ်။
ကိုယ့်ကိုယ်ကိုယ်လည်း ကျွေးမွေးစောင့်ရှောက်တယ်။
ဘုရားတည် ကျောင်းဆောက်
ကဗျည်းတင်နိုင်လောက်အောင် လှူနိုင်သူတွေကို
အားကျပါတယ်။
ကိုယ့်စွမ်းနိုင်သမျှလေးကိုလည်း ဘယ်တော့မှ အားမငယ်ပါဘူး။
ငွေစုပြီး သူဌေးမကြီး မဖြစ်ချင်တော့ဘူး။
သေရင် ကိုယ့်နောက်မပါတဲ့ လောကကြီးမှာ
မသေခင် ကိုယ်ဘာတွေ လုပ်ပေးနိုင်မလဲဆိုတာကိုပဲ
တန်ဖိုးထားတတ်လာတယ်။
တန်အောင် အသက်ရှင်မယ်။
နေတတ် သေတတ်သွားတဲ့အခါ
ဘဝဆိုတာ ဖြတ်သန်းခြင်းသက်သက်မျှသာပါပဲ.....