လူသားတွေကတော့ သဘာဝပတ်ဝန်းကျင် မရှိပဲ ၊သစ်ပင်တွေမရှိပဲ ရှင်သန်နေထိုင်လို့ မရနိုင်ပါဘူး။ သစ်ပင်တစ်ပင် ရှင်သန်ကြီးထွားဖို့ နှစ်နဲ့ချီစောင့်ရတတ်ပေမဲ့ လူ့လက်ချက်နဲ့ သစ်ပင်တစ်ပင်ဘဝ အဆုံးသတ်သွားဖို့ကတော့ နာရီပိုင်း စက္ကန့်ပိုင်းလောက်ပဲ ကြာတတ်ပါတယ်။
အခုခေတ်ဆို တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့တွက်ကြည့်တဲ့အခါ လူသားတေိကြောင့် သစ်တောပျက်စီးမှုနှုန်းဟာ တစ်မိနစ်တိုင်းမှာ ပျှမ်းမျှ ဧက ၅၀ လောက် ပျက်စီးနေတယ်လို့ သိရပါတယ်။ ဘယလောက် နှမြောဖို့ကောင်းတဲ့ အတိုင်းအတာလဲ။
ကျနော်တို့လူသားတွေ အသက်ရှင်နေထိုင်ဖို့ အနည်းဆုံး ကျနော်တို့နားလည်ထားသလို သစ်ပင်တစ်ပင်ကနေ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို စုတ်ယူတယ်။ ကျနော်တို့လူသားတွေအတွက်လိုအပ်တဲ့ အောက်ဆီဂျင်ကို ထုတ်ပေးတယ်။ အဲ့လို လူသားတွေရဲ့အသက်ရှင်မှုကို ဖြည့်ဆည်းပေးနေတဲ့ သစ်ပင်တွေကို သတ်လိုက်ပြီး လူသားတွေက ကိုယ်အသက်ကို နုတ်ယူနေကြသလို ဖြစ်နေပါပြီ။
အထူးသဖြင့် ကမ္ဘာမှာ သယံဇာတထွက်ရှိမှု များပြားပြီး ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းဝင်တဲ့ မြန်မာနိုင်ငံပါပဲ။ ကျနော်တို့ မှတ်မိသလောက် သစ်တောတွေ သစ်ပင်တွေက ဒီ ဆယ်စုနှစ် နှစ်ခုလောက်အတွင်းမှာကို အတော်ကြီး ကုန်စင်ပြောင်းလဲလာနေပါပြီ။ တောင်တွေဆို ကတုံးတွေဖြစ်လာတယ်။ တချို့ သစ်ထုတ်ယူရခက်တဲ့ နေရာတွေမှာလောက်သာ အပင်ကြီး တချို့ကိုပဲမြင်ရတော့တဲ့အထိ တောတွေ တောင်တွေက ကွက်ကျားဆန်လာနေပါပြီ။ ဖားကန့်လို နေရာမှာလည်း ဘယ်လို သဘာဝပတ်ဝန်းကျင်အကြောင်းမှ ဟောပြောလို့ ရနိုင်မှာ မဟုတ်တော့ပါဘူး..။ တချို့ သစ်ထုတ်လုပ်တဲ့နေရာတွေမှာ သစ်ပင်ထိန်းသိမ်းမှုအကြောင်း သွားပြောလိုက်ရင်တော့ ကျနော်တို့အတွက် ခေါင်းတစ်လုံးပဲ လက်ဆောင်ပြန်ပေးခံလိုက်ရတော့မယ် ထင်ပါရဲ့။
ကျနော်တို့နိုင်ငံဟာ ဆင်းရဲတဲ့နိုင်င့်ဖြစ်တယ်။ အဲ့ဒီအတွက် လူတစ်ယောက်ဟာ သဘာဝပတ်ဝန်းကျင်ကို ချစ်တတ်ဖို့ထက် ကိုယ့်ဝမ်းရေးသည်သာ ကိုယ့်ပြဿနာ ဖြစ်နေတတ်တယ်။
အိန္ဒိယကငြိမ်းချမ်းရေးခေါင်းဆောင်ကြီး မဟတ္တမဂန္ဓီပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းရှိပါတယ်။
"လူ့လိုအပ်ချက်အတွက်ကမ္ဘာကြီးမှာအလုံအလောက်ရှိပါတယ်။ ဒါပေမဲ့ လူ့လောဘအတွက်တော့မရှိဘူး " တဲ့။
ကျနော်တို့ရှင်သန်နေထိုင်လို့ရတဲ့ အသက်ရှင်ဖို့အတွက်သက်သက်ဆို ရေ.မြေ.လေ.နေ.အစားအသောက်.အဲ့ဒါတွေအားလုံးကို ကမ္ဘာကြီးကနေ အလုံအလောက်ရရှိနိုင်ပါတယ်..ဒါပေမဲ့ လူ့လောဘတွေ ချမ်းသာမှုတွေအတွက်ကတော့ ဘယ်လိုလုံလောက်ပါ့မလဲ..လူဆိုတာ ရလေလိုလေအမျိုးတွေ မဟုတ်လား..
ဖွံ့ဖြိုးပြီး နိုင်ငံတွေထက် မြန်မာနိုင်ငံလို ကမ္ဘာမှာ အဆင်းရဲဆုံး စာရင်းဝင်နိုင်ငံမှာ ငွေရလွယ်တဲအလုပ်ကို လုပ်လေ့ရှိကြတာ မဆန်းပါဘူး..ဝမ်းစာအတွက် ဝမ်းစာရှာကြတဲ့ လူထုတွေရဲ့ ထမင်းအိုးကို ရိုက်ခွဲသူတွေလည်း ဘယ်သူမှဖြစ်ချင်ကြမှာ မဟုဆ်ပါဘူး။ ဒါပေမဲ့ သဘာဝပတ်ဝန်းကျင်ဆိုရင် မြန်မာပြည်မှာဆို အဦးဆုံး မြန်မာ့သစ်တောတွေကို ပြေးမြင်မိတတ်ကြလေ့ရှိပါတယ်။ မြန်မာနိုင်ငံဟာ သစ်တောဧရိယာ ဟတ်တာ များစွာကို ပိုင်ဆိုင်ထားသလို ရေပိုင်နက်တွေကိုလည်း ကျယ်ဝန်းစွာ ပိုင်ဆိုင်ထားတဲ့ နိုင်ငံ တစ်နိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သဘာဝပတ်ဝန်းက်ျင်ကို တန်ဖိုးမထားကြလေသလား မပြောတတ်ပါဘူး။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြောင်း ဟောပြောမှုတွေ နည်းပါးကြသလို အဲဒီ့လို ဟောပြောပွဲတွေဆိုရင်လည်း လူနည်းနေတတ်လေ့ရှိပါတယ်။ ပြီးရင် ထုံးစံအတိုင်းပဲ တောတက်ပြီး သစ်လုပ် ထင်းခုတ်တွေ ရှိနေကြတာပါပဲ။
မြန်မာလူမျိုးတွေရဲ့ ဓလေ့ထုံးတမ်းအရရော လျှပ်စစ်မီးမရတဲ့အကြောင်းအရင်းတွေပါ စုပေါင်းပြီးတော့ ထင်းမီးသုံးစွဲနေကြတာတွေကလည်း သစ်တောပြုန်းတီးခြင်းရဲ့အကြောင်းအရင်းတွေပါ။ပြီးတော့ သစ်တောစိုက်ဧရိယာတွေထက်သစ်ပင်ကြီးတွေကိုခုတ်ပြီး ပျဉ်လုပ်တာတွေ လူ့အသုံးအဆောင်ပစ္စည်းတွေကို မက်မောဖွယ်ကောင်းအောင် လုပ်တာတွေ သစ်တော သစ်ပင်တွေကို စီးပွားရေးသမားတွေ မျက်စိကျစေအောင် လမ်းဖွင့်ပေးသလို ဖြစ်နေတဲ့ အချို့အကြောင်းအရင်းတွေကြောင့် မြန်မာနိုင်ငံမှာ သစ်တော သစ်ပင်တွေ တဖြည်းဖြည်း ပျက်သုဉ်းလာနေကြပါပြီ..။
လောဘသား အချို့ရဲ့ ငါ့ဖို့အကြည့်တွေကြောင့် မြန်မာ့သဘာဝ ပတ်ဝန်းကျင်တွေထဲက ငွေရလွယ်တဲ့ သဘာဝသယံဇာတတွေကို တူးဖော်ကြရင်း ပျက်စီးခြင်းမက ပျက်စီးလာတဲ့ ယိုယွင်းခြင်းမက ယိုယွင်းလာနေတဲ့ မြန်မာ့သဘာဝ ပတ်ဝန်းကျင်ကို မြန်မာတွေ ပိုင်ဆိုင်နေကြရပါပြီ...။
သဘာဝပတ်ဝန်းကျင်ဆိုတာနဲ့ မြေ ၊ရေ၊ လေ သစ်တော ဆိုတာတွေပါစမြဲပါ။ ပထမဆုံး လူတွေရဲ့မီးလိုအပ်ချက်အရ လောင်စာတွေကိုရှာကြရတယ်။ လောင်စာအတွက်အနီးစပ်ဆုံး ထင်းတွေကိုရှာတယ်။ ထင်းအတွက် သစ်တွေ ခုတ်တယ်။ ဝါးတွေခုတ်တယ်။ အဲ့ဒီကနေ သစ်တောတွေ စတင်ပြုန်းတီးလာတယ်။ သစ်တောတွေ ပြုန်းတီးလာတာနဲ့အမျှ ရာသီဥတုတွေ ဖောက်ပြန်ပြောင်းလဲလာကြတယ်။ အဓိက ရေ တိုက်စားမှုစနစ်တွေ ပိုမိုကျယ်ပြန့်လာပြီး မြစ်တွေ ချောင်းတွေ တိမ်ကော လာတယ်။ ရေစီးကြောင်းပြောင်းလဲမှုဖြစ်စဉ်တွေကြောင့် ရေကြီးတာတွေ ဖြစ်လာတယ်။ သစ်တောသစ်ပင်တွေရဲ့ ရာသီဥတုထိန်းညှိမှု ဖြစ်စဉ်တွေက သစ်တောပြုန်းတီးလာမှုနဲ့အတူ ချွတ်ယွင်းလာတဲ့အခါ ရာသီဥတုက ပူလာတယ်။ ပြီးတော့ တောမီးလောင်တာတွေ မီးဘေးအန္တရာယ်တွေက ပိုပြီး များများစားစား ကြုံတွေ့လာကြတော့တယ်။
အဲ့ဒီလို တစ်ခုနဲ့တစ်ခု ချိတ်ဆက်ထားတဲ့ သဘာဝဝန်းကျင် ဖွဲ့စည်းမှု အကြောင်းကို ပြည်သူတွေ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိစေဖို့ ပိုပြီးအားကောင်းခိုင်မာတောင့်တင်းတဲ့ ခံတပ်လို သဘာဝပတ်ဝန်းကျင်ချစ်သူတွေကို ဖွဲ့စည်းဖို့ လိုအပ်လာနေတာ ဖြစ်ပါတယ်။
အခုမြန်မာပြည်ရဲ့အခြေအနေက သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ထက် အပြင်းအထန် ကာကွယ်ဖို့ အနေအထားမှာ ရှိနေတာပါ..။ သစ်တော တစ်ဧက ပြုန်းတီးဖို့ အချိန် ဘယ်လောက်ယူရမလဲ..။ တစ်ရက်လား နှစ်ရက်လား..။ဒီခေတ်ကြီးထဲမှာ စက်ယန္တရားသာ သုံးမယ်ဆိုရင် နာရီပိုင်း မိနစ်ပိုင်းအတွင်းမှာ သစ်တော တစ်ဧက ပြုန်းတီးဖို့ လွယ်သွားပါပြီ.။ ဒါပေမဲ့ သစ်တောတစ်ဧက ဖြစ်ထွန်းဖို့ အချိန်ဘယ်လောက်ယူရမလဲ...။ တစ်နှစ်လား.. နှစ်နှစ်လား..။ လုံးဝ မဖြစ်နိုင်ပါဘူး။
ကျနော်တို့အနေနဲ့ သစ်တော တစ်ဧက ဖြစ်ထွန်းဖို့ထက် သစ်ပင်တစ်ပင်တောင် ဖြစ်ထွန်းဖို့ အချိန်အများကြီးပေးပြီး စိုက်ပျိုးကြရတာဖြစ်ပါတယ်။ သစ်တော တစ်ဧက ဖြစ်ထွန်းဖို့ဆိုရင် အနည်းဆုံး ဆယ်နှစ်ကနေ နှစ်နှစ်ဆယ်လောက် အချိန်ယူမှ ဖြစ်နိုင်ပါလိမ့်မယ်..။
ဒီလောက် သစ်တောတွေ အကျယ်ကြီး ရှိနေတာဆိုတဲ့ ဆင်ခြေမျိုးကို တစ်ယောက်ပဲ ပေးပါ။ အဲ့ဒီစကားလုံးကိုပဲ လူတစ်ယောက်စီ တစ်ယောက်စီကနေ ဆင်ခြေပေးနေကြမယ်ဆိုရင် လူတစ်ယောက် သစ်တော တစ်ဧက မစိုက်ဖြစ်ရင်နေမယ်။ လူတစ်ယောက် သစ်တော တစ်ဧကစာလောက်တော့ ဖြုန်းတီးပစ်ခဲ့တာတွေ ရှိနေမှာပါ။ ဆင်ခြေတစ်ခုစီနဲ့ သစ်တော တစ်ဧကစာစီ ဖြုန်းတီးခဲ့ကြတဲ့ လူဆယ်ယောက်ရှိမယ်ဆိုရင် သစ်တော ဆယ်ဧကစာတော့ ပြုန်းတီးသွားတော့မှာ ဖြစ်ပါတယ်။
အဲ့ဒီဆယ်ယောက်ထဲက တစ်ယောက်ကို သစ်ပင် တစ်ပင်စီ စိုက်ဖို့ကတော့ လက်တွန့် နှောင့်နှေးနေကြအုံးမှာပဲ ဖြစ်ပါတယ်။
ငါတော့သစ်ပင် အပင်တစ်ရာ စိုက်ပြီးပြီလို့ ပြောပြီး သစ်ပင် အပင်ငါးဆယ်လောက် ခုတ်ယူလိုက်ခြင်းက သစ်တော ဖြုန်းတီးသူတစ်ယောက်တော့ ဖြစ်နေဆဲပါပဲ။
ဘာကြောင့်လဲဆိုတော့ သူစိုက်လိုက်တဲ့ သစ်ပင် အပင်တစ်ရာမှာ အပင်ငါးဆယ် ရှင်ဖို့ မသေချာလို့ပါ။
ငါက တစ်နှစ်ကို သစ်ပင်ဆယ်ပင် လုံးဝရှင်အောင်စိုက်တယ်။ တစ်နှစ်လုံးနေလို့ ငါ့ကြောင့် သစ်ပင်တစ်ပင် မပြုန်းတီးဘူးဆိုတဲ့ လူတစ်ယောက်ဆိုရင်တော့ အတော်လေး လေးစားဖို့ ကောင်းနေပါပြီ..။
ငါကတော့ စက်မှုလုပ်ငန်းကိုပဲ လုပ်တာမို့ သစ်ပင်စိုက်ဖို့မလိုဘူး လို့ ဆင်ခြေပေးတဲ့လုပ်ငန်းရှင်တွေရှိမယ်ဆိုရင်တော့ အရင်ဆုံး အဲ့ဒီစက်တွေကနေ လောင်စာမသုံးဘူး..။ စွန့်ပစ်ပစ္စည်းမထွက်ရှိဘူးလို့ပဲ အရင် ဝန်ခံနိုင်ပါစေ။ သစ်ပင်တစ်ပင်ခုတ်တာထက် သစ်တောတစ်ခုလုံး လေထုတစ်ခုလုံး ရေထုတစ်ခုလုံးထဲကို အညစ်အကြေး စွန့်ပစ် ပစ္စည်းပေါင်းမြောက်များစွာကို နေ့စဉ်နဲ့အမျှ စွန့်ထုတ်နေတဲ့ မိမိစက်ပစ္စည်းတွေအကြောင်းကိုလည်း အရင်ဆုံး စဉ်းစားသင့်ပါတယ်။
အနည်းဆုံး ပလပ်စတစ်အိတ်ပေါင်းများစွာတွေ ထောင်းထောင်း ထလာနေတဲ့ မိမိပတ်ဝန်း
ကျင်မှာ မိမိစက်ရုံက ထွက်ရှိတဲ့ ပလပ်စတစ်ပစ္စည်း ပါမပါ အရင်လေ့လာသင့်ပါတယ်။ အိုကေ.ကိုယ်တွေ့ရတာ အဲ့ဒီစွန့်ပစ်ပစ္စည်းထဲမှာ ကိုယ့်စက်ရုံက ထွက်တဲ့ပစ္စည်းတွေမရှိဘူးဆိုပါစို့။ ဒါဆို ကိုယ့်စက်ရုံဝန်းကျင်မှာ ကိုယ့်စက်ရုံကထွက်တဲ့ အနံ့အသက်တွေရ မရ နောက်ထပ် လေ့လာပါအုံး။ အဲ့လို အနံ့အသက်တွေလည်း မရှိဘူးဆိုပါစို့..။ မိမိစက်ရုံလည်ပတ်မှုအတွက် လောင်စာဆီကို တစ်ရက်ကို ဘယ်နှဂါလံလောက်အသုံးပြုနေသလဲ ပြန်လည် စဉ်းစားကြည့်သင့်ပါတယ်။