photo credit by facebook
မြင်မြင်သမျှအရာတိုင်းက အုံ့မှိုင်းလို့နေတာကို သဘောမကျသလိုကြည့်ရင်း မျက်လုံးကိုပြန်ပိတ်လိုက်တော့ သူမရဲ့မျက်နှာကကြည်ကြည်လင်လင်လေးပေါ်လာတယ်။လှလိုက်တာလို့ ယောင်ယမ်းပီးရေရွတ်မိတော့ ကိုယ့်အတွေးထဲမှာ မိုးတွေစွေလာပြန်ရောပေါ့။
သူမကိုချစ်ရင် သူမနဲ့လမ်းခွဲပေးပါလို့ ရုပ်ရှင်ထဲကစကားတွေနဲ့ပြောတာကိုခံရတဲ့တခဏတော့ ကိုယ်ကြောင်တောင်တောင်ဖြစ်သွားခဲ့တယ်။ဒီခေတ်ဒီအခါမှာ ဒီစကားမျိုးပြောဖို့ကသိပ်အဆင်မပြေတော့ဘူးလေ။ဒီလောက်လွတ်လပ်လွယ်ကူနေတဲ့ခေတ်ကြီးမှာ မိဘသဘောတူရင် တောင်းရမ်းလက်ထပ်မယ် မိဘသဘောမတူရင်ခိုးပြေးကြမယ် ဒီလိုပဲလုပ်နေကြတာ။အခုတော့ သူ့အမကိုယ်တိုင်လာပီး လမ်းခွဲပေးပါနောက်ဆုတ်ပေးပါဆိုတော့ ရယ်စရာတော့ကောင်းတယ်လို့တွေးရင်း ခပ်ပြုံးပြုံးပဲစဉ်းစားအုံးမယ်လို့ပြောခဲ့မိတယ်။
နောက်ရက်မှာတော့ သူမနဲ့တွေ့ဆုံဖို့ချိန်းဆိုခဲ့ပီး ဆုံနေကျနေရာမှာစောင့်နေခဲ့မိတယ်။အမြဲတမ်းကိုယ့်ထက်အရင်ကြိုရောက်နေတတ်တဲ့သူမက ဆုံမယ့်အချိန်ထက်နာရီဝက်ခန့်ကြာတဲ့အထိ ရောက်မလာချိန်မှာ ကိုယ့်ရင်တွေပူလာခဲ့တယ်။အိမ်ကသဘောမတူလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုယ့်ကိုလမ်းခွဲဖို့စဉ်းစားခဲ့ပီလားဆိုတဲ့အတွေးကို တွေးမိချိန်မှာတော့ ငုပ်လျှိုးနေတဲ့ကိုယ့်ဒေါသက ပြန်ပီးအသက်ဝင်လာခဲ့တယ်။
သူမမိဘတွေက ကိုယ်နဲ့သဘောမတူရအောင် ကိုယ့်မှာဘယ်လိုလိုအပ်ချက်တွေများရှိနေလို့လဲ။ကိုယ်ပိုင်စီးပွားရေးတစ်ခုမှာအောင်မြင်နေတဲ့ကိုယ့်ကို ရုပ်ရည်ချောမောသူလို့ ပြောတတ်တဲ့သူတွေကြားမှာ အမြဲခါင်းမော့နေတတ်တဲ့ကိုယ်က သူမမိဘတွေရဲ့မျက်စိထဲမှာ အထင်သေးစရာကောင်းအောင် ဘာတွေများလုပ်မိခဲ့လဲဆိုတာ ဥာဏ်မီသလောက်တော့ ကိုယ်စဉ်းစားခဲ့တာပဲ။ဘယ်လိုမှစဉ်းစားမရတဲ့အဆုံး ခေါင်းကိုသာစုံကုတ်လိုက်မိပါတယ်။
သူမနဲ့မတွေ့ရတဲ့နေ့တွေဟာ ကုန်လွယ်လွန်းခဲ့လို့ မရေမရာအတွေးတွေနဲ့ ကိုယ့်မှာ စိတ်ညစ်လွန်းလို့ ဘယ်အလုပ်ကိုမှစိတ်ပါလက်ပါ လုပ်လို့မရတဲ့အထိပဲပေါ့။ကိုယ့်ရဲ့နောက်ဆုံးမျှော်လင့်ချက်တစ်ခုဖြစ်တဲ့ သူမရဲ့တစ်ဦးတည်းသောသူငယ်ချင်းဖြစ်တဲ့ ကောင်မလေးဆီကိုအကူအညီတောင်းမယ်ဆိုတဲ့စိတ်နဲ့ထွက်ခဲ့မိတယ်။သတင်းလေးဖြစ်ဖြစ်ကြားချင်မိတယ်လေ။သူမသူငယ်ချင်းရဲ့ခြံရှေ့ကိုရောက်တဲ့အချိန်မှာတော့ သော့ခတ်ထားတဲ့ခြံဝန်းက ကိုယ့်ကိုဆီးကြိုနေခဲ့တယ်။
ကိုယ်တစ်နေ့လုံး နေမထိထိုင်မသာနဲ့ဖြစ်နေတာကို သတိထားမိတဲ့ ကိုယ့်အမက ကိုယ့်ကိုမျက်စောင်းထိုးရင်း "နင့်ပုံစံကရည်းစားအလုခံလိုက်ရတဲ့ပုံပေါက်နေပီ"လို့ပြောတော့ "အလုခံလိုက်ရရင်တောင်ဖြေသာသေးတယ် ခုဟာကဘာဖြစ်နေမှန်းမသိတော့ ဘယ်လိုတွေခံစားရမှန်းတောင်မသိလို့ ဒီလိုဖြစ်နေတာပေါ့" လို့ပြန်ဖြေတော့ ကိုယ့်အမကဒီခေတ်ကြီးထဲမှာ နင့်လိုအဖြစ်မျိုးက နင်တစ်ယောက်ပဲရှိမယ်လို့ပြောရင်း မီးဖိုခန်းထဲဝင်သွားချိန်မှာ ကိုယ့်လည်းအပြင်ကိုပြန်ထွက်လာမိတယ်။
သူမနဲ့မတွေ့ရတာဆယ်ရက်ပြည့်တဲ့နေ့မှာတော့ ကိုယ်တစ်ယောက်တည်းဆိုင်ထဲမှာထိုင်နေတုန်း ကိုယ့်သူငယ်ချင်းဇော်ကြီးရောက်လာခဲ့တယ်။ဇော်ကြီးကသူ့အဖွားဆုံးသွားပီဖြစ်ကြောင်းနဲ့ မနက်ဖြန်ရေဝေးမှာ သဂြိုလ်မှာဖြစ်လို့ နာရေးလာဖိတ်တာလို့ပြောပီး ပြန်ထွက်သွားခဲ့တယ်။ဇော်ကြီးအဖွားဆိုတာ ကိုယ့်အဖွားလိုဖြစ်နေခဲ့တာမို့ စိတ်ထဲမှာမကောင်းဖြစ်သွားတယ်။ငယ်ငယ်ကဇော်ကြီးတို့အိမ်မှာသွားဆော့တိုင်း မုန့်လုပ်ကျွေးတတ်တဲ့အဖွားက အသက်ကိုးဆယ့်ပြည့်မွေးနေ့ပွဲကို ကျင်းပခဲ့တာရက်ပိုင်းပဲရှိသေးတယ်လေ။
လူဆိုတာသေမျိုးဆိုပေမယ့် အဖွားမရှိတော့တဲ့ကိုယ်က ဇော်ကြီးအဖွားကို ကိုယ့်အဖွားလိုသဘောထားခဲ့တာမို့ အဖွားရဲ့နောက်ဆုံးခရီးကိုတော့ မဖြစ်မနေလိုက်ပို့ဖို့အတွက် အဖွားကြိုက်တဲ့နှင်းဆီဖြူတွေကိုဝယ်ဖို့ စဉ်းစားရင်း နှင်းဆီဖြူတွေကြိုက်တတ်တဲ့ သူမအကြောင်းကခေါင်းထဲကို တိုက်တိုက်ဆိုင်ဆိုင်ရောက်လာခဲ့တော့ ကိုယ်ခေါင်းကိုခါရမ်းလိုက်ရင်း ဖွဖွလွဲပါစေဖယ်ပါစေလို့ ပြောခဲ့မိတယ်။
အဖွားရဲ့နာရေးအချိန်ထက်စောပီး ရေဝေးကိုရောက်လာခဲ့တယ်။နောက်ဆုံးအချိန်အထိ အဖွားကိုစောင့်မနေစေချင်ဘူးလေ။အဲဒီအချိန်မှာပဲ ကိုယ်မြင်ဘူးခဲ့တယ်လို့ထင်ရတဲ့မျက်နှာတစ်ခုကို တွေ့လိုက်ရတဲ့အချိန်မှာ ကိုယ့်သွက်သွက်လက်လက်နဲ့ပဲ အမျိုးသမီးရဲ့လက်ကိုဖမ်းဆွဲလိုက်ပီး" ယမုံဘယ်မှာလဲ "လို့မေးလိုက်မိတယ်။ကိုယ့်ကိုမြင်လိုပ်ရတဲ့အချိန်မှာ အမျိုးသမီးရဲ့မျက်နှာကသွေးမရှိတော့သလို ဖြူလျော်သွားရင်း မျက်ရည်တွေစီးကျလာခဲ့တယ်။
photo credit by facebook
သူမကဘာမှမပြောဘဲ အရှေ့ကိုဆက်သွားချိန်မှာ ကိုယ်သူမနောက်ကိုလိုက်သွားမိခဲ့တယ်။သူမရဲ့ခြေလှမ်းတွေရပ်သွားချိန်မှာ ကိုယ်နှလုံးသွေးစီးဆင်းမှုလည်း တစ်ခဏတော့ရပ်တန့်သွားခဲ့တယ်ထင်တယ်။ကိုယ်မယုံကြည်နိုင်အောင် သူမကကိုယ့်ရှေ့ပန်းခင်းကြီးထဲမှာအိပ်စက်လို့ပေါ့။ကိုယ့်ရဲ့ခြေထောက်တွေခိုင်ခိုင်ရပ်နေဖို့ မဖြစ်နိုင်တော့တဲ့အချိန်မှာ သူမရဲ့ခြေရင်းမှာဝပ်ဆင်းခဲ့ရပေါ့။
ကိုယ့်ပုခုံးကိုညင်သာစွာဆုပ်ကိုင်ခဲ့တဲ့ လက်တစ်စုံကိုမော့ကြည့်မိတဲ့အချိန်မှာ ကိုယ့်ကိုနွေးနွေးထွေးထွေးကြည့်နေတဲ့ အမျိုးသမီးကြီးတစ်ယောက်ကို မျက်ရည်တွေကြားကအားစိုက်ကြည့်မိခဲ့တယ်။ကိုယ့်ကိုတွဲပီးခုံတစ်လုံးမှာထိုင်စေခဲ့တဲ့အမျိုးသမီးကြီးက သူမရဲ့အမေတဲ့လေ။ကိုယ့်ကိုသိပ်ချစ်တဲ့သူမက သူမခံစားခဲ့ရတဲ့ဝေဒနာတွေကို ကိုယ့်ကိုမသိစေချင်ခဲ့ဘူးတဲ့လေ။
photo credit by facebook
သူမလောကကြီးထဲကနေ ဘယ်လိုထွက်သွားခဲ့ရတာကို ကိုယ့်ကိုမသိစေချင်ခဲ့ဘဲ ကိုယ်မသိအောင်တိတ်တိတ်လေးထွက်သွားဖို့ကြံစည်ရင်း ကိုယ့်ကိုဘယ်လောက်များတွေ့ချင်နေရှာမလဲဆိုတာ တွေးကြည့်တော့ ကိုယ့်ရင်ဘတ်တစ်ခုလုံးနာကျင်ခဲ့ပေါ့။ပတ်ဝန်းကျင်ကသူတွေက သူမကိုချစ်တတ်လိုက်တာလို့ ပြောနေကြချိန်မှာ ဆက်လျှောက်ရမယ့်ကိုယ့်ဘဝအတွက် မရေရာတဲ့အလွမ်းတွေနဲ့ ကိုယ့်မှာတစ်ယောက်တည်းပေါ့။
@Leeshang
MSC -230