photo credit by facebook
မိုးအေးအေးလေးမှာ ရုံးပိတ်ရက်သုံးရက်လုံး ဘယ်မှမသွားပဲ အိပ်လိုက်စားလိုက်နဲ့သာယာနေခဲ့မိတယ်။နေ့လယ်ဘက်တွေမှာတော့ sky net ကဇာတ်ကားတွေတစ်ခုပီးတစ်ခုကြည့်ပေါ့။အဲဒီလိုမှမဟုတ်သေးရင် အိပ်ယာထဲမှာ ဖုန်းတစ်လုံးနဲ့အငြိမ်ပေါ့။
ကိုယ်ဒီလိုအေးအေးချမ်းချမ်းနဲ့ သာသာယာယာရှိနေရတဲ့အကြောင်းရဲ့ အဓိကကျေးဇူးရှင်ကတော့ လွန်ခဲ့တဲ့တစ်နှစ်ကျော်လောက်က ကိုယ့်ကိုထားသွားတဲ့ ကိုယ့်ရဲ့ရည်းစားဟောင်းလေးကြောင့်ပေါ့။သူထားခဲ့တဲ့နေ့တုန်းကတော့ ကိုယ့်မှာမိုးရေတွေနဲ့မျက်ရည်တွေရောခဲ့ရဘူးပေါ့။ခုတော့လည်းလည်း သူ့ကျေးဇူးနဲ့ကိုယ့်မှာဇိမ်ကျနေရတော့ သူ့ကိုကြံဖန်ကျေးဇူးတင်မိတယ်။
ကိုယ်သူနဲ့ချစ်သူဖြစ်ခဲ့တဲ့ သုံးနှစ်ပတ်ဝန်းကျင်လောက်မှာ မိုးအေးတဲ့နေ့တွေက ဒီလောက်ဇိမ်ကျမယ်မှန်းတစ်ခါမှမသိခဲ့ပါဘူး။သူ့ရဲ့လိုအပ်ချက်တွေဖြည့်ရင်းနဲ့ ကိုယ့်မှာရုံးပိတ်ရက်လည်းတစ်ခါမှ မနားဘူးခဲ့ပါဘူး။ကိုယ့်ရဲ့ဆန္ဒဆိုတာမရှိခဲ့သလောက် နည်းပါးခဲ့တဲ့ ကိုယ့်ရဲ့ရုံးပိတ်ရက်တွေမှာတော့ သူမရဲ့များပြားလှတဲ့ တာဝန်တွေကိုထမ်းဆောင်ရင်း အပျော်ကြီးပျော်ခဲ့ဘူးတယ်လေ။
ကဆုန်လပြည့်နေမို့ ညောင်ရေသွန်းပွဲသွားရအောင် ဝါဆိုလပြည့်နေ့မို့ ဝါဆိုပန်းသွားကပ်ရအောင် သီတင်းကျွတ်လပြည့်နေ့မို့ ဆီမီးထွန်းပွဲသွားရအောင် တန်ဆောင်တိုင်မီးထွန်းပွဲသွားရအောင်လို့ ပွဲတော်တွေတိုင်း တစ်ပွဲမှမလွတ်အောင်သွားတတ်တဲ့ သူမရဲ့အကျင့်တွေကိုနားလည်ပေးနိုင်ပေမယ့် ဒီဇင်ဘာလကစပီး ဖေဖော်ဝါရီလကုန်လောက်အထိ အားကစားဝတ်စုံအမျိုးမျိုးနဲ့ ကျန်းမာရေးလိုက်စားတတ်တဲ့ သူမရဲ့ဝါသနာကတော့ကိုယ်နဲ့ အဆင်မပြေဆုံးပါပဲ။
ရုံးပိတ်ရက်လေး အေးအေးလူလူအိပ်မယ်ကြံတိုင်း မနက်ငါးနာရီလောက်ဖုန်းဆက်ပီးနိုးတတ်တဲ့သူမကို ကိုယ်တဖြည်းဖြည်းမုန်းတီးလာတယ်။မျက်နှာသုန်သုန်မှုန်မှုန်နဲ့ ထလာတတ်တဲ့ကိုယ့်ကိုကြည့်ရင်း သူမကရယ်မောနေတတ်ခဲ့သေးတယ်။တစ်ခါတစ်လေ ကိုယ်ဖုန်းပိတ်ပီး အိပ်ပစ်လိုက်တဲ့နေ့တွေမှာတော့ သူမကဒေါသပုန်တွေထပီး ကိုယ့်ကိုသုံးရက်လောက် မခေါ်တော့ပါဘူး။သူမစိတ်ကောက်နေတဲ့နေ့တွေမှာ ကိုယ်နားအေးပါးအေးနေရတဲ့အရသာကို ခံစားမိလာခဲ့တယ်။
ဒီလိုနဲ့နောက်ပိုင်းမှာ သူမစိတ်ကောက်တဲ့အကြိမ်အရေအတွက် များလာခဲ့တယ်။ကိုယ်လည်းနားအေးရတဲ့ရက်တွေ များလာခဲ့တာပေါ့။ကိုယ်သူမနဲ့ပတ်သတ်ပီး နည်းနည်းတော့ပြောင်းလဲလာခဲ့တယ်ထင်ပါတယ် ကိုယ့်သူငယ်ချင်းတွေကတောင် သတိထားမိခဲ့တယ်။ " မင်းခုတလော အရင်လိုမဟုတ်တော့ဘူး " တဲ့လေ။အရင်ကဆို သူမစိတ်ကောက်တဲ့ရက်တွေတိုင်း ကိုယ့်မှာငူငူငိုင်ငိုင်နဲ့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိခဲ့ဘူး။သူမစိတ်ဆိုးပြေအောင် ဘယ်လိုချော့ရမလဲဆိုတဲ့ စိတ်တွေနဲ့ပူလောင်လို့ပေါ့။ခုတော့ သူမစိတ်ကောက်တဲ့ရက်တွေဆို သူငယ်ချင်းတွေနဲ့ ကန်တင်းမှာပျော်ပါးလို့ စိတ်တွေပေါ့ပါးနေခဲ့တယ်။
အဖုအထစ်များလာတဲ့အချိန်တွေမှာတော့ သူမဘက်ကကိုယ့်ကို ချိန်းဆိုမှုတစ်ခုလုပ်ခဲ့တယ်။ကန်ဘောင်ကိုမနက်ကိုးနာရီအရောက်လာခဲ့ပါဆိုတဲ့ msg တစ်စောင်ကိုပို့ခဲ့တယ်။အဲ့ဒီနေ့က မိုးတွေကလည်းမနက်တည်းကရွာနေခဲ့တယ်။ကိုယ်လည်းသူမနဲ့မတွေ့ဖြစ်တာကြာနေပီဆိုတော့ ကိုးနာရီမထိုးခင်ထဲကရောက်အောင်သွားပီး စောင့်နေခဲ့တယ် မိုးတွေကလည်းသည်းလိုက်တာလေ။မနက်ဆယ်နာရီသာထိုးသွားပါတယ် သူမကတော့ရောက်မလာခဲ့ပါဘူး။နောက်ဆုံးမစောင့်နိုင်တော့တဲ့အဆုံး သူမအိမ်ကိုကိုယ်လိုက်သွားခဲ့တယ်။သူမအမေရဲ့ မနက်ကတည်းသူ့သူငယ်ချင်းတွေနဲ့ ရုပ်ရှင်ကြည့်ဖို့ ထွက်သွားလေရဲ့ဆိုတဲ့ စကားအဆုံးမှာ ကိုယ့်မျက်ရည်တွေစီးကျလာခဲ့တယ်။တော်သေးတာပေါ့ မိုးနဲ့ရောပီး ကိုယ်ငိုနေတာကို ဘယ်သူမှသတိမထားမိခဲ့ဘူးလေ။
အဲဒီနောက်ပိုင်းမှာတော့ သူမဆီကအဆက်အသွယ်မလုပ်တော့သလို ကိုယ်လည်းသူမဆီကိုအဆက်အသွယ်မလုပ်ဖြစ်ရင်း ကိုယ်တို့နှစ်ယောက်ရဲ့ဇာတ်လမ်း တစ်ခန်းရပ်သွားခဲ့တယ်။ကိုယ့်သူငယ်ချင်းတွေကတော့ နောက်တစ်ယောက်ရှာဖို့ပြောကြပေမယ့် သူမရဲ့ကျေးဇူးကြောင့်ရခဲ့တဲ့ တစ်ယောက်တည်းနေရခြင်းရဲ့ အကျိုးကျေးဇူးတွေကို ကိုယ်သေချာခံစားရပီးပီမို့ နောက်ထပ်စိတ်ရှုပ်စရာတွေ မလိုချင်တော့တာကိုတော့ တစ်နေ့မှာသူငယ်ချင်းတွေသိအောင် ပြောပြရအုံးမယ်လို့ စိတ်ကူးမိပါတယ်။
ဘာရယ်တော့မဟုတ်ပါဘူး သူမအကြောင်းကိုစဉ်းစားမိတော့ ဒီလိုမိုးအေးတဲ့နေ့တွေဆို သူမကရခိုင်မုန့်တီကို မပျက်မကွက်သောက်တတ်တာလေး ပြန်သတိရမိသေးတယ်။
@leeshang
MSC -230