ဆောင်းနှောင်းရဲ့နှင်းကြွင်းနှင်းကျန်လေးတွေ ဟိုတစ်စက်ဒီတစ်စက်အောက်မှာ ငူငူငိုင်ငိုင်ထိုင်ခဲ့ရတဲ့နေ့တွေမှာတော့ ကိုယ့်ရဲ့နတ်သမီးလေးလည်း နှင်းစက်တွေနဲ့အတူ တစ်ဖြည်းဖြည်းနဲ့ပျောက်ကွယ်ခဲ့ရပေါ့။ဆောင်းရာသီကုန်ဆုံးချိန်အထိ ပြန်ရောက်မလာသေးတဲ့သူငယ်ချင်းမလေးကြောင့်လား ကိုယ့်နှလုံးသားကို အရှိန်ပြင်းပြင်းနဲ့ဝင်တိုက်သွားတဲ့ နတ်သမီးလေးကြောင့်လားမသိနိုင်ပဲ ရင်ထဲမှာတစစ်စစ်နဲ့ ဆောင်းတွင်းကိုနှုတ်ဆက်ခဲ့ရပါတယ်။
နွေဦးကအရင်နှစ်တွေထက် စောစောစီးစီးကျရောက်လာချိန်မှာ ရာသီဥတုရဲ့အပူချိန်ထက် ကိုယ့်ရင်ထဲကအပူကချိန်ကမြင့်တက်လာချိန်မှာတော့ မခံစားနိုင်တော့တဲ့အဆုံး သူငယ်ချင်းတွေကိုရင်ဖွင့်ဖြစ်ခဲ့မိတယ်။သူငယ်ချင်းတွေက တက်တက်ကြွကြွနဲ့ကူညီဖို့ ဆုံးဖြတ်ခဲ့ကြချိန်မှာတော့ ကိုယ့်အဖြစ်ကငိုရအခက်ရယ်ရအခက်နဲ့ပေါ့။
သူငယ်ချင်းတွေက မင်းရဲ့နတ်သမီးလေးကဘယ်လိုပုံစံလဲလို့ မေးတဲ့အချိန်မှာတော့ အရပ်မြင့်မြင့်နဲ့မတိုမရှည်ဆံပင်လေးတွေ ကျောလယ်မှာပြန့်ကျဲနေတာကိုပဲ မှတ်မိနေပီး သူမရဲ့ရုပ်သွင်ကို သေချာမမြင်လိုက်မိတဲ့ကိုယ့်အဖြစ်က ကောက်ရိုးပုံမှာအပ်ပျောက်ရှာရသလို ဖြစ်မှာကို တွေးမိတော့ကိုယ့်ရင်ထဲကို မီးစနဲ့ထိုးသလိုခံစားခဲ့ရချိန်မှာ ထူးဆန်းစွာနဲ့ ကိုယ့်သူငယ်ချင်းမလေးကို သတိရနေခဲ့တယ်။
photo credit by facebook
ဒီလိုနဲ့ မိုးဦးရဲ့မိုးရေစက်တွေ ကောင်းကင်ကအရှိန်ပြင်းပြင်းနဲ့ကျလာတဲ့တစ်နေ့မှာတော့ ကိုယ့်ရဲ့သူငယ်ချင်းမလေးက မိုးရေတွေစိုရွှဲပီးတော့ ကိုယ့်မျက်စိရှေ့ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ပါတယ်။သူမကသွက်သွက်လက်လက်နဲ့ ကိုယ့်အမေရှိရာမီးဖိုခန်းအတွင်းကိုဝင်သွားပီး အဆောင်မှာနေရတာအဆင်မပြေတဲ့အကြောင်းနဲ့ ဒီအိမ်မှာနေချင်တဲ့အကြောင်း အမေ့ကိုပြောနေသံကြားလိုက်တဲ့အချိန်နဲ့ တစ်ဆက်တည်းမှာ ကိုယ့်အမေရဲ့လှိုက်လှိုက်လှဲလှဲကြိုဆိုသံတွေကို ကြားရတဲ့အခိုက်မှာတော့ ကိုယ့်မျက်နှာပေါ်မှာ အပြုံးတစ်ခုဖြတ်ပြေးသွားတာကတော့ အသေအချာပါပဲ။
ကိုယ့်သူငယ်ချင်းမလေး အိမ်ကိုရောက်လာတဲနေ့ကစပီး ကိုယ့်ရဲ့နေ့ရက်တွေဟာ ပျော်စရာအပြည့်နဲ့ပေါ့။ကိုယ့်ရဲ့နတ်သမီးလေးအကြောင်းကိုပြောပြရင် သူမကိုယ့်ကိုလှောင်လေမလားဆိုတဲ့အတွေးနဲ့ သူမကိုဖွင့်မပြောဖြစ်ခဲ့ပါဘူး။ပျော်ရွှင်နေတဲ့အချိန်မှာတော့ သူမကိုမငြိုငြင်စေချင်ဘူးလေ။
သူမသင်တန်းသွားတဲ့ တစ်နေ့မှာတော့ ကိုယ့်အမေရဲ့အကူအညီတောင်းမှုကြောင့် သူမအခန်းထဲကအင်္ကျီကိုသွားယူပေးတဲ့အချိန်မှာတော့ ထူးဆန်းစွာနဲ့ အားကစားဖိနပ်အဖြူရောင်လေးကိုတွေ့တော့ ကိုယ်အရမ်းအံ့သြမိခဲ့တယ်။ကိုယ့်သူငယ်ချင်းကာင်မလေးက ဘယ်တုန်းကမှအားကစားဆိုတာကို စိတ်မဝင်စားခဲ့တာ ကိုယ်အသိဆုံးမို့ပါ။ဒါနဲ့ကိုယ်လည်း မသင့်တော်မှန်းသိရက်နဲ့သူမရဲ့အဝတ်ဗီရိုကို ဖွင့်ကြည့်ခဲ့တဲ့အချိန်မှာတော့ တွေ့လိုက်ရတဲ့အားကစားဝတ်စုံအဖြူရောင်လေးကြောင့် ကိုယ့်ရင်တွေခုန်လာခဲ့မိတယ်။
သူမပြန်လာတဲ့အချိန်ကိုစောင့်ရတာ ဒီတစ်ခါအကြာဆုံးပဲဆိုတော့ ကိုယ့်အမေကကိုယ့်ကိုမော့ကြည့်တယ်။ကိုယ်ပြောချင်တဲ့အဓိပ္ပါယ်ကိုအမေနားမလည်ပေမယ့် ဘာမှပြန်မမေးတာကိုပဲ ကျေးဇူးတင်မိခဲ့တယ်။မေးခွန်းတွေရှိလာခဲ့ရင်လည်း ဘယ်လိုပြန်ဖြေရမလဲဆိုတာ ကိုယ်မသိခဲ့ဘူးလေ။ခုချိန်မှာတော့ သူမအမြန်ပြန်လာဖို့ကိုပဲ ကိုယ်မျှော်လင့်နေခဲ့မိတယ်။ကိုယ်သိချင်တဲ့အဖြေက သူမဆီမှာပဲရှိတယ်လေ။
ညနေစောင်းတဲ့အချိန်မှာတော့ သီချင်းလေးတစ်အေးအေးနဲ့ သူမပြန်ရောက်လာခဲ့တယ်။သူမပြန်ရောက်ရောက်ချင်း ကိုယ်သူမကိုမေးခဲ့မိတယ် "အားကစားဝတ်စုံအဖြူရောင်က ဘယ်သူ့ဟာလဲဆိုတော့ " သူမကခပ်အေးအေးပဲပြန်ဖြေခဲ့တယ် "အားကစားဝတ်စုံအဖြူရောင်ကဘာထူးဆန်းလို့လဲ ငါ့ဟာတဲ့" လေ။သူမကအေးဆေးနေသလောက် ကိုယ်ကတော့ယောက်ယတ်ခတ်လို့။
ကိုယ်သူမကိုချော့ပီးမေးတော့ သူမက "နင်ဘာဖြစ်နေတာလဲ ငါ့အင်္ကျီပါဆို"ပီးပြန်ပြောခဲ့တယ်။သူမကဆက်ပြောသေးတယ် ဆောင်းတွင်းတုန်းက ငါပြေးချင်စိတ်ပေါက်လို့ အားကစားဝတ်စုံတွေဝယ်ဝတ်တာ နင့်ကိုအစီရင်ခံရအုံးမှာလားလို့ သူမကကိုယ့်ကိုတောင်အပြစ်တင်နေသေးရဲ့။ဒါနဲ့ကိုယ်လည်း ဆောင်းတွင်းတုန်းက နင့်အမေနဲ့တောင်ကြီးကိုလိုက်သွားတာမဟုတ်ဘူးလားဆိုတော့ သူမကတောင်ကြီးကိုလိုက်မသွားပဲ အိမ်မှာလည်းတစ်ယောက်တည်းမနေချင်လို့ အဆောင်မှာသွားနေတာတဲ့လေ။
သူမကဆက်ပြောသေးတယ် "နင်လက်ဖက်ရည်ဆိုင်ထဲမှာ ထိုင်နေတာငါတွေ့သားပဲ နင်ကငါ့ကိုမတွေ့ဘူးလား" တဲ့လေ။
@leeshang
MSC -230