photo credit by facebook
ဆောင်းဦးရဲ့နှင်းစက်တွေကြားမှာ အားကစားဝတ်ဆုံအဖြူရောင်လေးဝတ်ထားတဲ့ မိန်းကလေးတစ်ယောက် နားမှာနားကြပ်လေးတပ်ပီး ကြွကြွရွရွလေးပြေးနေပုံကိုမြင်ရတာ ကဗျာဆန်လွန်းလိုက်တာလို့ တွေးနေမိတုန်းမှာပဲ ထိုင်နေတဲ့ခုံကိုဆုပ်ကိုင်ထားပီး ပါးစပ်ကလည်း "တိုက်မိတော့မယ် တိုက်မိတော့မယ်"လို့ အော်လိုက်မိပါတယ်။ကိုယ့်ဘေးကသူငယ်ချင်းတွေရဲ့ "ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ"ဆိုတဲ့ အမေးကိုမဖြေနိုင်ခင်မှာပဲ သူမကကိုယ့်နှလုံးသားကို အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်သွားခဲ့ပါတယ်။
သူမကိုတွေ့ပီးနောက်ပိုင်းမှာ မနက်ခင်းတိုင်းသူမနဲ့အတူတူတွဲပီး ဆောင်းတွင်းရဲ့နှင်းစက်အောက်မှာရှိနေဖို့ ကိုယ့်ခေါင်းထဲမှာရှိသမျှသော ဥာဏ်နီဥာဏ်နက် ဥာဏ်ဝါဥာဏ်ပြာတွေကို ထုတ်ပီးစဉ်းစားခဲ့ပါတယ်။သို့ပေမယ့် ဘယ်လိုအတွေးမျိုးမှထွက်မလာတဲ့အဆုံး ကိုယ့်ရဲ့ပညာရှိသုခမိန်လေးဆီကို အကြံဥာဏ်ယူဖို့ထွက်လာခဲ့မိတယ်။
ကိုယ်တို့ရပ်ကွက်နဲ့ ကျောခြင်းကပ်အနေအထားမှာရှိတဲ့ ဆင်ခြေဖုံးရပ်ကွက်လေးမှာ သူမရှိနေခဲ့ခြင်းက ကိုယ့်အတွက်ဘုရားပေးတဲ့ဆု တစ်ခုပေါ့။ကိုယ့်အမေရဲ့သူငယ်ချင်းမှာ မဟုတ်တာဆိုအကုန်စဉ်းစားတတ်တဲ့ သမီးလေးတစ်ယောက်ရှိခဲ့တဲ့အတွက် ကိုယ့်အမေကိုတောင်ကျေးဇူးတင်ခဲ့မိတာ အကြိမ်ကြိမ်ပေါ့။
သူမဆီထွက်လာခဲ့ရင်း ကိုယ်ငယ်ငယ်ကသူမရဲ့ အကြံဥာဏ်တွေကြောင့် အဆင်ပြေခဲ့တာတွေလည်းရှိသလို အလွဲလွဲအချော်ချော်ဖြစ်လို့ ပြသနာတက်ခဲ့ရတာတွေလည်း ရှိခဲ့ဖူးတာကိုပြန်တွေးရင်း ပျော်သလိုလိုဖြစ်လာခဲ့တယ်။ကိုယ့်ရဲ့လက်ရှိအခြေအနေကိုလည်း သူမကောင်းကောင်းဖြေရှင်းပေးနိုင်မယ်လို့ ယုံကြည်ရင်း ကိုယ့်အမေရဲ့" မင်းကတော့ ဒီလောက်အေးစက်စက်နဲ့ သွက်သွက်လက်လက်လည်းမရှိမှတော့ မင်းကိုငါဘယ်လိုစိတ်ချရမှာလဲတဲ့ မဖြစ်ပါဘူးမင်းကို သော်သော်လေးနဲ့ပဲ ပေးစားမှဖြစ်မယ်"လို့ပြောတုန်းကတော့ သော်သော်ကိုတော့မယူချင်ပါဘူးဆိုပီး အကြောက်အကန်ငြင်းခဲ့ဘူးပေမယ့် သူမမပါဘဲ ဘယ်လိုဆုံးဖြတ်ချက်မျိုးကိုမှမချခဲ့ဘူးတာ ဟိုးငယ်ငယ်ကနေ ခုချိန်ထိပဲပေါ့။
photo credir by facebook
ကိုယ့်အတွေးမဆုံးခင်မှာပဲ သူမတို့အိမ်ရှေ့ကိုရောက်လာခဲ့တယ်။အိမ်တံခါးသော့ခတ်ထားတာကိုမြင်တော့ ကိုယ့်အကြီးအကျယ်စိတ်ပျက်သွားခဲ့မိတယ်။အိမ်ရှေ့မှာတစ်ယောက်တည်း ယောင်လည်လည်နဲ့ထိုင်နေခဲ့ပီးမှ ကိုယ့်ကိုနှုတ်ဆက်မယ့်သူမရှိတဲ့ အိမ်ရှေ့ကနေပြန်ထွက်လာခဲ့မိပါတယ်။
နောက်နေ့မနက်ရောက်တော့ သူငယ်ချင်းတွေနဲ့ဆုံနေကျလက်ဘက်ရည်ဆိုင်ကို ကိုယ်အစောကြီးရောက်အောင်လာခဲ့မိတယ်။သူငယ်ချင်းတွေထက်နောက်ကျမှာထက် သူမကိုမတွေ့ရမှာကို စိုးရိမ်ခဲ့မိလို့ပါ။ကိုယ်စောင့်မျှာ်နေတဲ့အချိန်မှာပဲ ကိုယ့်ရဲ့နတ်သမီးလေးက ကိုယ့်ရဲ့မျက်စေ့အောက်ကို ရောက်လာခဲ့ပါတယ်။ဒီနေ့တော့အရင်ရက်ကနဲ့မတူတဲ့ အဖြူရောင်အားကစားဝတ်ဆုံကိုပဲ ဝတ်ထားပြန်ပါတယ်။အဖြူရောင်နှင်းစက်တွေကြားက အဖြူရောင်နတ်သမီးလေးကို မက်မက်မောမောကြည့်နေစဉ်အတွင်းမှာပဲ နှင်းစက်တွေကြားမှာ ဝိုးတဝါးနဲ့ပျောက်ကွယ်သွားပြန်ပါတယ်။
"ဘယ်တော့များမှမင်းနဲ့ မျက်နှာခြင်းဆိုင်စကားပြောခွင့်လေးရမှာလဲ ကောင်မလေးရယ်" လို့ ညည်းတွားရင်း သတ္တိမရှိတတ်တဲ့ကိုယ့်ကိုအမြဲအားမလိုအားမရနဲ့ အပြစ်တင်တတ်တဲ့သူမကို သတိရလာမိပါတယ်။သူမသာကိုယ့်အနားမှာရှိရင် ဒီလိုစိတ်အားငယ်ရမယ့်အဖြစ်မျိုးရှိမှာမဟုတ်ဘူးလို့တွေးမိရင်း အိမ်ရောက်ရင်တော့ အမေ့ကိုသော်သော်တို့ ဘယ်သွားလဲလို့မေးကြည့်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။အမေက ကိုယ့်ကိုစလည်းမတတ်နိုင်ဘူးလေ ကိုယ်ကသူမ မရှိဘဲမှမနေနိုင်တာကိုး။
အိမ်ပြန်ရောက်လို့အမေ့ဆီကကြားလိုက်ရတဲ့ စကားတစ်ခွန်းကြောင့်ကိုယ့်နှုတ်တွေဆွံ့အသွားခဲ့မိတယ်။သော်သော်တို့ကသူ့အဖွားဆီကို အလည်ပြန်သွားရင်း သူ့အဖွားကကျန်းမာရေးမကောင်းတော့ သမီးနဲ့မြေးကိုပြန်မလွှတ်တော့ဘူးထင်ပါတယ် သားရယ်လို့ အမေကညည်းညည်းညူညူနဲ့ပြောနေသံကို ဆက်နားထောင်ဖို့အင်အားမရှိတော့ဘဲ ကျောခိုင်းလှည့်ထွက်ခဲ့ပါတယ်။မျက်ရည်တွေစီးကျလာချိန်မှာတော့ နှင်းဖွေးဖွေးကြားက ကိုယ့်နတ်သမီးလေးလည်း ကိုယ့်ရဲ့အဝေးမှာ ဝိုးတဝါးပေါ့။
@leeshang
MSC -230