ဒီလိုနဲ့မမြအမေရဲ့ရောဂါကတဖြည်းဖြည်းဆိုးလာခဲ့တယ်။ဒုက္ခရောက်တဲ့အချိန်ကြမှ လူတစ်ယောက်ရဲ့စိတ်ရင်းအမှန်ကိုသိရတယ်ဆိုတဲ့ စကားအတိုင်း မမြရဲ့အမေတစ်ယောက် အရေးကြုံမှသူတော်လိုက်ရတဲ့သမက်နဲ့ ခမည်းခမက်ရဲ့စေတနာကိုသိလိုက်ရတယ်။သူမအပေါ်ဖေးဖေးမမကြင်ကြင်နာနာနဲ့ ဆက်ဆံတတ်တဲ့ခမည်းခမက်နဲ့ ပိုက်ဆံမရှိတော့ရင် ရှိတဲ့ရွှေတွေချွတ်ရောင်းပီးကုပေါ့လို့ သမီးဖြစ်သူကိုမှာနေတဲ့ သမက်ရဲ့စကားကို မထင်မှတ်ပဲကြားလိုက်ရတဲ့အချိန်မှာတော့ မမြအမေရဲ့မျက်ဝန်းကနေမျက်ရည်တွေစီးကြလာခဲ့တယ်။
စိတ်ထားကောင်းတဲ့သူတွေအပေါ်မှာ သူမအထင်လွဲခဲ့မိတာတွေကိုနောင်တရမိတဲ့အချိန်မှာ သူမအပေါ်ကောင်းခဲ့တဲ့သူတွေနဲ့ ခွဲရမယ့်အချိန်ကတဖြည်းဖြည်းနီးလာခဲ့တယ်လေ။မမြတစ်ယောက်လည်း သူမအမေအပေါ် အပြစ်မတင်ခဲ့တဲ့ယောက်ျားနဲ့ ယောက်ခမကိုကျေးဇူးတင်ရင်း သူမရဲ့အမေအတွက်လည်း စိတ်သောကတွေရောက်နေခဲ့ရတာပေါ့။မမြရဲ့ကံကအဆိုးလားအကောင်းလားတော့မသိပါဘူး မမြအမေရဲ့ရောဂါတဖြည်းဖြည်းသည်းလာတဲ့အချိန်မှာ မထင်မှတ်ပဲ မမြမှာကိုယ်ဝန်ရှိလာခဲ့ပါရောလေ။
ပြောလက်စ စကားကိုဖြတ်လိုက်တဲ့အချိန်မှာတော့ မမြရဲ့မျက်ဝန်းမှာမျက်ရည်တွေဝဲနေခဲ့ပါတယ်။သူမရဲ့အမေအတွက်စိတ်သောကရောက်နေချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ရောက်လာတဲ့ သူမရဲ့ရင်သွေးလေးအတွက်အပြည့်အဝမပျော်နိုင်ခဲ့တဲ့အပေါ် ခုချိန်ထိသူမရဲ့သားလေးကို အားနာမိတုန်းပဲလို့ဆိုပါတယ်။မမြကိုယ်ဝန်ရှိနေတာကိုသိခဲ့တဲ့ မမြရဲ့အမေကတော့မမြအတွက်ဝမ်းသာနေရှာပါတယ်။သူမမမြအနားထွက်သွားရမယ့်အချိန်မှာ မမြအတွက်သူမကိုယ်စားစောင့်ရှောက်မယ့် မမြရဲ့ခင်ပွန်းနဲ့သားကလေးတစ်ယောက်ရှိနေပီဆိုတော့ သူမစိတ်ချလက်ချထွက်သွားနိုင်ပါပီလို့ မျက်ရည်တွေဝဲပီးပြောရင်း သူမ မသေခင်တော့ မြေးကလေးကိုတွေ့သွားချင်သားလို့တဖွဖွဆိုနေပါတယ်။
မမြအမေရဲ့ဆန္ဒတွေပြည့်တယ်လို့ဆိုရပါမယ် မမြကလေးမွေးတဲ့အချိန်ထိ မမြအမေတစ်ယောက်အသက်ရှင်နေဆဲပါပဲ။ကင်ဆာဆဲလ်တွေပျံ့နေတဲ့သူတစ်ယောက်အတွက် တစ်ကိုယ်လုံးကကိုက်ခဲနေမှာပါ။မြေးဖြစ်သူကိုတွေ့ချင်တဲ့ မမြအမေတစ်ယောက် သမက်ဖြစ်သူကိုလှကိုအဖေါ်ပြုရင်း မမြကလေးမွေးတဲ့ဆေးရုံကိုလိုက်လာခဲ့ပါတယ်။ဆေးရုံရဲ့အခန်းရှေ့မှာ ကိုက်ခဲနေတဲ့ခါးကိုလက်နှစ်ဖက်နဲ့ထောက်ရင်း ဂနာမငြိမ်အရှေ့လျှောက်လိုက် အနောက်လျှောက်လိုက် လုပ်နေတဲ့ မိခင်ဖြစ်သူကိုမမြက ဘာဖြစ်လို့လဲလို့မေးတော့လည်း သမီးဖြစ်သူစိတ်ပူမှာစိုးလို့ ဘာမှမဖြစ်ပါဘူးအေလို့ ပြန်ဖြေလိုက်ရပေမယ့် သူမရဲ့အရိုးတွေကွဲထွက်မတတ် ကိုက်ခဲနေခဲ့တာကိုတော့ သူမသာအသိဆုံးဖြစ်ခဲ့မှာပါ။
မမြအမေက သူ့ရောဂါကိုအံတုရင်း ခါးကိုလက်နှစ်ဖက်နဲ့ထောက်ထားချိန်မှာတော့ မမြရဲ့စိတ်ထဲမှာလည်း သူမအမေဘယ်သူ့ကိုများမကျေနပ်လို့ ခါးထောက်ပီးလမ်းလျှောက်နေတာလဲလို့ စိုးရိမ်နေခဲ့ပါတယ်။ဒါနဲ့ ကိုလှကို မမြက သူမအမေနဲ့ဘာဖြစ်ထားကြသေးလဲလို့မေးတော့လည်း ကိုလှကဘာမှမဖြစ်ပါဘူးလို့ ပြန်ဖြေခဲ့ပေမယ့် စိတ်ထဲမှာတော့ မမြတစ်ယောက်ဘဝင်မကျခဲ့ပါဘူး။
မမြကရယ်ရင်းက "ကျုပ်မှာအေ နောက်ကျမှအမေ့အဖြစ်ကို သိရတော့ အမေ့ကိုသနားလည်းသနား ကိုယ့်အဖြစ်ကိုလည်းရယ်ချင်ခဲ့မိတယ်"လို့ ပြောပါတယ်။ယောက်ျားနဲ့အမေကြားဗျာများခဲ့ရတဲ့အချိန်ပေါ့လို့ ပြောရင်း သူမအမေကိုသတိရသွားတယ်ထင်ပါရဲ့ မျက်နှာကအုံ့မှိုင်းသွားခဲ့ပါတယ်။
မမြကဆက်ပီးတော့ပြောပါတယ် သူမရဲ့သားကလေး ငါးလပြည့်တဲ့အချိန်မှာတော့ မမြရဲ့အမေတစ်ယောက်သူမချစ်တဲ့သမီးနဲ့ မြေးကိုထားခဲ့ပီး လောကကြီးထဲကနေထွက်သွားခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းက ငါ့သားကလေးရှိနေလို့သာ ငါခံနိုင်ရည်ရှိခဲ့တာလို့ မမြကပြောပါတယ်။သူမရဲ့အဖေဆုံးတုန်းက အမေကျန်သေးတယ်ဆိုတဲ့စိတ်နဲ့ ခံနိုင်ရည်ရှိခဲ့ပေမယ့် အမေဆုံးပါးတဲ့အချိန်မှာတော့ သူမတော်တော်လေးကိုတုန်လှုပ်သွားခဲ့ရတယ်တဲ့လေ။
မမြရဲ့အဖေနဲ့အမေနှစ်ယောက်လုံးမရှိတော့တဲ့အချိန်မှာ မမြရဲ့အသက် ၂၆နှစ်ပဲရှိပါသေးတယ်။ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘမဲ့ဖြစ်သွားတဲ့မမြက ကိုယ်တို့မြို့ကိုတာဝန်နဲ့ပြောင်းလာပီးတဲ့နောက်ပိုင်း အလုပ်ပိတ်ရက်တွေရောက်ရင် သူများတွေလိုမပျော်နိုင်ခဲ့ပါဘူး။သူများတွေမိဘအိမ်ပြန်ကြမယ်လို့ပြောတိုင်း မျက်ရည်ဝဲတုန်းပါ။ကိုယ်တို့ကလည်း မမြရယ်မိဘတွေမရှိတော့လည်းဘာဖြစ်လည်း ယောက်ခမအိမ်ပြန်ပေါ့လို့ပြောမှ ပိုဆိုးသွားပါတယ်။မမြတို့အိမ်နဲ့ မမြယောက်ခမအိမ်က မျက်နှာချင်းဆိုင်ဆိုတော့ မမြတစ်ယောက်ယောက်ခမအိမ်ပြန်တိုင်း မိဘတွေကိုတွေ့ချင်စိတ်ပိုဖြစ်မိမှာပဲလေ။
မိဘရင်းနဲ့မခြားကောင်းလှတဲ့ ယောက်ခမဖြစ်သူကိုပဲ မိဘအဖြစ်သတ်မှတ်နေရတာပေါ့အေလို့ ပြောတတ်တဲ့မမြတစ်ယောက် သူမအပေါ်နားလည်ပေးတတ်လွန်းတဲ့ ယောက်ျားဖြစ်သူကိုအားကိုးရင်း သူမရဲ့သားကလေးနဲ့ အမြဲတမ်းချစ်ချစ်ခင်ခင် အသက်ရှည်ရှည်နေနိုင်ပါစေလို့ မမြပြောပြတဲ့သူမရဲ့အကြောင်းကိုနားထောင်းရင်း စိတ်ထဲကနေဆုတောင်းပေးခဲ့မိပါတယ်။
@leeshang
MSC -230