photo credit by facebook
ရာသီဥတုသာယာတဲ့ မနက်ခင်းတစ်ခုမှာတော့ အိမ်ရှေ့မှာအေးအေးလူလူထိုင်ရင်း မောင်ချက်အကြောင်းတွေးနေခဲ့မိတယ်။မောင်ချက်နဲ့ကိုယ်စသိတဲ့နေ့ကတည်းက အရူးတစ်ယောက်ဆိုပေမယ့် မောင်ချက်ရဲ့အသိတရားက အရူးတစ်ယောက်မှာရှိသင့်တဲ့အသိထက် နည်းနည်းပိုနေတာကိုသတိထားခဲ့မိတယ်။အဓိကအချက်ကတော့ လူတွေကိုကူညီတဲ့နေရာမှာ အရူးတစ်ယောက်ဆိုပေမယ့် သူလုပ်ရမယ့်အလုပ်ကိုသေသေချာချာလုပ်တတ်တာပါပဲ။
ပတ်ဝန်းကျင်ကပြောနေကြသလိုပဲ မောင်ချက်ရဲ့မိဘတွေကပဲလာပြန်ခေါ်သွားသလား အရူးဆိုတဲ့အတိုင်းနောက်တစ်နေရာကိုများ ခြေဦးတည့်ရာများလျှောက်သွားသလားမသိပေမယ့် မောင်ချက်တစ်ယောက်ကတော့ အရိပ်အယောင်တောင်မတွေ့ရအောင် ပျောက်ချက်သားကောင်းနေခဲ့ပါတယ်။အတွေးတွေတောင်စဉ်ရေမရတွေးနေရင်းက တွေးနေလည်းမထူးပါဘူးဆိုပီး လက္ဘက်ရည်ဆိုင်ကိုထွက်လာခဲ့တယ်။လက္ဘက်ရည်ဆိုင်မှာတော့ ကိုယ်သိချင်တဲ့အကြောင်းလေးများသိရမလားဆိုတဲ့မျှော်လင့်ချက်နဲ့ပေါ့။
လက္ဘက်ရည်ဆိုင်ရောက်တဲ့အချိန်မှာတော့ စားပွဲထိုးကောင်လေးကိုအနားကိုခေါ်လိုက်ပီး မောင်ချက်တစ်ယောက်ကိုတွေ့မိလားလို့မေးမိတော့ စားပွဲထိုးကောင်လေးက "ဟာ ဦးလေးမသိဘူးလား မောင်ချက်ကိုသူ့မိဘတွေလာပြန်ခေါ်သွားပီလေ "တဲ့ ။လက္ဘက်ရည်ဆိုင်မှာလူရှင်းနေတာနဲ့ စားပွဲထိုးကောင်လေးက သူသိတဲ့အကြောင်းကိုကလေးပီပီ ပြောပြချင်နေတယ်ထင်ပါရဲ့ ကိုယ့်ဝိုင်းမှာလာထိုင်ရင်း "ဦးလေးရဲ့ မောင်ချက်တို့ကအရမ်းချမ်းသာကြတာပဲတဲ့ (အရူးတစ်ယောက်မို့ နာမည်ရှေ့မှာ ဦးတွေကိုတွေ တပ်မခေါ်ကြဘူးထင်ရဲ့) ။
စားပွဲထိုးလေးကဆက်ပြောပါတယ် မောင်ချက်မိဘတွေအလိုလိုက်လွန်းအားကြီးတော့ နောက်ဆုံးဆေးသမားဖြစ်သွားပီး ဒီမြို့ကိုဆေးကြောင်ပီးရောက်လာတာတဲ့လေ။အခုတော့သူ့မိဘတွေကလာပြန်ခေါ်သွားပီဆိုတော့ မောင်ချက်ဘဝလေးကောင်းသွားပီပေါ့ဗျာ လို့လေးလေးနက်နက်နဲ့ပြောနေတဲ့ စားပွဲထိုးလေးကိုကြည့်ရင်း ကိုယ်ရယ်ချင်သွားမိတယ် ဆယ်နှစ်အရွယ်လောက်ကလေးတစ်ယောက်က ဒီလိုရေရေလည်လည်ပြန်ပြောနိုင်ပုံကိုကြည့်ရတာ မောင်ချက်ကဒီရက်ကွပ်မှာ တော်တော်လေးလှုပ်လှုပ်ခတ်ခတ်ဖြစ်သွားတယ် ထင်ပါတယ်။
ကိုယ်လည်းကိုယ်သိချင်တဲ့အကြောင်းကို ရေရောရာသိရပီမို့ ကျန်နေတဲ့လက္ဘက်ရည်ကိုမော့သောက်လိုက်ပီး လက္ဘက်ရည်ဆိုင်ထဲကနေထွက်လာခဲ့တယ်။စားပွဲထိုးကောင်လေးပြောခဲ့သလိုပဲ မောင်ချက်ဘဝလေးကောင်းသွားတာပေါ့လို့တွေးရင်း မောင်ချက်ကိုလူကောင်းတစ်ယောက်အဖြစ်နဲ့ တစ်ခေါက်လောက်တော့ပြန်တွေ့ချင်မိပါတယ်။စိတ်ထားကောင်းတဲ့မောင်ချက်နဲ့ စကားစမြည်လေးပြောခွင့်ရမယ်ဆို ပြောချင်မိသေးရဲ့။
မတွေ့တာကြာတဲ့နေ့တွေမှာတော့ မောင်ချက်ကိုလည်းမေ့မေ့ပျောက်ပျောက်ဖြစ်သွားခဲ့ပါတယ်။ဒီလိုနဲ့တစ်နေ့မှာတော့ လမ်းထိပ်မှာလူတွေစုရုံးစုရုံးဖြစ်နေကြတယ်။ကိုယ်နဲ့မဆိုင်ရင်မသိသလိုနေတတ်တဲ့ကိုယ့်အတွက် စပ်စပ်စုစုမဖြစ်ခဲ့ပါဘူး။လူနာတင်ယာဉ်အသံကိုကြားမိတော့ တစ်ယောက်ယောက်တော့ဆေးရုံသွားရတော့မယ်ဆိုတာကိုတော့ ခန့်မှန်းခဲ့မိပါတယ်။
ဆေးရုံကားသံလည်းပျောက်သွားပီး လူတွေလည်းလူစုကွဲသွားတဲ့အချိန်မှာ အိမ်ကဒေါ်စပ်စုလည်းပြန်ရောက်လာခဲ့ပါတယ်။အိမ်ထဲရောက်တာနဲ့ " ယောက်ျားရေ လမ်းထိပ်မှာ မောင်ချက်ကိုကားတိုက်ခံရလို့ "ဆိုတဲ့စကားကိုကြားရတော့ ကိုယ်တုန်လှုပ်သွားခဲ့တယ် ဒါနဲ့ မောင်ချက်ကမရှိတော့ဘူးမဟုတ်လား ဘယ်လိုကားတိုက်ခံရတာတုန်းဆိုတော့ မောင်ချက်ကိုသူမိဘတွေကခေါ်သွားပီး ဆေးကုပေးတာ သက်သာလာတဲ့အချိန်မှာ မောင်ချက်ကအိမ်ကသူတွေမသိအောင် ဒီမြို့ကိုပြန်လာရင်း ကားတိုက်ခံရတာတဲ့လေ။
မိန်းမရဲ့စကားအဆုံးမှာ ဒီမြို့လေးအပေါ်မှာထားတဲ့မောင်ချက်ရဲ့ သံယောဇဉ်ကိုလေးသားမိသွားပီး ကိုယ်နဲ့မဆိုင်ရင်မဆိုင်သလိုနေတတ်တဲ့ ကိုယ့်ရဲ့မကောင်းတဲ့စိတ်တစ်ခုကြောင့် ကိုယ်လိုအပ်တုန်းကကူညီပေးခဲ့တဲ့ သူတစ်ယောက်က အကူအညီလိုနေချိန်မှာ ပြန်ပီးမကူညီနိုင်ခဲ့တဲ့အတွက် နောင်တလည်းရခဲ့မိတယ်။နောက်ဆိုကိုယ်နဲ့မဆိုင်ရင် မဆိုင်သလိုနေတတ်တဲ့အကျင့်ကိုလည်း ပြုပြင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။
@leeshang
MSC -230