ဒီရပ်ကွက်ထဲကိုစပြောင်းလာတဲ့အချိန်တုန်းက အသိအကျွမ်းသိပ်မရှိတဲ့ကိုယ့်အတွက် အခက်အခဲတစ်ချို့ရှိခဲ့ချိန်မှာ ကိုယ့်ကိုကူညီပေးခဲ့တဲ့သူတစ်ယောက်ရှိခဲ့တဲ့အတွက် အဆင်ပြေခဲ့လို့ ကျေးဇူးတင်ရမယ့်သူတစ်ယောက်အဖြစ် သူ့ကိုသတ်မှတ်ခဲ့တယ်။မိသားစုနဲ့ဝေးနေတဲ့အချိန် ပတ်ဝန်းကျင်နဲ့သဟဇာတမဖြစ်တဲ့ကိုယ့်အတွက် သူကအားကိုးရာတစ်ခုပါပဲ။
မနက်မိုးလင်းရင် ကိုယ်အိပ်ယာမနိုးခင်အချိန်ထဲက အိမ်ရှေ့မှာလာစောင့်နေတတ်ပီး "ဆရာ ဘာခိုင်းအုံးမလဲ"လို့ လာစောင့်ပီးမေးတတ်တဲ့သူက မောင်ချက်လို့ခေါ်တဲ့ ရပ်ကွက်ထဲကအရူးတစ်ယောက်ပါ။ကိုယ့်အိမ်ပြောင်းလာပီး သုံးရက်လောက်အထိ ကိုယ့်ဝန်းကိုယ့်ခြံနဲ့ သီးသန့်နေကြတဲ့ပတ်ဝန်းကျင်ကသူတွေ ဘာလိုအပ်လဲလို့ လောကဝတ်မပြုကြတဲ့အချိန်မှာ ကိုယ်တော်တော်စိတ်ပျက်သွားမိတယ်။ဒီပတ်ဝန်းကျင်ကို ရွေးချယ်ခဲ့မိတာမှားများသွားပီလားလို့ ဆိုတာတွေးမိတဲ့အထိပေါ့။
"ဘာကိစ္စရှိလို့လဲခင်ဗျလို့ ကိုယ်မေးတဲ့အချိန်မှာ ကျွန်တော်ဈေးသွားမလို့ ဆရာဘာများမှာချင်သလဲလို့လာမေးတာပါလို့ ယဉ်ယဉ်ကျေးကျေးပြန်ဖြေတော့ ကိုယ်နည်းနည်းတော့အံ့သြသွားခဲ့တယ်။ဒီလောက်မျက်နှာထိမျက်နှာထားနဲ့ ပြောဆိုနေတဲ့ကိုယ့်ကို ကူညီပေးဖို့အကြောင်းပြောနေတော့ ဒီလူဘယ်လိုလူလဲလို့တွေးမိခဲ့တယ်။ကိုယ့်ဆီကပိုက်ဆံကို လိမ်လည်ဖို့များလားလို့လည်း တွေးလိုက်မိသေးတယ်။နောက်တော့ ပိုက်ဆံ ငါးထောင်လောက်နဲ့တော့ လိမ်လည်းအလိမ်ခံလိုက်တော့မယ် လိမ်တာမဟုတ်ရင်တော့ ကိုယ့်အတွက်တော်တော်အဆင်ပြေမှာပဲဆိုပီး တွေးမိတာကြောင့် လက္ဘက်ရည်တစ်ခွက်နဲ့ နန်းကြီးသုပ်တစ်ပွဲဝယ်လာခဲ့ပေးဆိုပီး ပိုက်ဆံငါးထောင်ထုတ်ပေးလိုက်တယ်။
မနက်ရှစ်နာခွဲလောက်မှာတော့ "ဆရာ ဆရာ"ဆိုတဲ့ခေါ်သံကို ခြံရှေ့ကကြားရတာမို့ အလောတကြီးနဲ့ကိုယ်ထွက်လာခဲ့မိတယ် ဗိုက်ကလည်းဆာသင့်သလောက်ဆာနေပီမဟုတ်လား။ခြံရှေ့မှာကိုယ်တော်ချောက နန်းကြီးသုပ်နဲ့လက္ဘက်ရည်ထုပ်ကိုဆွဲပီး ပြုံးပြုံးစောင့်နေလေရဲ့။"ဆရာ နန်းကြီးသုပ်ရပါပီတဲ့" လေ။
အဲဒီအချိန်မှာ ကိုယ်တော်တော်ပျော်သွားခဲ့တယ်။လိုအပ်နေတဲ့အချိန်မှာ လိုအပ်နေတဲ့သူတစ်ယောက်ရတာ ဘယ်လောက်ကောင်းလိုက်ပါသလဲ။ဒီလိုနဲ့ မောင်ချက်နဲ့ကိုယ်နဲ့ မိတ်ဆွေတွေဖြစ်သွားခဲ့တယ်။အရူးဆိုပီး ပတ်ဝန်းကျင်က ဖယ်ထားတဲ့သူတစ်ယောက်နဲ့ ပတ်ဝန်းကျင်ကိုအဆင်ပြေအောင် မပေါင်းသင်းတတ်တဲ့ သူတစ်ယောက်တို့ အဆင်ပြေပြေပေါင်းသင်းနေတာကို မြင်ရသူတစ်ချို့ကတော့ လှောင်ပြုံးပြုံးတတ်ကြပေမယ့် ကိုယ်ကတော့မမှုခဲ့ပါဘူး။
နောက်တော့မောင်ချက်ကိုယ်တို့အိမ်ဘက်ကို သိပ်မလာတော့ရင်တောင် အရင်လိုမမျှော်မိတော့ပါဘူး ကိုယ့်လိုပဲသူ့ကိုလိုအပ်တဲ့သူတွေဆီကို သွားနေမှာပေါ့ဆိုပီးတွေးထားမိခဲ့ပါတယ်။
@leeshang
MSC -230