#အိမ်ရှေ့မှာခုံဖြူတန်းရှိတယ်...
••••••••••••••••••••••••••••••••••••
ဟုတ်တယ် ...
ကျွန်တော့်အိမ်ရှေ့မှာခုံဖြူတန်းရှိတယ် ..
ကျွန်တော်ငယ်ငယ် ခုနှစ်တန်းကျောင်းသားဘဝလောက်က ဖေဖေနဲ့အတူ နွေရာသီရက်ရှည်ကျောင်းပိတ်ရက်တစ်ရက်မှာ အိမ်ရှေ့မှာ ခုံတန်းလေးရိုက်ခဲ့တာ ..
ဖေဖေ့ကိုကူရင်း ကိုယ်တိုင်သုတ်ခဲ့ရတဲ့ သင်္ဘောဆေးဖြူဖြူလေးတွေ ...
နေဝင်ညနေရီမှာ အားလုံးပြီးလို့ဆေးသားဖြူဖြူလေးတွေနဲ့ လှနေတဲ့ခုံဖြူတန်းလေးကို ထိုင်ချင်စိတ်အားကြီးလွန်းတဲ့စိတ်က တညလုံးတောင်ကောင်းကောင်းအိပ်မပျော်နိုင်ခဲ့ ...
ကျွန်တော်ဘယ်သိနိုင်ခဲ့မလဲ အဲ့ဒီခုံဖြူတန်းလေးဟာ ဘဝမှာသိပ်ကိုအရေးပါအရာရောက်ခဲ့မယ်မှန်းကို ...။
နောက်တနေ့မှာ ဖေဖေကဗာဒံပင်ပေါက်လေးတစ်ပင်လာပေးတယ် ..
ခုံဖြူတန်းလေးဘေးမှာ သားစိုက်ဖို့တဲ့လေ ...
သစ်ပင်စိုက်ဝါသနာပါတဲ့သူမို့ ချက်ချင်းပဲတူရွင်းဆွဲပြီး စိုက်ထားလိုက်တယ် ...
တိရိစ္ဆာန်တွေမဖျက်စီးနိုင်အောင် နှီးခြင်းကြားတစ်လုံးကို ဖင်ဖြတ်၊ အပေါ်ကအုပ်ပြီး
ဘေးကနေ ဝါးချောင်းလေးတွေရိုက်လို့ တယုတယ ဂရုတစိုက်နဲ့ ခုံတန်းဖြူနဲ့ဗာဒံပင်ကို ကောင်းစွာထိန်းသိမ်းစောင့်ရှောက်ခဲ့တယ် ...
နောက်ပိုင်းရက်တွေမှာတော့ ဝါသနာကိုပျိုးတည်အစပြုရာဘူမိနက်သန်အဖြစ် ဒီခုံတန်းလေးမှာပဲ စာဖတ်ရင်း ညနေ နေဝင်ရီတရောတွေကိုလည်း ခံစားစီးမျောတတ်ခဲ့တယ် ..။
နောက်ထပ်နှစ်နှစ်လောက်အတွင်း .. ဗာဒံပင်ရဲ့အရိပ်အောက်မှာရှိတဲ့ ခုံတန်းဖြူဖြူလေးမှာ ကျွန်တော်ရယ် သူငယ်ချင်းကောင်မလေးရယ် .. ညနေချိန်တွေတိုင်း အတူတူရှိနေတတ်ပြီ။
သူမရယ်ကျွန်တော်ရယ် ဘဝရဲ့ရည်ရွယ်ရာအိပ်မက်တွေကို စိတ်ကူးယဉ်ရင်း လမ်းတဖက်ကကွင်းပြင်ကျယ်ထဲ ခပ်ငေးငေးလည်းရှိတတ်ခဲ့ပြီ။
ကျွန်တော့်ရဲ့ဘေး လမ်းဘက်အခြမ်းမှာထိုင်တတ်တဲ့ သူမဆီကလွင့်ပျံကျီစယ်တတ်လေတဲ့ သနပ်ခါးနံ့မွှေးမွှေးကိုရှုရှိုက်ရင်း ...
ပါးပြင်ဖြူနုနုထက်က သနပ်ခါးပါးကွက်လေးကို ခိုးခိုးကြည့်ရတာဟာ ကျွန်တော့်အတွက်တော့ အချစ်ဆိုတဲ့အရာနဲ့ စတင်ထိတွေ့တိုးတိုက်စေမိခဲ့တယ်ထင်တယ်။
ဒီလိုနဲ့ ...
နွေရက်ရှည်ကျောင်းပိတ်ရက်တွေဆို ...
ဗာဒံပင်အောက်ကခုံဖြူတန်းလေးမှာ ...
၁၄ နှစ်အရွယ်ကောင်လေးနဲ့ဆံပင်ရှည်ရှည်ကောင်မလေးတစ်ယောက်တို့ ...
ညနေချိန်တွေတိုင်းရှိတတ်ခဲ့ကြတယ်..
ကောင်လေးကကောင်မလေးပါးပြင်ကိုခိုးခိုးငေးကြည့်နေတာ ..
လေအလွင့်မှာ ဆံနွယ်တွေမျက်နှာကို လာရိုက်ခတ်တုန်း မသိမသာခိုးနမ်းတာ..
ကောင်မလေး လက်ဖဝါးအနား ကောင်းလေးလက်ကလေးတွေ မသိမသာ တိုးကပ်သွားတတ်တာ..
သက်ပြင်းလေးတွေမသိမသာချနေတာကအစ...
သေချာ စပ်စုတတ်သူဆိုရင် သတိပြုမိကြမယ်ထင်မိရဲ့ ..။
ဤလိုနဲ့ ..
အချိန်ဆိုတဲ့ ယန္တရားရဲ့ ကျောပြင်ပေါ်စီနင်းလိုက်ပါရင်း..
သူမနဲ့ကျနော်.. တစ်ယောက်တစ်နယ်ဆီ ဝေးခဲ့ကြရတယ်..
တက္ကသိုလ်အတက်မှာ မေဂျာကွဲတာရယ်...
သူမရဲ့ အစိုးရဝန်ထမ်းမိဘတွေကြောင့် နယ်ပြောင်းရတဲ့အခါ.. စာတစ်စောင်နဲ့ လက်ပြနှုတ်ဆက်ရုံကလွဲလို့...
ရင်ထဲက အရှိတရားတွေ သူမကို သိစေခွင့်မရလိုက်ခဲ့ပါဘူး..
အဲ့ည ခုံဖြူတန်းမှာ ကျနော် ညထွက်အိပ်ဖြစ်တယ်...
သူမနဲ့အတူတူ မော့ကြည့်ခဲ့ဘူးတဲ့ ဗာဒံရွက်တွေကြားက မပွင့်တပွင့်မြင်ရတဲ့ ကြယ်တွေတောင် ရှာမရခဲ့တဲ့ ညဖြစ်ခဲ့တယ် ..
နေရာဟောင်းဟာ အတိတ်ဟောင်းတွေနဲ့အတူ ဝေဒနာဟောင်းတွေက .
တိုးတိုက်ကျီးစယ်တတ်တဲ့ နေရာပါပဲ ...
ဟိုအရင် ဖြူလွှလွှဆေးရောင်တွေနဲ့ .. ညနေတို့ရဲ့ အဖော်မွန်လေးဟာ ..
ခုတော့လည်း ဆေးတွေကွက်၊ ညစ်တဲ့နေရာညစ်လို့...
ဗာဒံရွက်ခြောက်တွေရဲ့ လဲလျောင်းရာသာ ဖြစ်ခဲ့ပြီ။
ပြုပြင်ထိမ်းသိမ်းခြင်းမရှိကြတော့လည်း ..
ခုံတန်းလေးဟာ .. အားနည်း ယိုင်နဲ့လို့ .. အတိတ်ဟောင်းတွေကိုထွေးပိုက်ရင်း ..
ခပ်ယဲ့ယဲ့သာ .. သူရှင်သန်နိုင်တော့တယ် ...
တစ်ချိန်ကတော့ ..
အိမ်ရှေ့မှာ ခုံဖြူတန်းရှိတယ် ...
ဟုတ်တယ် ..
ကျွန်တော့်အိမ်ရှေ့မှာ ခုံဖြူတန်းရှိခဲ့တယ် ...
Lay Cho
#MSU-061