လူ့ဘဝဆိုတာဟာ တိုတောင်းလှတဲ့ အချိန်အပိုင်းအခြားလေးတစ်ခုပါပဲ။ လူဘဝကြီးမှာ နေချင်သလို နေလို့ရတာတော့ အမှန်ဖြစ်ပေမဲ့ နေချင်သလောက်တော့ နေလို့မရပါဘူး။ ဘာလို့လဲ ဘာကြောင့်လဲ ဆိုတော့ လူ့ဘဝဆိုတာ အချိန်တွေနဲ့ ကန့်သက်ထားတာ မို့ဖြစ်ပါတယ်။ ဒါကြောင့် ဘဝကို အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းချင်တယ် အောင်မြင်ချင်တယ်ဆိုရင်တော့ အချိန်ကို တလေးတစားနဲ့ အချိန်ရဲ့ တန်ဖိုးကို သိရှိနားလည် နေဖို့ လိုအပ်ပါတယ်။
အချိန်ရဲ့ တန်ဖိုးကို ပြောပြလို့လည်း မရသလို နှိုင်းပြလို့လည်း မဖြစ်နိုင်ပါ။ ပြောပြ နှိုင်းပြလို့ မရလို့ တန်းဖိုးမဲ့တယ်တော့ မထင်လိုက်ပါနဲ့။ တန်ဖိုးမထားဘဲလဲ မနေလိုက်ပါနဲ့။ အချိန်ကသာလျှင် ဘဝရဲ့ အောင်မြင်မှု၊ တိုးတက်မှု၊ ကျဆုံးမှု၊ နောင်တရခြင်း တွေကို ဖန်တီးပေးနိုင်ပါတယ်။ လောကမှာ ငွေရှိရင် အားလုံး အဆင်ပြေပြီ ထင်ရပေမဲ့ အချိန်ကတော့ ငွေကို အရေးမလုပ် မျက်နှာသာ မပေးပါဘူး။ အချိန်သည်က လုံ့လဝီရိယရှိတဲ့သူကိုသာ မျက်နှာသာပေး အကြိုက်ဆောင်တတ်ပါတယ်။
နောင်တဆိုတဲ့ စကားလုံး ဝေါဟာရတစ်ခုဟာ အချိန်ကို မလေးစားမိသူတွေ အချိန်ကို အကျိုးရှိရှိမသုံးတက်သူတွေအတွက်ပဲ ဖြစ်ပေါ်လာတာပါ။ ဟိုနေ့ ဟိုအချိန်က ဟိုကိစ္စလေးကို ဟိုလိုလေး မလုပ်လိုက်မိတာ မှားတယ်ဆိုတဲ့ အကြောင်းပြချက်ရဲ့ နောက်ကွယ်မှာ အချိန်ရဲ့ အရေးပါပုံ ကပ်ပါလာတာ သေချာတွေးကြည့်ရင်တော့ သိမှာပါ။ အချိန်ကို လေးစားပြီး လုံ့လဝီရိယရှိသူတွေအတွက်တော့ နောင်တဆိုတဲ့ ဝေါဟာရကို သုံးနှုန်းဖို့နေနေသာသာ သူတို့နှုတ်က နောင်တဆိုတဲ့ စကားထွက်စေချင်ရင် စာအုပ်မှာ ရေးပြီး ဖတ်ခိုင်းမှ ထွက်လာလောက်မှာပါ။ အချိန်ရဲ့ တန်ဖိုးကို နားမလည်ဘဲ လုံ့လအကျိုး မမျှော်ကိုး တက်သူတို့ အတွက်ကတော့ နောင်တတရား ရင်မှာပိုက်ပြီး နွားဦးချိုမှ နွားနို့ညှစ်နေတဲ့ လူမိုက်များကဲ့သို့ပင် ပင်ပန်းဆင်းရဲသော်လည်း ကြီးပွားတိုးတက် အောင်မြင်မှု ရလာမှာ မဟုတ်ပါဘူး။
အချိန်ရဲ့ တန်ဖိုးကို နားလည်းသဘောပေါက်ပြီး တန်ဖိုးထားတတ်စေဖို့ ရှေးပညာရှိတွေက စကားပုံလေးတွေနဲ့ လမ်းပြပေးခဲ့ကြတယ်။ သိသလောက်လေးတွေနဲ့ ပြောပြကြည့်ပါမယ်။
အချိန်ရှိခိုက် လုံ့လစိုက်
လသာတုန်း ဗိုင်းငင်
မိုးရွာတုန်း ရေခံ
အချိန်နှင် ဒီရေသည် လူကိုမစောင့်
အစရှိတဲ့ စကားပုံတွေဟာ အချိန်ရဲ့ တန်ဖိုးကို သိရှိနားလည်ပြီး လက်တွေ့ကျင့်ဆောင်ခြင်းဖြင့် အောင်မြင်မှုတွေကို ရယူနိုင်စေရန် ရည်ရွယ်တီထွင်ခဲ့တယ်လို့ ထင်မိပါတယ်။
အိုးဖုတ်သမားတစ်ယောက်ဟာ အိုးတွေ မခြောက်ခင်မှာ ပန်းကွက်ဖော်ပြီး လိုသလို ပုံသွင်းရတယ်။ တောင်သူလယ်သမားတွေဟာလည်းပဲ မိုးမကျမီ လုပ်ငန်းခွင်ဝင်ရန် ပြင်ဆင်ကြရပြီး မြေဆီလွှာကို မြေဩဇာ ကျွေးထားကြရတယ်။ ရက်ကန်းသမားတွေဟာ လသာတဲ့အချိန်မှာ ဗိုင်းငင်ကြရတယ်။ အချိန်တန်ဖိုးကို နားလည်ပြီး လက်တွေ့ကျင့်ကြံနေသူတွေဟာ သက်ဆိုင်ရာ နယ်ပယ်တွေမှာ အောင်မြင်ကြတယ်၊ အချိန်ရဲ့ အသီးအပွင့်တွေကို ခံစားကြရစမြဲ ဖြစ်ပါတယ်။
နောက်ထပ်ပြောချင်တာကတော့ အချိန်ဆွဲခြင်းနဲ့ အချိန်ဖြုန်းခြင်းပါပဲ။ ဒါကတော့ ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့ ဓလေ့တစ်ခုလိုတောင် ဖြစ်နေပါပြီ။ ယနေ့ပြီးသင့်တဲ့ အလုပ်တာဝန်တစ်ခုကို ယနေ့အပြီးလုပ်သင့်ပါတယ်။ မိမိမပိုင်တဲ့ မနင်ဖြန်ကို မရွေ့သင့်။ မနက်ဖြန်ဆိုတာ ကြိုးနဲ့ချည်ထားတာ မဟုတ်။ တွေ့ချင်တဲ့ချိန် သွားတွေ့လို့ ရတဲ့အရာမျိုးမဟုတ်ပါဘူး။ ယခုအသက်ရှိနေပေမဲ့ မနက်ဖြန်ဆိုတာ မသေချာပါဘူး။ သေမင်းကလည်း ဖိတ်စာဝေပြီး ခေါ်ရလောက်အောင်လည်း သဘောမကောင်းပါဘူး။ ဒါကြောင့် မရေရာတဲ့ မနက်ဖြန်ဆိုတာကို မျှော်မှန်းပြီး လုပ်သင့်တာ မလုပ်ဘဲ မနေသင့်ပါဘူး။ ပူတယ်၊အိုက်တယ်၊ အေးတယ်၊ချမ်းတယ်၊ ပျင်းတယ်၊ မိုးရွာတယ်၊ နေပူတယ် အစရှိတဲ့ မလွန်ဆန်နိုင်တဲ့ လောက ဆင်ခြေတွေနဲ့ အချိန်ဖြုန်းနေရင်တော့ အောင်မြင်မှုက မိမိရဲ့ အဝေဆုံးကို ရန်မဖြစ် စိတ်မဆိုးဘဲ ထွက်သွားမှာပါ။
အချိန်က အောင်မြင်မှုကို ဖန်တီးတဲ့ တစ်ခုတည်းသော ဖန်တီးရှင် ဖြစ်တယ်။ အောင်မြင်သူတွေရဲ့ နောက်ကွယ်မှာ ပေးဆပ်ခဲ့တဲ့ အချိန်တွေ ပေးဆပ်ခဲ့တဲ့ ကြိုးစားမှုတွေ ရှိပါတယ်။ အောင်မြင်မှုအတွက် အချိန်က အရေးမပါဘူးလို့ ထင်နေသူများကို ဒီစာလေးနဲ့ အသိပေးပြောကြားရင်း........