တစ်ယောက်တည်းနေသူတွေမှာ ... အနာဂတ်ကိုတစ်ယောက်တည်းဖြတ်သန်းမယ့်သူတွေမှာ ဘာလိုမလဲ ?
၁. ကြံ့ခိုင်သန်မာတဲ့ စိတ်နှလုံးသား
၂. အရာရာတစ်ယောက်တည်းရပ်တည်ဖို့အတွက် ငွေကြေး
၃. ကျန်းမာရေးကောင်းမွန်မှု
ဘဝကို မိသားစုတွေ ခင်ပွန်း/ဇနီး သားသမီးတွေနဲ့ ဖြတ်သန်းမယ့်သူတွေကတော့ ...
တစ်ခုခုဆို ငိုစရာ ပုခုံးတွေရှိမယ်.
ကိုယ်ပိုက်ဆံမရှိရင် ထောက်ပံ့မယ်သူတွေရှိမယ်.
ကိုယ်နေမကောင်းရင် ပြုစုမယ့်သူတွေရှိမယ်.
ဒါက ယေဘူယျပါ.
တစ်ချို့လည်း ခင်ပွန်း/ဇနီး သား သမီးရှိလည်း တစ်ယောက်တည်းကြိတ်ငို
ထောက်ပံ့မယ့်သူမရှိ
နေမကောင်းလည်းပြုစုမယ့်သူမရှိတဲ့သူတွေအများကြီး.
(ဘယ်သူ့မှမကြည့်နဲ့. မိသားစုမှာ တစ်ဦးတည်းသောသမီးကျွန်မ ဖေဖေ့အနားမနေတာသာကြည့်.).
တစ်ယောက်တည်းနေသူကတော့ ...
☘ တစ်ခုခုဆို ငိုစရာပုခုံးတွေရှိချင်မှရှိမယ် (ရှိချင်လည်းရှိမယ်. သူငယ်ချင်းကောင်းတို့. မိတ်ဆွေကောင်းတွေရဲ့ ပုခုံးတွေ. ဒါက လူတစ်ယောက်နဲ့တစ်ယောက်ကံတရားမတူဘူးပေါ့. တစ်ချို့က မိတ်ဆွေကောင်းတွေပေါများပေမယ့် တစ်ချို့က မိတ်ဆွေကောင်းရှားတယ်).
☘ ကိုယ့်မှာငွေကြေးမရှိရင် ထောက်ပံ့မယ့်သူ ရှိချင်မှရှိမယ်. ဒါကလည်း ... တစ်ယောက်နဲ့တစ်ယောက် ကုသိုလ်ကံမတူပါဘူး. တစ်ချို့လည်း မိသားစုမရှိ ဆွေမရှိ မျိုးမရှိပေမယ့် သွေးမတော်ပေမယ့် ချစ်ခင်စိတ်နဲ့ စောင့်ရှောက်ခံရသူအများကြီး.
☘ ကိုယ်နေမကောင်းတဲ့အခါ အနားမှာပြုစုမယ့်သူရှိချင်မှရှိမယ်. ဒါကလည်း ... တစ်ယောက်နဲ့တစ်ယောက်မတူပါဘူး. အထက်မှာဆိုခဲ့သလို ... ကိုယ့်ကုသိုလ်ကံအရ တစ်ယောက်တည်းပေမယ့် အနားမှာ ပြုစုစောင့်ရှောက်မယ့်သူတွေရှိနိုင်ပါတယ်.
ဘယ်လိုဘဲဖြစ်ဖြစ် ...
ဘဝကိုတစ်ယောက်တည်းနေမယ်သေချာရင် အထက်က ၁, ၂ , ၃ ကို ပြင်ဆင်ရမယ်ပေါ့ (၁, ၂ , ၃ ထက်ပိုပြင်ဆင်ရမယ့်အရာတွေလည်း ရှိချင်ရှိနိုင်ပါတယ်. တစ်ယောက်နဲ့တစ်ယောက် ခံယူချက်တွေတော့ ဘယ်ထပ်တူကျပါ့မလဲ).
☘ တစ်ယောက်တည်း ဘဝကိုဖြတ်သန်းနေသူတွေ ... ဖြတ်သန်းမယ့်သူတွေက ...
စိတ်ပျော့ နှလုံးသားပျော့ရင် မလွယ်ဘူးပေါ့နော်.
ဘဝရဲ့အကောင်းအဆိုးမှန်သမျှ တစ်ယောက်တည်း ခါးစည်းခံရမှာမို့ ... အမြဲဝမ်းနည်းအားငယ်နေရင် အဆင်မပြေပါဘူး.
ဘာဘဲဖြစ်ဖြစ် ' ငါ ကြံ့ခိုင်တယ်. ငါ ကျော်ဖြတ်နိုင်တယ် ' လို့အမြဲခံယူပြီး ဘဝမှာ အကောင်းအဆိုး ... ဘာဘဲကြုံကြုံ သိပ်မလှုပ်ခတ် မကြောက်ရွံ့ သတ္တိရှိစွာနဲ့ ရင်ဆိုင်ကျော်ဖြတ်ကြရမှာပေါ့.
ကြံ့ခိုင်တဲ့ စိတ်နှလုံးသားက မွေးရာပါ မဟုတ်ရင် လေ့ကျင့်ယူလို့ရပါတယ်. အချိန်တော့ယူရမယ်. စိတ်ရှည်ရမယ်. ခံနိုင်ရည်ရှိရမယ်.
☘ တစ်ယောက်တည်းသမားတွေဟာ ဘာအနှောင့်အဖွဲ့မှ မရှိလို့ ငွေကြေးပူစရာမလိုဘူး မဟုတ်ပါဘူး (ဒီနေရာမှာ မိဘ ပိုက်ဆံရှိတာ မရှိတာတွေမပါပါဘူး. တစ်ယောက်နဲတစ်ယောက်မတူလို့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည် ကိုယ့်ချွေးနှဲစာကိုပြောတာပါ.) ...
စား ဝတ် နေ ရေး ဆိုတာ လူရယ်လို့ဖြစ်လာရင် ရှိတာဘဲ.
တစ်ခုခုဆို မှီစရာမရှိလို့ ကိုယ့်ဘာသာအခြေခိုင်ခိုင်ရပ်တည်နိုင်ဖို့အတွက် တစ်ယောက်တည်းဘဝကို ဖြတ်သန်းနေ ဖြတ်သန်းမယ့်သူတွေဟာ ဘဝတစ်လျှောက်အတွက် ပြည့်စုံလုံလောက်တဲ့ငွေကြေးအတွက် ပြင်ဆင်ဖို့လိုပါတယ်.
တကယ်လို့များ အပျိုကြီး လူပျိုကြီး ပိုက်ဆံမရှိကြည့်ပါလား. ပြောခံရမယ်လေ ' ကောင်းတာပေါ့ ... အပျိုကြီး လူပျိုကြီးလုပ်ချင်တာကိုး. ခုတော့ သုံးစရာမရှိဘူးလေ ' တို့ ' သနားပါတယ် ... အပျိုကြီး လူပျိုကြီးဘဝ ပေးမယ့်သူမရှိလို့ ပိုက်ဆံမရှိရှာဘူး ' တို့.
ဒါ ပြောသူတွေအပြစ်ပြောစရာထက် လူ့သဘောသဘာဝကိုက အဲ့လိုကိုး.
ဆိုတော့ ... ကိုယ့်အနာဂတ် နောင်ရေးအတွက် ကြိုတင်ပြင်ဆင်ဖို့လိုတာပေါ့.
☘ ကျန်းမာရေးကလည်း ကိုယ်နေမကောင်းရင် တစ်သက်လုံး ကိုယ့်ဘာသာဆန်ပြုတ်ပြုတ်သောက်နိုင်ရမယ်. ကိုယ်ထူကိုယ်ထ (ကိုယ်ထူပြီးကိုယ့်ဘာသာထ) နိုင်ရမယ် ...
ကိုယ်နေမကောင်းရင် ကိုယ့်ဘာသာဆေးခန်းသွားနိုင်ရမယ်.
ကိုယ့်ဆေးသောက်ချိန် ကိုယ့်ဘာသာမှတ် ဆေးမှန်မှန်သောက်နိုင်ရမယ် စသည်ဖြင့်အပြင် ...
နေမကောင်းရင် ဘယ်သူ့မှ ဒုက္ခမပေးဖို့အပြင် နေမကောင်းရင်လူ့စိတ်သဘောအရ အားငယ်စိတ်လေးတွေဖြစ်တတ်လို့ တစ်ယောက်တည်းပါလားဆိုပြီး အားမငယ်အောင် စိတ်ဓါတ်ကြံ့ခိုင်ရမှာအပြင်
ကိုယ့်ကိုယ်နေကောင်းအောင် အမြဲဂရုစိုက်နေဖို့လည်း လိုတယ်ပေါ့နော်.
ဘယ်အရာမဆို အကောင်းအဆိုးဒွန်တွဲတတ်တာ သဘာဝပါ.
' ပွဲမဝင်ခင် အပြင်ကကျင်းပ ' တဲ့.
ကိုယ်ရွေးချယ်နေတဲ့လမ်း ... ရွေးချယ်မယ့်လမ်းအတွက် ...
အသင့်တော်ဆုံးပြင်ဆင်ထားတဲ့အခါ ...
ဒုက္ခကြုံတောင် အာရုံသိပ်မများရဘူးပေါ့.
ပန်းခင်းလမ်းပေါ် လျှောက်နေကြသူလည်းရှိ ...
ဆူးခင်းလမ်းပေါ် လျှောက်နေကြသူလည်းရှိ ...
ဘယ်လိုလမ်းမျိုးမှာလျှောက်နေနေ ... ဘယ်လိုလမ်းမျိုးကိုလျှောက်ဖို့ရည်ရွယ်ရည်ရွယ် ...
လမ်းခရီးအတွက် ကြိုတင်ပြင်ဆင်မှုတွေ ... ရိက္ခာလုံလောက်မှုအတွက် ... ဘေးအန္တာရာယ်တွေအတွက်ကြိုတွေး ကြိုတင်ပြင်ဆင်မှုတွေတော့ရှိရမှာပေါ့. တစ်ယောက်တည်းနေတာတွေရေးလို့ တစ်ယောက်တည်းနေဖို့ အားပေးတာတို့ ဘာတို့ရယ်မဟုတ်ပါဘူး. အားလုံးဟာ ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်ပါ.
ခံယူချက် ... စိတ် ... အယူအဆ ... အမြင်တွေမတူနိုင်တာမို့ ကြိုက်သလို သဘောထားကွဲလွဲလို့ရပါသည်.