ကျွန်မနဲ့ ကဗျာ
အလင်္ကာကို ကျပ်စုမတ်စု စုလည်း
အနုပညာဆိုတာ တစ်ရက် ရွှေတစ်လုံး ဥတာမဟုတ်
နောက်ဆုတ်ခဲ့ရတဲ့ ၉၉ ကြိမ်ထဲမှာ
ခပ်တိုင်း မပါခဲ့တဲ့ ရင်ခုန်သံခြင်းကြားနဲ့။
ကျွန်မနဲ့ကဗျာဟာ
အပြန်အလှန် ရေးနေဖွဲ့နေကြတာပါပဲ
တကျော့တလီ
ငွေ့ရည်ဖွဲ့လို့
အပြန်အလှန် ရွာသွန်းဖြိုးခဲ့ကြပေါ့။
အိမ်ကို ပြန်မရောက်ဖြစ်တော့သူများရဲ့ ညနေ
တစ်သက်လုံးကြိုးစားယူတာတောင်
အိမ်ကို တစ်ညကလေး ပြန်မရောက်နိုင်ခဲ့သူတွေ
ကမ္ဘာမြေရဲ့ အလျားကို
ဘယ်အရာတွေကများ ဆွဲဆန့်သွားသလဲကွယ်။
ဘဝကို ညလို့ဆိုရင်
အိပ်မက်က ဘယ်နားကျကျန်ခဲ့ပါလိမ့်
ညနေထဲမှာ
မျက်ရည်ဝဲနေခဲ့ဖူးတဲ့ အခိုက်အတန့်များစွာ။
ခရီးတွေက
ခြေလှမ်းကို စုပ်ယူမြိုဝါး
လိပ်ပြာလွင့်နေသူများ လည်ပြန်
အော်သံခေါ်သံတွေနဲ့
ပုစွန်ဆီရောင် ယင်းထနေတဲ့ ညနေ။
အိမ်ကို ခဏပြန်ဖို့
သေတင်းကုပ်တံခါးကို ဆောင့်ကန်ဖွင့်
သေရည်နဲ့ ရွက်လွှင့်သွားသူတစ်ယောက်ကိုတွေ့ရင်
မထီမဲ့မြင်လည်း မပြုစေချင်ပါဘူးလေ။
ဘဝဆိုတာ ခေါစာပဲလား
ရွာသူပြုစား၊ စုန်းတောက်ခံရရင်
ခုလို မိုးချုပ်ချုပ်ဆို ပစ်ရတဲ့
စားတော်တိုက်စရာ ခေါစာ ဘဝတွေလား
အိမ်ပြန်ခဲ့ပါတော့လားဆိုတဲ့စကားထက်
နာကျင်အောင် ဆဲရေးတိုင်းထွာနိုင်တာ
ဘယ် ဘာသာစကားမှ မရှိပါဘူးကွယ်
ငြိမ်းလည်း - လွမ်းတယ်
အားလုံးလည်း လွမ်းခဲ့တယ်
မိုင်တိုင်အမှတ်အသားတွေအကြား
လိပ်ပြာလွင့်နေသူအလား
အိမ်ကိုတော့ တစ်ခေါက် ပျံချင်မိသားကွယ်
ညနေတွေ
ညနေခင်းတွေရေ...။ ။
ငြိမ်းသဇင် (ပညာရေး)
ကျော်ကြားတာနဲ့
အောင်မြင်တာ
ရေရာသေချာ မကွဲပြားတဲ့ခေတ်
တွေဝေနေတာကို
ဆင်ခြင်တုံတရားကြီးလှပါလားလို့
အံ့သြယူနေကြတဲ့ခေတ်
ဘာတစ်ခုမှ မရမယ့်အတူတူတောင်
ဟိုဘက်ကမ်းအထိ ကဗျာတော့ အပါ
ကျွန်မ
သယ်
သွား
မှာ ။ ။