နိဂုံး

Words
815
Reading
4 min
Listen
Play
9y

နိဂုံး

( အထူးမှတ်ချက် ။ ။ ကျွန်တော့ရဲ့ နှစ်ဖက်သော မိဘများထံ တိုက်ရိုက် သတင်းမမေးမိပါစေနဲ့ဦး။ )

(၁)
ကျွန်တော် ဒီနှစ် အော်စီပြန်ရောက်လာတော့၊ ကျန်းမာရေးဆေးစစ်မိတယ်။ တကယ်တော့ ဒီလိုဘဲ စစ်နေကျပါ။ ဒီတခါ ဆေးစစ်ပြီးချိန်မှာတော့၊ CT Scan ရိုက်ဘို့ လိုတော့ CT scan ရိုက်ရတယ်။ CT scan အဖြေရလာတော့ အဲဒီ့အဖြေကို ကျွန်တော်ပြတဲ့ ဆရာဝန်က (ပြည့်ပြည့်စုံစုံမသိခင်) အတိအကျ မပြောလိုသေးဘဲ ကျန်တဲ့ ဝမ်းဗိုက်ပိုင်းကို နောက်ထပ် CT ထပ်ရိုက်ခိုငိးတယ်။
အဲဒီ့ ဝမ်းဗိုက်ပိုင်း CT ထပ်မရိုက်ခင်၊ စောစောက ပထမ CT ရဲ့ အဖြေ copy ကို (UKမှာနေတဲ့)ကျွန်တော့ညီ ဆရာဝန်လင်မယား နဲ့ ကျွန်တော့အမျိုးသ္မီးရဲ့ ညီမဝမ်းကွဲ (Ausi မှာနေတဲ့) ဆရာဝန် လင်မယား ဆီပို့ကြည့်လိုက်တယ်။ နှစ်ဘက်လုံးက အဲဒီ့အဖြေကို ဖတ်ပြီးပြီးချင်း ကိုယ့်ဆီကို ချက်ချင်းဘဲ ဖုန်းပြန်ဆက်ပြီး ပြောတယ်။

အဖြေကတော့ ကင်ဆာ ဖြစ်နေတာဘဲတဲ့။

ခန္ဓာကိုယ် တနေရာမှာ ဖြစ်နေတဲ့ ကင်ဆာက အဆုတ်ကို ပျံ့ထားပြီတဲ့။ ညီအရင်းကတော့ ကိုယ့်စိတ်ကို နားလည်သူမို့ ပွင့်ပွင့်လင်းလင်းဘဲ ပြောလာတယ်။
"မနေရတော့ဘို့များတယ်။ ဘာလုပ်ချင်လဲ။ တရားဘဲ အားထုတ်ချင်ရင် ထုတ်တော့ပေါ့။ အကိုကြီးနဲ့ ညီမကို လဲ ဖွင့်ပြောလိုက်တော့မယ်။"
လူကြီးတွေကိုတော့ အသိမပေးရက်သေးဘူးပေါ့။
(မှတ်မှတ်ရရ၊ 2018 Valentine's day နေ့ပေါ့။)

သိပ်တော့ မတုန်လှုပ်မိ။ အမျိုးသ္မီးအတွက်တော့ စိတ်မကောင်းဖြစ်မိတယ်။ သားသ္မီးမရှိတော့ သူ့ဖါသာတယောက်တည်း ကျန်ခဲ့ရမှာလေ။

ခုတော့ ဘယ်နေရာမှာ Primary အဓိကကင်ဆာ က ရှိနေလဲ ရှာဖွေကြရတယ်။ စောစောက ပြောတဲ့ ဒုတိယ CT အဖြေမှာ တော့ တရားခံ မပေါ်သေး။ ပွါးထားတဲ့ ကင်ဆာကို တွေ့နေပေမယ့် အဓိကဖြစ်တဲ့ကင်ဆာရဲ့ တည်နေရာကို မရှာနိုင်မို့ ရှုပ်ထွေးနေတဲ့ အခြေအနေ ကို ရင်ဆိုင်နေရသလိုပေါ့။

(၂)
အဲဒီ့မတိုင်ခင် တလလောက်ကမှ (16 Jan 2018) ကိုယ့်ရဲ့ မောင်နှမတွေနဲ့ Group chat တခု ဖွဲ့ပေးလိုက်ပြီး သူတို့တွေဆီကို စာရှည်တစောင် ပို့ခဲ့ဖူးတယ်။ ပို့တဲ့ စာသား အပြည့်အစုံကို စာပိုဒ်(၃) မှာ ရေးပြထားတယ်။ စာရဲ့ လိုရင်းကတော့ သူတို့ကို ဝိပဿနာ အားထုတ်ဘို့ တိုက်တွန်းရင်း အကောင်အထည်ဖေါ် လုပ်ကြဘို့၊ နည်းလမ်းလေးတွေ အကြံပြုတာပါဘဲ။ (အဲဒီ့ရက် ဝန်းကျင်မှာဘဲ ဖဘ မှာလဲ ဘော်ဘော်တွေ အတွက် ဝိပဿနာ ကို မမေ့ဘဲ လုပ်သင့်ပြီဖြစ်ကြောင်း ရေးခဲ့ဘူးတယ်။ ရောဂါကို မသိရခင် တလလောက် အလိုတုန်းကပေါ့။)

ဪ မောင်နှမတွေအပေါ်၊ တရားအားထုတ်ဘို့ သတိပေးတဲ့ ကျွန်တော်က ကိုယ်သတိပေးနေချိန်မှာ၊ သူတို့တွေ လိုက်မလုပ်ကြသေးလို့ သေခြင်းဟာ အနီးမှာရှိနေကြောင်းကို ကိုယ်တိုင်ဘဲ ဝင်ပြီး သရုပ်ဆောင်ပြလိုက်သလိုပါလား။ နှစ်ဘက် မိဘ နှစ်ပါးနဲ့ မောင်နှမ အစုံအညီ၊ ကျန်းမာအသက်ရှင်နေသေးပါလျက်၊ အစောဆုံး ထွက်ခွါမယ့် သူက ကိုယ်ဖြစ်နေပါပြီလား။ ကိစ္စတော့မရှိ။ ဒါမှဘဲ ကိုယ့်ကိုကြည့်ပြီး၊ သူတို့တွေ တရားလက်တွေ့ လုပ်ကြပေရော့မည်။

တခု အခွင့်သာတာက၊ ကျွန်တော့အနေနဲ့၊ ဒီတခေါက် အော်စီပြန်ရောက်တော့ နေ့ည အချိန်တိုင်း တရားအားထုတ်ဖြစ်တယ်။ အားထုတ်ဘို့လဲ အချိန်တွေ အများကြီး ရခဲ့တယ်။ ဒီရောဂါမသိခင် ကတည်းကပါဘဲ။ အမျိုးသ္မီး အလုပ်နားရက်မှာတော့ သူသွားချင် ကိုယ်သွားချင်တာလေးတွေ အတူသွားတတ်တယ်။ အဲဒီ့အချိန်ကလွဲလို့ ကိုယ့်ဖာသာ တရားစခန်းလေးလို အားထုတ်ဖြစ်တယ်။ တကယ်ဘဲ ထိထိရောက်ရောက် အားထုတ်မိတော့ ကင်ဆာရောဂါ ရှိပြီလို့ သိရချိန်မှာ အဆင်ပြေနေတာတွေ့ရတယ်။

သံဝေဂတော့ ရမိတာပေါ့။
(ကိုယ် ဖဘပေါ်ရေးလေ့ရှိတဲ့ နိုင်ငံရေးဆန်ဆန် မုန်းရတဲ့သူတွေ၊ ချစ်ရတဲ့သူတွေ အားလုံးကို တနေ့တော့ ထားခဲ့ရမှာဘဲလေ။)

အဓိက ဘော်ဘော်တွေကို မျှဝေချင်တာကတော့ ကျွန်တော့ရဲ့ မောင်နှမတွေ ကို ရေးပေးခဲ့ဘူးတဲ့ စာအတိုင်းပါဘဲ(စာပိုဒ်-၃-)။ ဖတ်ကြည့်ပါ။ စမ်းကြည့်ပါ။

ဝိပဿနာကို အချိန်မရွှေ့ကြပါနဲ့။ သေမင်းဟာ အမြဲတမ်း ကိုယ့်အနားမှာ ရှိနေတယ်။ တရားစခန်းဝင်ပြီး အားထုတ်ရလောက်အောင် အချိန်မရခဲ့ရင် စာပိုဒ်(၃) မှာ ရေးထားသလို တဖြည်းဖြည်း လုပ်ယူပါ။ တကယ် အကျိုးထူးပါတယ်။

သေရမယ့် ရောဂါတခု ကို ပိုက်ထားတဲ့သူ အနေနဲ့ အတတ်နိုင်ဆုံးသော အကြံဉာဏ်တခု ကို လက်တွေ့ သံဝေဂနဲ့ အတူ မျှဝေခြင်းပါ။ (အကျိုးရှိစေချင်လို့သာ ရေးလိုက်ရပါတယ်။)

(၃)
-မောင်နှမတွေဆီ ရေးတဲ့စာ-

ဒို့မောင်နှမတွေဟာ အသက်အရွယ်ရလာကြပြီ။ ငယ်ငယ်တုန်းက ကျောင်းစာတွေကို မပျက်မကွက် နေ့တိုင်း ကျက်တတ်ကြတဲ့ သဘောအတိုင်း၊ ဒီအရွယ်ဟာ ဝိပဿနာ ကို မပျက်မကွက် နေ့တိုင်း လုပ်ရတော့မယ့် အရွယ်၊ အချိန်ရောက်နေပြီ။

သေခြင်းတရားဟာ အချိန်မရွေး ဖြစ်လာနိုင်တယ်။
သေခြင်းတရားဟာ ဘဝတိုင်းမှာ ကြုံတွေ့နိုင်တယ်။
ဒါပေမယ့်၊ တရားအားထုတ်ဖို့ တရားနဲ့ နီးစပ်ဘို့ဟာ ဘဝတိုင်းဖြစ်လာဘို့ အာမ မခံနိုင်ဘူး။ ဘာဝနာ တရားကို သိခွင့်ရတဲ့ အခုလက်ရှိ ဘဝကို လက်လွှတ်မခံပါနဲ့။
ဒီနေ့ဘဲ နေ့မပြတ် လုပ်တဲ့အကျင့်ကို စလုပ်ပါ။ ရက်မပြတ် လုပ်ကြပါ။ တကယ်လုပ်ရင် တကယ် ရနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။ စားဝတ်နေရေး ရုန်းကန်မှုမပျက် လုပ်လို့ရပါတယ်။ ဒို့တွေသေတဲ့အခါ ကျန်ရစ်ခဲ့သူ စိတ်ဖြောင့်နိုင်အောင် လက်တွေ့ ရက်မပြတ် လုပ်ကြည့်ရုံလေး လုပ်ကြည့်ကြပါ။

အားထုတ်ရတာ အဆင်ပြေအောင်ရယ်၊ မပျက်မကွက် ပုံမှန်လေးနဲ့ လုပ်ချင်ရင် အဆင်ပြေအောင်ရယ် အတွက် နည်းလမ်းလေး မျှဝေပေးမယ်။ လက်တွေ့ လုပ်ဖြစ်စေချင်လို့ပါ။ တကယ်လိုက်လုပ်ကြပါ။ သက်တောင့် သက်သာနဲ့ တကယ်တရားရစေမယ့် သဘောပါ။

တရားထိုင်ရင် ခန္ဓာကိုယ်ရဲ့ နာကျဉ်မှုက ရှုမှတ်တာကို အနှောက်အယှက်မဖြစ်တဲ့အခါ၊ အားထုတ်ရတာ ပိုပြီးအဆင်ပြေပါတယ်။ နာကျဉ်မှု မဖြစ်ချင်ရင် ခန္ဓာကိုယ်ကို လေ့ကျင့်ပေးရုံပါဘဲ။ လူတိုင်းဟာ နာရီဝက် မလှုပ်မယှက် ထိုင်လို့ရပါတယ်။ အဲဒီ့နာရီဝက် ကို နေ့စဉ် မပျက် စတင် လေ့ကျင့်ပါ။ ဖြစ်နိုင်ရင် မနက်၊ည တကြိမ်စီ လုပ်ပါ။ နာရီဝက် လုပ်နိုင်လာပြီဆိုရင် နောက်ထပ် ၁၀ မိနစ် တိုးပြီးကျင့်ပါ။ ၇ရက်လောက်ကျင့်လိုက်ရင် နေသားကျ သွားပြန်ရော။ အဲဒီ့အခါ နောက်ထပ် ၁၀မိနစ် ထပ်တိုးပါ။ အဲဒီလိုနဲ့ တနာရီ ထိုင်နိုင်တဲ့ အကျင့်ရတဲ့ အခါ၊ ဆက်ပြီး မတိုးချင်ရင် မတိုးပါနဲ့တော့။ တခြား လုပ်စရာတွေ အချိန်ပေးရမှာဖြစ်လို့ရယ်၊ တနာရီထိုင်နိုင်ရင် ဘာဝနာ ဉာဏ်အဆင့် တိုးတက်နိုင်ဘို့ လုံလောက်ပြီဖြစ်လို့ရယ်၊ တနာရီ မလှုပ်မယှက် နေသားတကျ ထိုင်နိုင်အောင် ကျင့်ပါ။ အရေးကြီးတာက ရက် မပျက်မိပါစေနဲ့။ အိပ်ငိုက်တာတွေ ကြုံလဲ စိတ်မပျက်ဘဲ ရက်မပျက် ဆက်သာ လုပ်ပါ။

မနာမကျဉ် ထိုင်တဲ့အကျင့်ရတဲ့အခါ စိတ်ကို(စိတ်ရဲ့ ဖြစ်မှုပျက်မှုကို)ဘဲ အာရုံတစိုက် ရှုပေးပါ။ ဝိပဿနာ အားထုတ်နည်း ၄ မျိုးထဲမှာ စိတ္တာနုပဿနာ နည်းဟာ ဒို့ မောင်နှမ အားလုံးနဲ့ ကိုက်ညီမယ့် နည်းလို့ ယူဆပါတယ်။ ခန္ဓာကိုယ် မနာမကျဉ်လျှင် စိတ်ကို ရှုရတာ အရမ်းအဆင်ပြေပါတယ်။ တည်တညိငြိမ်ငြိမ် ရှုနိုင်ပါတယ်။
အခက်အခဲဖြစ်စရာကတော့ အိပ်ငိုက်နိုင်တာပါဘဲ။ အိပ်ငိုက်တာ ကို ကြုံတာဟာ သဘာဝပါ။ စိတ်မပျက်ပါနဲ့။ စိတ်ကို ရှုတဲ့သူတွေဟာ ပိုပြီး ငိုက်တတ်ပါတယ်။ သတိနဲ့ လုံ့လစိုက်မှုနဲ့ တွဲပြီး ဂရုတစိုက်ရှုပါ။ ဂရုစိုက်ပါများရင် အိပ်ပျော်မသွားခင် စပြီး မျောတဲ့ အခိုက်လေးကို ဖမ်းတတ်လာပါမယ်။ အစပိုင်းတော့ ဖမ်းတတ်ပေမယ့် အိပ်ပျော်တဲ့ နောက်ကို ပါမြဲ၊ ပါသွားပါလိမ့်မယ်။ နောက်တဖြည်းဖြည်းနဲ့ ရှုကျင့်တာများလာရင် ပါမသွားဘဲ ခွါထုတ်တတ်လာပါမယ်။

ရက်ဆက်တိုက် အိပ်ငိုက်တာမျိုး ဖြစ်လာခဲ့ရင် အလုပ်အားနိုင်တဲ့တရက်မှာ ၃-၄ ကြိမ်ရအောင် တနာရီခြားစီ ထိုင်ပေးပါ။ ပထမ ထိုင်တဲ့ အချိန်တွေမှာ နာရီပြည့် အိပ်ငိုက်ပေမယ့် အိပ်ရေးဝ လုံလောက်သွားတဲ့ အခါ မငိုက်ဘဲ ထိုင်နိုင်သွားပါမယ်။ တနာရီပြည့်ပြည့် မငိုက်ဘဲ ရှု မှတ်နိုင်ပါလိမ့်မယ်။

စိတ်ရှုတဲ့အခါ ပေါ်တဲ့အတွေး တစခြင်းကိုလဲ ရှုပါ။ ရှုတဲ့ စိတ်ကိုလဲ ပြန်ရှုပါ။ စိတ်ရဲ့ ဖြစ်နေသမျှ အရာတိုင်းကို မိမိက သိနေအောင် လုပ်နေတာဟာ မှန်ကန်တဲ့ ရှုမှတ်နည်းပါ။ အဲလို အမြဲ လိုက်သိအောင် သတိကပ်ဘို့ လုံလ စိုက်ပါ။
စိတ်ရဲ့ဖြစ်ပျက်မှုကို ရှုရင် မိုးရွာတဲ့အချိန် ဖြိုးဖြိုးဖျက်ဖျက်ကျနေတဲ့ မိုးပေါက်အစက်တိုင်းကို တစက်ခြင်း အမိအရ လိုက်ဖမ်းတဲ့အခါ ဗျာများရတဲ့သဘောလိုမျိုး မနိုင်မနင်း လိုက်ရှုရတဲ့ အဖြစ်မျိုးအထိကြုံလာလျှင် လမ်းကြောင်းမှန်ပါပြီ။ အလောတကြီး လိုက်မရှုဘဲ ငြိမ်ပြီး မိသလောက် လိုက်ဖမ်းပါ။ ရှုပါ။ စိတ်တွေရဲ့ ဖြစ်ပျက်နေတဲ့သဘောကို ထိုင်ပြီး အဆက်မပြတ်ကြည့်လို့ မြင်နေလိမ့်မယ်။ တခါတလေ အာရုံထဲမှာ ရှုနေတဲ့ အတွဲကြီး အတန်းကြီး (ဒါမှအဟုတ်) ဗြင်လိုက်ကြီး ကို အာရုံစွဲနေတတ်ပါတယ်။ အဲဒီ့ ထုထည်ကိုလဲ ပြန်ရှုပြီး ပျောက်အောင်ဖျောက်ပါ။ နောက်ပြီး စိတ်ကို ဖြစ်စေ၊ ခန္ဓာကိုယ်ကိုဖြစ်စေ မိမိအပိုင်ပစ္စည်း မဟုတ်သည်ကို တွေးယူဆင်ခြင်သုံသပ်ပေးပါ။ အစပိုင်းမှာ လုပ်ယူပြီး တွေးသလို ဖြစ်နေလဲ ကိစ္စမရှိပါ။ တဖက်က ရှုမှတ်မှုများလာတဲ့ အခါ အဲဒီ့ မိမိမပိုင်တဲ့သဘောကို ဉာဏ်က လက္ခံသွားပါလိမ့်မယ်။

နေ့စဉ်မပျက် ရှုတဲ့အခါ မိမိကိုယ်ကို တရားစခန်း ဝင်နေသူလို စိတ်ကို ပြင်ပြီးရှုရင် ပိုပြီး ထိမိပါတယ်။ ည အိပ်တော့မယ့် အချိန်မှာ စထိုင်ပြီး၊ တရားဖြုတ်တဲ့အခါ ရှုတာ ကို မရပ်ပါနဲ့ဦး။ လှဲအိပ်ချိန်မှာလဲ ဆက်ရှုပါ။ တရေးနိုးတဲ့အခါလဲ မိမိကိုယ်ကို သတိပေးပြီး အမိအရ ရှုပါ။ နံနက် နိုးတဲ့ အခါ ဘာမှ မလုပ်သေးဘဲ (တတ်နိုင်လျှင် အိပ်ယာထဲမှာတင်) ချက်ချင်း တရားထ ထိုင်ပါ။ မအိပ်ခင် တရားထိုင်တာရယ်၊ အိပ်ခါနီး ရှုတာရယ်၊ တရေးနိုးတိုင်း ရှုတာရယ်၊ အိပ်ယာထ ရှုတာရယ် ဆက်တိုက်ဖြစ်နေတဲ့အခါ ဉာဏ်ရည် ပိုတက်ပါတယ်။ ဒီနည်းဟာ၊ တရားစခန်းမဝင်ဘဲ လောကီထဲမှာဘဲအားထုတ်နေသူတွေအတွက် အထိရောက်ဆုံးနဲ့ လိုက်နာရ အလွယ်ဆုံး သော့ချက်ဖြစ်ပါတယ်။ နေ့ခင်းဘက်မှာ မိသားစုအရေး လုပ်နေပေမယ့် တညလုံး တရားရှုတဲ့ အကျင့်ကြောင့် လူဟာ တရားနဲ့နေတဲ့သူ အဖြစ် ခံစားလာရပါလိမ့်မယ်။

အဲဒီကတဆင့် တရားအားထုတ်တာကို လစ်ရင်လစ်သလို စပြီး ဖေါက်ဖျက်ပါ။ ဖေါက်ဖျက်တယ်ဆိုတာ တရားကျင့်တဲ့ အကျင့်ကို ရက်ပျက်ခိုင်းတဲ့ သဘောမဟုတ်ပါ။ ညစဉ် ထိုင်နေတဲ့ အကျင့်ကနေ ရံဖန်ရံခါ နေ့ခင်းတကြော (အချိန်တိုးပြီး)ထိုင်ကြည့်ပါ။ နေ့ခင်းဘက် အလုပ်တွေ လုပ်နေရတာဖြစ်လို့ ၁၀ မိနစ် လောက်က စပြီး ဖေါက်ဖျက်ပြီး ထိုင်ပါ။ ဖေါက်ဖျက်ရမှာက လောကီ့တာဝန်ကို ၁၀မိနစ် ဖေါက်ဖျက်ဘို့ ပြောတယ်လို့ နားလည်ပါလိမ့်မယ်။ လူဟာ ဖေါက်ဖျက်စ ရှိရင် တစတစ ပိုတိုးပြီး ဖေါက်ပျက်တဲ့ အကျင့်ကို ဒီနေရာမှာ အသုံးချပါ။ တရားဘက်မှာ စိတ်ကို အလေးပေးတတ်လာအောင် လုပ်ယူပါ။ တရားကို သဘောကျ လာတဲ့အခါ နောက်ပိုင်းတွေမှာ တရားထိုင်ရမယ့် အခွင့်ကို ဘဲ မရမက ယူချင်လာပါမယ်။ ယူတတ်လာပါမယ်။ ဒီလိုနည်းနဲ့ မိသားစုတာဝန် လုပ်ကိုင်နေရင်း တရားအားထုတ်တာကို တွဲပြီး လုပ်တတ်လာပါလိမ့်မယ်။

တရားအားထုတ်တဲ့အခါ ဒီလောကမှာ တရားထူးတရားမြတ် ရသူတွေ တကယ်ရှိနေတယ် လို့ လက္ခံသတ်မှတ်ပါ။ ငါလဲ တရားစခမ်းတွေ မဝင်ဘဲနဲ့ နေ့စဉ်မပျက် လုပ်တဲ့နည်းနဲ့ အရယူမယ်လို့ ဆုံးဖြတ် ယုံကြည်ပါ။ စောစောက ပြောတဲ့ ဖေါက်ဖျက်တဲ့ နည်းကို သုံးပါ။ တသံသရာလုံး အားစိုက်လုပ်ခဲ့တဲ့ လောကီ့အလုပ်တွေကို နဲနဲဖြစ်ဖြစ် ဖေါက်ဖျက်ပြီး တကယ့်အကျိုးအတွက် အချိန်ဖဲ့ပေးရလို့ ရလာတဲ့ နစ်နာမှုကို လက္ခံပေးသင့်ပါတယ်။

အရေးကြီးဆုံကတော့ လက်တွေ့တကယ် လိုက်လုပ်ဘို့ရယ်၊ မပျက်မကွက် လုပ်ဘို့ရယ် ပါဘဲ။ တကယ် လုပ်သင့်တဲ့ နောက်ဆုံးအချိန် ရောက်နေပါပြီ။ ယုံယုံကြည်ကြည် အားထုတ်ကြပါ။

-အကိုလေး-

(၄)
ကျွန်တော့ကျန်းမာရေးအတွက် ဆုတောင်းပေးကောင်းပေးကြပါမယ်။ အဲဒီ့အတွက်လဲ ကျေးဇူးတင် ဝမ်းသာရပါတယ်။ ဒါပေမယ့် ကျွန်တော် တကယ် လိုအပ်တာက ဆုတောင်းပေးတာထက်၊ ဘော်ဘော်များ စာပိုဒ်(၃) ကို အချိန်မရွှေ့ဘို့ပါဘဲ။ တရားထိုင်တဲ့ နည်းနာ ကတော့ ကိုယ် သဘောကျ ယုံကြည်တာကို ရွေးကြပါ။ အရေးကြီးတာက နေ့စဉ် အားထုတ်မိဘို့၊ မပျက်မကွက် လက်တွေ့ အားထုတ်မိဘို့ပါဘဲ။

ကျွန်တော့အဖို့ကတော့၊ သေရမယ့်ရောဂါ ရှိနေပေမယ့် ကုသိုလ်ကံ ကိုတော့ မျှော်လင့်စရာတခု အနေနဲ့အားကိုးမိသေးတုန်းပါဘဲ။ သေဘို့အတွက်၊ ဝေဒနာတွေ ခံရင်လဲခံလာရမယ်။ ချမ်းသာပျောက်ကင်းပြီး ရှင်ရင်လဲ ရှင်နေဦးမယ်။ ဘာဘဲဖြစ်ဖြစ် ဝိပဿနာ အားထုတ်မှု ကိုတော့ ပိုပိုပြီး မြဲအောင် ဆုပ်ကိုင်ရင်း၊ နိဂုံးလို့ ပြောလို့ရနေတဲ့ ဒီအချိန်အတွက် ဘာဝနာလက်နက်တွေ စုဆောင်းနေလျက်ပါ။

ဘော်ဘော်များ ကျန်းမာနေစဉ် တရားရှုမြင် နိုင်ကြပါစေ။ ဒီပို့စ် ကို သူငယ်ချင်းများ အတွက် ဝိပဿနာ အားထုတ်ရန် အထူးရည်ရွယ်ပြီး မျှဝေပါတယ်။

  • image
နိဂုံး | Ecency