ျပည္သူ႔တရား႐ွင္

Words
1121
Reading
5 min
Listen
Play
8y

[💙 zawgyi version | 💛 standard version]

💙💙💙💙💙

တကယ္ရွိဖူးတဲ့ ျပည္သူ႕တရားရွင္

ေပါင္ခ်ိန္လို႔ ဆိုလိုက္ရင္ ၿပီးခဲ့တဲ့ ဆယ္စုႏွစ္အခ်ိဳ႕က ႐ုပ္ျမင္သံၾကားမွာ ထုတ္လႊင့္ခဲ့တဲ့ ျပည္သူ႕တရားရွင္ ဆိုတဲ့ တ႐ုတ္ အခန္းဆက္ ဇာတ္လမ္းတြဲတစ္ခုကို သတိရၾကဦးမွာပါ။ ခိုင္ဖုန္း တရား႐ုံး၊ ေခြးေခါင္းဓားစက္၊ ကိုယ္ရံေတာ္ က်န္ေက်ာင္း စတာေတြဟာ ဒီဇာတ္လမ္းတြဲကို ၾကည့္႐ႈဖူးသူေတြတိုင္း အလြယ္တကူ မွတ္မိေစမယ့္ အရာေတြေပါ့။ ေပါင္ခ်ိန္နဲ႔ ပတ္သက္လို႔ သိခ်င္စရာေကာင္းတဲ့ အခ်က္အလက္ကေလး တခ်ိဳ႕ကို တင္ဆက္လိုက္ရပါတယ္။

❓❓❓ ေပါင္ခ်ိန္ တကယ္ရွိသလား။
မ်က္ႏွာမည္းႀကီး ေပါင္ လို႔ ေခၚဆိုၾကတဲ့ သုခမိန္ႀကီးတစ္ေယာက္ဟာ တ႐ုတ္ရာဇဝင္မွာ တကယ္ရွိခဲ့ပါတယ္။ သူဟာ ခရစ္ႏွစ္ ၉၉၉ ခုႏွစ္မွာ ေမြးဖြားခဲ့ၿပီး ၁၀၆၂ ခုႏွစ္အထိ သက္ရွိထင္ရွား ရွိခဲ့ပါတယ္။ (ပုဂံေခတ္မွာ အေနာ္ရထားဘုရင္က ႏိုင္ငံထူေထာင္ခ်ိန္နဲ႔ ေခတ္ၿပိဳင္ေလာက္ပါပဲ။) သူ႕ရဲ႕နာမည္ တ႐ုတ္အသံထြက္ကေတာ့ “ေပါင္က်န္း” ျဖစ္ပါတယ္။ ေပါင္က်န္းဟာ ေျမာက္ပိုင္းစုန္႔မင္းဆက္ လက္ထက္မွာ အက်င့္ပ်က္ျခစားမႈေတြကို ျပတ္ျပတ္သားသား ႏွိမ္နင္းၿပီး တရားသျဖင့္ စီရင္သူျဖစ္တယ္လို႔ သတင္းႀကီးတဲ့ မင္းမႈထမ္းႀကီးတစ္ဦး ျဖစ္ပါတယ္။ သူဟာ ႐ႈပ္ေထြးေပြလီတဲ့ အမႈအခင္းေတြကို ကိုင္တြယ္ခဲ့တဲ့အျပင္ အက်င့္ပ်က္အရာရွိေတြ၊ မင္းမ်ိဳးစိုးႏြယ္ေတြနဲ႔ ဘယ္သူေသေသ ငေတမာၿပီးေရာဆိုတဲ့ စီးပြားေရးသမားေတြကို အျပစ္ဒဏ္ေပးခဲ့တဲ့သူ ျဖစ္ပါတယ္။

❓❓❓ ေပါင္ခ်င္းတ်န္းလို႔ သူ႕ကို ဘာလို႔ေခၚၾကသလဲ။
ေပါင္က်န္း အမႈထမ္းခဲ့တဲ့ နယ္ေျမကလူေတြက သူ႕ကို ေလးစားၾကရၿပီး သူ႕ရဲ႕ ေျဖာင့္မတ္မႈ၊ ကိုယ္က်ိဳးမရွာမႈ၊ ဘက္မလိုက္မႈေတြနဲ႔ တရားစီရင္တာေၾကာင့္ ၾကည္လင္တဲ့ ေကာင္းကင္ႀကီးရဲ႕ ေပါင္အမတ္ (ေပါင္ခ်င္းတ်န္း) လို႔ ခ်စ္စႏိုးေခၚေဝၚၾကပါတယ္။

လူေတြကို အတင္းအဓမၼ ႏွိပ္စက္ၫွင္းပန္းၿပီး ဝန္ခံလာေအာင္ ဖိအားေပးတဲ့ တျခားအရာရွိႀကီးေတြေၾကာင့္ အျပစ္မရွိတဲ့ ႏိုင္ငံသားေတြဟာ မတရား စီရင္ခံေနရခ်ိန္မွာ ေပါင္က်န္းကေတာ့ သူတို႔အတြက္ ၾကည္လင္တဲ့ ေကာင္းကင္ႀကီး ျဖစ္ေနတာေပါ့ေလ။ တျခားသူေတြက ႏွိပ္စက္ၿပီးရင္း ႏွိပ္စက္တဲ့ နည္းကိုပဲ သုံးခ်ိန္မွာ ေပါင္က်န္းဟာ ေလ့လာဆည္းပူးမႈ အားေကာင္း၊ ဆင္ျခင္ေကာက္ခ်က္ထုတ္ယူမႈ တိက်၊ ဉာဏ္ပဋိဘာန္နဲ႔ စကားအရာ ကၽြမ္းက်င္လိမၼာ၊ သည္းခံစိတ္ရွည္မႈလည္းရွိ ဆိုတဲ့နည္းေတြနဲ႔ တရားစီရင္တဲ့အတြက္ သူက တစ္မူကြဲတဲ့ အရာရွိႀကီး ျဖစ္ခဲ့ရပါတယ္။ ဒါေၾကာင့္လည္း သူကိုင္တြယ္ခဲ့တဲ့ အမႈေတြဟာ လူတကာရဲ႕ စိတ္ဝင္စားမႈရၿပီး ႏွစ္ေထာင္ခ်ီ ၾကာတဲ့အထိ စုံေထာက္ဇာတ္လမ္းေတြလို၊ ပုံျပင္ေတြလို တဖြဖြ ျပန္ေျပာေနခဲ့ၾကရပါတယ္။ မ်က္ႏွာမည္းႀကီးရဲ႕ နဖူးအလယ္က ေမြးရာပါ လျခမ္းေကြး အမွတ္အသားနဲ႔ ေပါင္က်န္းဟာ တ႐ုတ္ ျပဇာတ္၊ ပန္းခ်ီနဲ႔ ႐ုပ္သံဇာတ္လမ္းတြဲေတြေခတ္ ေရာက္တဲ့အထိ ေက်ာ္ၾကားေနခဲ့ပါတယ္။

❓❓❓ ေပါင္ခ်ိန္လို႔ သိၾကတဲ့ ေပါင္က်န္းရဲ႕ ဘယ္လိုႀကီးျပင္းလာခဲ့သလဲ။
ေပါင္က်န္းကို လ်ဴက်ိဳးၿမိဳ႕က ပညာတတ္မိသားစုက ေမြးဖြားလာခဲ့တာမို႔ ငယ္စဥ္ထဲက စာေပပညာ ေလ့လာ လိုက္စားခြင့္ ရခဲ့ပါတယ္။ ဒါေပမယ့္ သူ႕မိဘေတြက ႐ိုး႐ိုးရွင္းရွင္းပဲ ေနၾကတာေၾကာင့္ သူကိုယ္တိုင္လည္း ဆင္းရဲတဲ့သူေတြနဲ႔ တရင္းတႏွီးေနခဲ့ရၿပီး ဆင္းရဲႏြမ္းပါးသူေတြရဲ႕ ဒုကၡသုကၡေတြကို နားလည္စာနာႏိုင္ခဲ့ပါတယ္။

သူ႕အသက္ ၂၉ ႏွစ္အ႐ြယ္ ဘုရင့္မင္းမႈထမ္း စာေမးပြဲကို ေအာင္ျမင္ခဲ့ရာကစၿပီး သူဟာ ခ႐ိုင္ၿမိဳ႕တစ္ခုရဲ႕ ေအာက္႐ုံးတရားသူႀကီးရာထူးကို ရခဲ့တယ္။ ဒါေပမယ့္ မိဘေတြက အသက္ႀကီးရင့္ၿပီး နာမက်န္းျဖစ္လာၾကတာေၾကာင့္ ရာထူးက ႏႈတ္ထြက္ၿပီး မိဘေတြ ကြယ္လြန္ခ်ိန္အထိ ဆယ္ႏွစ္နီးပါး ေစာင့္ေရွာက္ျပဳစုခဲ့ရတယ္။

မိဘေတြ မရွိေတာ့တဲ့ေနာက္ အသက္ ၃၉ ႏွစ္အ႐ြယ္ေရာက္မွ မင္းမႈထမ္းဘဝကို ျပန္လည္ဝင္ေရာက္လာၿပီး ထ်န္းခ်န္းခ႐ိုင္ရဲ႕ ရာဇဝတ္တရားသူႀကီး၊ အသက္ ၄၁ ႏွစ္အ႐ြယ္မွာ သြမ္းက်ိဳး (ယေန႔ ေက်ာင္ခ်င္) စီရင္စုနယ္ အုပ္ခ်ဳပ္ေရးမႉး၊ အသက္ ၄၅ ႏွစ္အ႐ြယ္မွာေတာ့ မင္းေနျပည္က ဘုရင့္နန္းေတာ္မွာ စုံစမ္းစစ္ေဆးေရးမႉးအျဖစ္ ေဆာင္႐ြက္ခဲ့ရပါတယ္။ အဲဒီေနာက္ စစ္ဘက္၊ အခြန္၊ စာေမးပြဲစနစ္ေတြ ေကာင္းမြန္လာဖို႔ စစ္ေဆးေဆာင္႐ြက္ အေရးယူမႈေတြနဲ႔၊ မင္းမႈထမ္းေတြရဲ႕ မ႐ိုးသားမႈနဲ႔ အရည္အခ်င္း မျပည့္မႈ စုစုေပါင္း ၁၃ မႈကို ကိုင္တြယ္စိစစ္ခဲ့ပါတယ္။ သူ႕ရဲ႕ ႐ိုးသားမႈနဲ႔ တည္ၾကည္မႈေတြေၾကာင့္ စုန္႔ၿမိဳ႕ေတာ္ ခိုင္ဖုန္း႐ုံးမွာ စီရင္စုနယ္ အုပ္ခ်ဳပ္ေရးမႉး အျဖစ္ အသက္ ၅၈ ႏွစ္မွာ ေနာက္ဆုံး ေဆာင္႐ြက္ခဲ့ပါတယ္။

❓❓❓ ခိုင္ဖုန္း႐ုံးက ဘာေတြထူးျခားသလဲ။
ခိုင္ဖုန္းဆိုတာဟာ မင္းမ်ိဳးစိုးႏြယ္ေတြ၊ ဩဇာအာဏာႀကီးတဲ့ မိသားစုေတြ ေနထိုင္ၾကတဲ့ ေနရာ ျဖစ္တာေၾကာင့္ အဲဒီေနရာမွာ မင္းမႈထမ္းလုပ္ရတယ္ဆိုတာ စိန္ေခၚမႈ ႀကီးမားပါတယ္။ စိန္ေခၚမႈေတြၾကားကပဲ တစ္ႏွစ္ေလာက္အတြင္းမွာ သူျဖစ္ေစခ်င္တဲ့ အခင္းအက်င္းမ်ိဳး ျဖစ္လာေအာင္ ေပါင္က်န္း ႀကိဳးစားခဲ့ရတယ္။ ဥပမာ ေျပာရရင္ - အဲဒီေခတ္ကာလထဲက တ႐ုတ္တရား႐ုံးေတြဟာ တိုင္စာ၊ အမႈဖြင့္စာေတြကို စာေရးၿပီး စာေရးေတြဆီ ခ်ဥ္းကပ္တင္သြင္းၾကရတာပါ။ အဲဒီအခါ ဩဇာတကၠမရွိတဲ့ မိသားစုေတြ၊ အာဏာႀကီးတဲ့ မိသားစုေတြဟာ သူတို႔ကို တိုင္ေတာစြဲဆိုတဲ့ အမႈေတြကို တရားသူႀကီးဆီ မတင္ဘဲထားဖို႔ စာေရးေတြကို လာဘ္ေပးၾကပါတယ္။

အဲဒီအခါ ေပါင္က်န္းက စာနဲ႔ေရးမတင္ဘဲ လူကိုယ္တိုင္ ႏႈတ္နဲ႔ တိုင္ေတာခြင့္ျပဳဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ အဲဒီအခါ ဆင္းရဲၿပီး ပညာမတတ္တဲ့သူေတြက စာ႐ြက္စာတမ္းေတြ ေရးဖို႔မလိုေတာ့ဘဲ သူတို႔အေပၚ အႏိုင္အထက္ျပဳသူေတြကို တိုင္ေတာႏိုင္လာခဲ့ပါတယ္။ တိုင္ခ်က္ဖြင့္ႏိုင္႐ုံသာမက ေပါင္က်န္းက မၽွမၽွတတနဲ႔ ဘက္မလိုက္ဘဲ ဆုံးျဖတ္စီရင္ေပးတဲ့အတြက္ လူေတြက တရားစီရင္ေရးကို ယုံၾကည္မႈ ရွိလာၾကပါတယ္။

❓❓❓ ေပါင္က်န္းရဲ႕ မ်က္ႏွာမလိုက္တဲ့ စစ္ေဆးေရး နမူနာေတြ။
တစ္ခါမွာေတာ့ ခိုင္ဖုံးၿမိဳ႕မွာ ေရႀကီးပါေလေရာ။ ဒါနဲ႔ ဘာေၾကာင့္ေရႀကီးရသလဲဆိုတာကို ေပါင္က်န္းက စုံစမ္းစစ္ေဆးရပါေတာ့တယ္။ အဲဒီအခါ ေရႀကီးရတဲ့ အေၾကာင္းရင္းက အာဏာစက္ျပင္းတဲ့ မိသားစုေတြက ျမစ္ေရစီးကို ပိတ္ၿပီး ဥယ်ာဥ္ပန္းၿခံေတြ အလြန္အကၽြံ တရားမဝင္ စိုက္ပ်ိဳးထားၾကလို႔ဆိုတာ ေတြ႕ရပါတယ္။ အဲဒီအခါ ေပါင္က်န္းက ေရစီးကို ကန္႔လန္႔ခံၿပီး ဟိုေဆာက္ဒီေဆာက္၊ ဟိုဖို႔ဒီဖို႔ လုပ္ထားတာေတြကို သတ္မွတ္ရက္အတြင္းမွာ ဖယ္ရွားဖို႔ အမိန္႔ခ်ပါတယ္။ က်ဴးေက်ာ္ေဆာက္လုပ္ထားတဲ့ လူတစ္ေယာက္က အဲဒီေျမဟာ သူပိုင္တဲ့ေျမျဖစ္လို႔ ဖယ္ရွားရွင္းလင္းေပးဖို႔ မလိုဘူးဆိုၿပီး ေနတဲ့အခါ ေပါင္က်န္းက ေျမပိုင္ဆိုင္ေၾကာင္း စာ႐ြက္စာတမ္း ျပခိုင္းမွ အတုႀကီး ျဖစ္ေနတာကိုပါ ထပ္ၿပီး ေဖာ္ထုတ္ႏိုင္ခဲ့ပါတယ္။ အာဏာပိုင္ မိသားစုအမ်ားႀကီးက သူ႕ရဲ႕ အမိန္႔ကို မလိုမလား ျဖစ္ေနၾကတဲ့အတြက္ ဒီကိစၥကို သူက ဘုရင့္ကို ေလၽွာက္တင္ၿပီး ဖ်က္သိမ္းေစခဲ့တဲ့အတြက္ ေရႀကီးတဲ့ ျပႆနာကို ေျဖရွင္းႏိုင္ခဲ့ပါတယ္။

ဒါ့အျပင္ ဘုရင္ဧကရာဇ္က သူသေဘာက်တဲ့ မိဖုရားငယ္တစ္ပါးရဲ႕ ဦးရီးေတာ္ကို မတန္မရာ ရာထူးႀကီးေပးတာကို သူ႕ပါးစပ္က တံေတြးေတြ ဘုရင့္မ်က္ႏွာကို စင္တဲ့အထိကို အႀကိမ္ႀကိမ္ ကန္႔ကြက္ခဲ့ပါတယ္။ ေနာက္ဆုံး အဲဒီလူကို ဆက္ၿပီး ခန္႔ထားမယ္ဆိုရင္ သူ႕ကို ရာထူးမွာမထားနဲ႔ေတာ့ ဆိုတဲ့အထိ ဘုရင္ကို ဖိအားေပးခဲ့ရပါတယ္။ ေနာက္ဆုံးေတာ့ သူ႕စစ္ေဆးေတြ႕ရွိ အႀကံျပဳခ်က္ကို ဘုရင္က လက္ခံခဲ့ရပါတယ္။ သူဟာ ဘုရင့္အမႈထမ္း ရာထူးႀကီးနဲ႔ လူပုဂၢိဳလ္ ၃၀ ေက်ာ္ရဲ႕ လာဘ္ယူမႈ၊ အရည္အခ်င္း မျပည့္မီမႈေတြကို အေရးယူခဲ့ပါတယ္။

❓❓❓ ေပါင္က်န္းရဲ႕ မိသားစုဘဝေရာ။
ေပါင္က်န္းဟာ မိသားစုအေပၚမွာလည္း စည္းကမ္းႀကီးသူ ျဖစ္ပါတယ္။ ရာထူးႀကီး ထမ္းေဆာင္ရေပမယ့္ ႐ိုး႐ိုးစင္းစင္းပဲ ေနထိုင္ခဲ့ပါတယ္။ သားသမီးေတြကို ကိန္းခန္းမႀကီးဘဲ ႐ိုး႐ိုးစင္းစင္းပဲ ဝတ္စားဆင္ယင္ခိုင္းၿပီး ၿခိဳးၿခိဳးၿခံၿခံ ေနထိုင္ၾကဖို႔ ၾကပ္မတ္ပါတယ္။

အသက္အ႐ြယ္ အိုမင္းလာတဲ့အခါ ေပါင္က်န္းဟာ မိသားစုအတြင္းမွာ စည္းမ်ဥ္းတစ္ခု ထုတ္ပါတယ္။ “ငါ့သားသမီးမ်ားသည္ မင္းမႈထမ္းျပဳမည္ဆိုပါက ဥပေဒကို ခ်ိဳးေဖာက္၊ ေျဖာင့္မွန္စြာ မက်င့္ႀကံဘဲ အက်င့္ပ်က္ျခစားလၽွင္ ငါ၏ၿမိဳ႕သို႔ပင္ ျပန္မလာရ။ ငါ့မိသားစု သခ်ႋဳင္းတြင္ သူတို႔အား မျမႇဳပ္ႏွံရ။ ငါ့စကားအတိုင္း မက်င့္ႀကံႏိုင္ပါက ငါ့မ်ိဳးႏြယ္အား မခံယူေစရ” ပါတဲ့။ ေပါင္က်န္းရဲ႕ သားေတြဟာ မင္းဧကရာဇ္ရဲ႕ အမႈထမ္းစာေမးပြဲကို ဝင္ေျဖၾကၿပီး အရာရွိေတြ ျဖစ္လာတဲ့အခါမွာ ေပါင္က်န္း မွာၾကားဆုံးမထားတဲ့အတိုင္း က်င့္ႀကံၾကတဲ့အတြက္ လူေတြရဲ႕ ႏွစ္သက္ျမတ္ႏိုးမႈ၊ ခ်ီးက်ဴးေျမႇာက္စားမႈတို႔ကို ရခဲ့ၾကပါတယ္။

❓❓❓ ေပါင္က်န္းရဲ႕ ကဗ်ာတစ္ပုဒ္
သန္႔ရွင္းေသာ ႏွလုံးသား ရွိျခင္းသည္ အုပ္ခ်ဳပ္ျခင္း၏ အႏွစ္သာရတည္း။
ေျဖာင့္မတ္ေသာ လမ္းစဥ္ကိုလိုက္ျခင္းသည္ ဘဝ၏ မဟာဗ်ဴဟာတည္း။
႐ိုးစင္းေသာ ပင္စည္သည္ ေနာက္ဆုံးတြင္ မားမတ္ေသာတိုင္လုံးတစ္ခု ျဖစ္လာမည္တည္း။
သန္႔စင္အပ္ေသာ သံမဏိကို ေကြးၫႊတ္ရန္ မျဖစ္ႏိုင္။
စပါးက်ီျပည့္ေသာ္ ႂကြက္ႏွင့္ စာကေလးတို႔ အေပ်ာ္လြန္ၾကၿပီး
ျမက္ေတာတို႔ ေသြ႕ေျခာက္ေသာ္ ယုန္ႏွင့္ ေျမေခြးတို႔ စိုးရိမ္ၾကသည္။
သမိုင္းက်မ္းအေစာင္ေစာင္တြင္ ေရွးသူေဟာင္းတို႔ ဆုံးမသြန္သင္ခဲ့သည္မွာ
"သင့္ေႏွာင္းလူတို႔အတြက္ ရွက္စရာတို႔ကို ခ်န္မထားခဲ့ရာ" ဟူ၏။

သူ႕အေၾကာင္းကို ၁၉၇၄ ခုႏွစ္ကေန ၁၉၇၅ ခုႏွစ္အထိ CTSTV က ဇာတ္လမ္းတြဲ ၃၅၀ ႐ိုက္ကူးထုတ္လႊင့္ခဲ့ပါတယ္။ ၁၉၉၃ ခုႏွစ္ကေန ၁၉၉၄ ခုႏွစ္ထိလည္း အမႈေပါင္း ၄၁ မႈကို ဇာတ္လမ္းတြဲေပါင္း ၂၃၆ ပိုင္း ထပ္မံ႐ိုက္ကူးထုတ္လႊင့္ျပန္ပါတယ္။ အဲသေလာက္ ေျပာမဆုံးေပါင္ ျဖစ္စရာ တရားမၽွတမႈရဲ႕ သေကၤတသဖြယ္ျဖစ္တဲ့ ေပါင္က်န္းအေၾကာင္း ဒီေလာက္ တင္ဆက္မႈဟာ ျပည့္စုံမယ္ မဟုတ္ေပမယ့္ အေတာ္ရွည္လ်ားခဲ့ၿပီမို႔ ဒီေလာက္နဲ႔ပဲ ေက်နပ္ၾကဖို႔ရာ ေခတ္နီတိက စာ႐ႈသူမ်ားကို ေမတၱာရပ္ခံလိုက္ရပါတယ္။

💛💛💛💛💛

တကယ်ရှိဖူးတဲ့ ပြည်သူ့တရားရှင်

ပေါင်ချိန်လို့ ဆိုလိုက်ရင် ပြီးခဲ့တဲ့ ဆယ်စုနှစ်အချို့က ရုပ်မြင်သံကြားမှာ ထုတ်လွှင့်ခဲ့တဲ့ ပြည်သူ့တရားရှင် ဆိုတဲ့ တရုတ် အခန်းဆက် ဇာတ်လမ်းတွဲတစ်ခုကို သတိရကြဦးမှာပါ။ ခိုင်ဖုန်း တရားရုံး၊ ခွေးခေါင်းဓားစက်၊ ကိုယ်ရံတော် ကျန်ကျောင်း စတာတွေဟာ ဒီဇာတ်လမ်းတွဲကို ကြည့်ရှုဖူးသူတွေတိုင်း အလွယ်တကူ မှတ်မိစေမယ့် အရာတွေပေါ့။ ပေါင်ချိန်နဲ့ ပတ်သက်လို့ သိချင်စရာကောင်းတဲ့ အချက်အလက်ကလေး တချို့ကို တင်ဆက်လိုက်ရပါတယ်။

❓❓❓ ပေါင်ချိန် တကယ်ရှိသလား။
မျက်နှာမည်းကြီး ပေါင် လို့ ခေါ်ဆိုကြတဲ့ သုခမိန်ကြီးတစ်ယောက်ဟာ တရုတ်ရာဇဝင်မှာ တကယ်ရှိခဲ့ပါတယ်။ သူဟာ ခရစ်နှစ် ၉၉၉ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ၁၀၆၂ ခုနှစ်အထိ သက်ရှိထင်ရှား ရှိခဲ့ပါတယ်။ (ပုဂံခေတ်မှာ အနော်ရထာဘုရင်က နိုင်ငံထူထောင်ချိန်နဲ့ ခေတ်ပြိုင်လောက်ပါပဲ။) သူ့ရဲ့နာမည် တရုတ်အသံထွက်ကတော့ “ပေါင်ကျန်း” ဖြစ်ပါတယ်။ ပေါင်ကျန်းဟာ မြောက်ပိုင်းစုန့်မင်းဆက် လက်ထက်မှာ အကျင့်ပျက်ခြစားမှုတွေကို ပြတ်ပြတ်သားသား နှိမ်နင်းပြီး တရားသဖြင့် စီရင်သူဖြစ်တယ်လို့ သတင်းကြီးတဲ့ မင်းမှုထမ်းကြီးတစ်ဦး ဖြစ်ပါတယ်။ သူဟာ ရှုပ်ထွေးပွေလီတဲ့ အမှုအခင်းတွေကို ကိုင်တွယ်ခဲ့တဲ့အပြင် အကျင့်ပျက်အရာရှိတွေ၊ မင်းမျိုးစိုးနွယ်တွေနဲ့ ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ စီးပွားရေးသမားတွေကို အပြစ်ဒဏ်ပေးခဲ့တဲ့သူ ဖြစ်ပါတယ်။

❓❓❓ ပေါင်ချင်းတျန်းလို့ သူ့ကို ဘာလို့ခေါ်ကြသလဲ။
ပေါင်ကျန်း အမှုထမ်းခဲ့တဲ့ နယ်မြေကလူတွေက သူ့ကို လေးစားကြရပြီး သူ့ရဲ့ ဖြောင့်မတ်မှု၊ ကိုယ်ကျိုးမရှာမှု၊ ဘက်မလိုက်မှုတွေနဲ့ တရားစီရင်တာကြောင့် ကြည်လင်တဲ့ ကောင်းကင်ကြီးရဲ့ ပေါင်အမတ် (ပေါင်ချင်းတျန်း) လို့ ချစ်စနိုးခေါ်ဝေါ်ကြပါတယ်။

လူတွေကို အတင်းအဓမ္မ နှိပ်စက်ညှင်းပန်းပြီး ဝန်ခံလာအောင် ဖိအားပေးတဲ့ တခြားအရာရှိကြီးတွေကြောင့် အပြစ်မရှိတဲ့ နိုင်ငံသားတွေဟာ မတရား စီရင်ခံနေရချိန်မှာ ပေါင်ကျန်းကတော့ သူတို့အတွက် ကြည်လင်တဲ့ ကောင်းကင်ကြီး ဖြစ်နေတာပေါ့လေ။ တခြားသူတွေက နှိပ်စက်ပြီးရင်း နှိပ်စက်တဲ့ နည်းကိုပဲ သုံးချိန်မှာ ပေါင်ကျန်းဟာ လေ့လာဆည်းပူးမှု အားကောင်း၊ ဆင်ခြင်ကောက်ချက်ထုတ်ယူမှု တိကျ၊ ဉာဏ်ပဋိဘာန်နဲ့ စကားအရာ ကျွမ်းကျင်လိမ္မာ၊ သည်းခံစိတ်ရှည်မှုလည်းရှိ ဆိုတဲ့နည်းတွေနဲ့ တရားစီရင်တဲ့အတွက် သူက တစ်မူကွဲတဲ့ အရာရှိကြီး ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့်လည်း သူကိုင်တွယ်ခဲ့တဲ့ အမှုတွေဟာ လူတကာရဲ့ စိတ်ဝင်စားမှုရပြီး နှစ်ထောင်ချီ ကြာတဲ့အထိ စုံထောက်ဇာတ်လမ်းတွေလို၊ ပုံပြင်တွေလို တဖွဖွ ပြန်ပြောနေခဲ့ကြရပါတယ်။ မျက်နှာမည်းကြီးရဲ့ နဖူးအလယ်က မွေးရာပါ လခြမ်းကွေး အမှတ်အသားနဲ့ ပေါင်ကျန်းဟာ တရုတ် ပြဇာတ်၊ ပန်းချီနဲ့ ရုပ်သံဇာတ်လမ်းတွဲတွေခေတ် ရောက်တဲ့အထိ ကျော်ကြားနေခဲ့ပါတယ်။

❓❓❓ ပေါင်ချိန်လို့ သိကြတဲ့ ပေါင်ကျန်းရဲ့ ဘယ်လိုကြီးပြင်းလာခဲ့သလဲ။
ပေါင်ကျန်းကို လျူကျိုးမြို့က ပညာတတ်မိသားစုက မွေးဖွားလာခဲ့တာမို့ ငယ်စဉ်ထဲက စာပေပညာ လေ့လာ လိုက်စားခွင့် ရခဲ့ပါတယ်။ ဒါပေမယ့် သူ့မိဘတွေက ရိုးရိုးရှင်းရှင်းပဲ နေကြတာကြောင့် သူကိုယ်တိုင်လည်း ဆင်းရဲတဲ့သူတွေနဲ့ တရင်းတနှီးနေခဲ့ရပြီး ဆင်းရဲနွမ်းပါးသူတွေရဲ့ ဒုက္ခသုက္ခတွေကို နားလည်စာနာနိုင်ခဲ့ပါတယ်။

သူ့အသက် ၂၉ နှစ်အရွယ် ဘုရင့်မင်းမှုထမ်း စာမေးပွဲကို အောင်မြင်ခဲ့ရာကစပြီး သူဟာ ခရိုင်မြို့တစ်ခုရဲ့ အောက်ရုံးတရားသူကြီးရာထူးကို ရခဲ့တယ်။ ဒါပေမယ့် မိဘတွေက အသက်ကြီးရင့်ပြီး နာမကျန်းဖြစ်လာကြတာကြောင့် ရာထူးက နှုတ်ထွက်ပြီး မိဘတွေ ကွယ်လွန်ချိန်အထိ ဆယ်နှစ်နီးပါး စောင့်ရှောက်ပြုစုခဲ့ရတယ်။

မိဘတွေ မရှိတော့တဲ့နောက် အသက် ၃၉ နှစ်အရွယ်ရောက်မှ မင်းမှုထမ်းဘဝကို ပြန်လည်ဝင်ရောက်လာပြီး ထျန်းချန်းခရိုင်ရဲ့ ရာဇဝတ်တရားသူကြီး၊ အသက် ၄၁ နှစ်အရွယ်မှာ သွမ်းကျိုး (ယနေ့ ကျောင်ချင်) စီရင်စုနယ် အုပ်ချုပ်ရေးမှူး၊ အသက် ၄၅ နှစ်အရွယ်မှာတော့ မင်းနေပြည်က ဘုရင့်နန်းတော်မှာ စုံစမ်းစစ်ဆေးရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ရပါတယ်။ အဲဒီနောက် စစ်ဘက်၊ အခွန်၊ စာမေးပွဲစနစ်တွေ ကောင်းမွန်လာဖို့ စစ်ဆေးဆောင်ရွက် အရေးယူမှုတွေနဲ့၊ မင်းမှုထမ်းတွေရဲ့ မရိုးသားမှုနဲ့ အရည်အချင်း မပြည့်မှု စုစုပေါင်း ၁၃ မှုကို ကိုင်တွယ်စိစစ်ခဲ့ပါတယ်။ သူ့ရဲ့ ရိုးသားမှုနဲ့ တည်ကြည်မှုတွေကြောင့် စုန့်မြို့တော် ခိုင်ဖုန်းရုံးမှာ စီရင်စုနယ် အုပ်ချုပ်ရေးမှူး အဖြစ် အသက် ၅၈ နှစ်မှာ နောက်ဆုံး ဆောင်ရွက်ခဲ့ပါတယ်။

❓❓❓ ခိုင်ဖုန်းရုံးက ဘာတွေထူးခြားသလဲ။
ခိုင်ဖုန်းဆိုတာဟာ မင်းမျိုးစိုးနွယ်တွေ၊ ဩဇာအာဏာကြီးတဲ့ မိသားစုတွေ နေထိုင်ကြတဲ့ နေရာ ဖြစ်တာကြောင့် အဲဒီနေရာမှာ မင်းမှုထမ်းလုပ်ရတယ်ဆိုတာ စိန်ခေါ်မှု ကြီးမားပါတယ်။ စိန်ခေါ်မှုတွေကြားကပဲ တစ်နှစ်လောက်အတွင်းမှာ သူဖြစ်စေချင်တဲ့ အခင်းအကျင်းမျိုး ဖြစ်လာအောင် ပေါင်ကျန်း ကြိုးစားခဲ့ရတယ်။ ဥပမာ ပြောရရင် - အဲဒီခေတ်ကာလထဲက တရုတ်တရားရုံးတွေဟာ တိုင်စာ၊ အမှုဖွင့်စာတွေကို စာရေးပြီး စာရေးတွေဆီ ချဉ်းကပ်တင်သွင်းကြရတာပါ။ အဲဒီအခါ ဩဇာတက္ကမရှိတဲ့ မိသားစုတွေ၊ အာဏာကြီးတဲ့ မိသားစုတွေဟာ သူတို့ကို တိုင်တောစွဲဆိုတဲ့ အမှုတွေကို တရားသူကြီးဆီ မတင်ဘဲထားဖို့ စာရေးတွေကို လာဘ်ပေးကြပါတယ်။

အဲဒီအခါ ပေါင်ကျန်းက စာနဲ့ရေးမတင်ဘဲ လူကိုယ်တိုင် နှုတ်နဲ့ တိုင်တောခွင့်ပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီအခါ ဆင်းရဲပြီး ပညာမတတ်တဲ့သူတွေက စာရွက်စာတမ်းတွေ ရေးဖို့မလိုတော့ဘဲ သူတို့အပေါ် အနိုင်အထက်ပြုသူတွေကို တိုင်တောနိုင်လာခဲ့ပါတယ်။ တိုင်ချက်ဖွင့်နိုင်ရုံသာမက ပေါင်ကျန်းက မျှမျှတတနဲ့ ဘက်မလိုက်ဘဲ ဆုံးဖြတ်စီရင်ပေးတဲ့အတွက် လူတွေက တရားစီရင်ရေးကို ယုံကြည်မှု ရှိလာကြပါတယ်။

❓❓❓ ပေါင်ကျန်းရဲ့ မျက်နှာမလိုက်တဲ့ စစ်ဆေးရေး နမူနာတွေ။
တစ်ခါမှာတော့ ခိုင်ဖုံးမြို့မှာ ရေကြီးပါလေရော။ ဒါနဲ့ ဘာကြောင့်ရေကြီးရသလဲဆိုတာကို ပေါင်ကျန်းက စုံစမ်းစစ်ဆေးရပါတော့တယ်။ အဲဒီအခါ ရေကြီးရတဲ့ အကြောင်းရင်းက အာဏာစက်ပြင်းတဲ့ မိသားစုတွေက မြစ်ရေစီးကို ပိတ်ပြီး ဥယျာဉ်ပန်းခြံတွေ အလွန်အကျွံ တရားမဝင် စိုက်ပျိုးထားကြလို့ဆိုတာ တွေ့ရပါတယ်။ အဲဒီအခါ ပေါင်ကျန်းက ရေစီးကို ကန့်လန့်ခံပြီး ဟိုဆောက်ဒီဆောက်၊ ဟိုဖို့ဒီဖို့ လုပ်ထားတာတွေကို သတ်မှတ်ရက်အတွင်းမှာ ဖယ်ရှားဖို့ အမိန့်ချပါတယ်။ ကျူးကျော်ဆောက်လုပ်ထားတဲ့ လူတစ်ယောက်က အဲဒီမြေဟာ သူပိုင်တဲ့မြေဖြစ်လို့ ဖယ်ရှားရှင်းလင်းပေးဖို့ မလိုဘူးဆိုပြီး နေတဲ့အခါ ပေါင်ကျန်းက မြေပိုင်ဆိုင်ကြောင်း စာရွက်စာတမ်း ပြခိုင်းမှ အတုကြီး ဖြစ်နေတာကိုပါ ထပ်ပြီး ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အာဏာပိုင် မိသားစုအများကြီးက သူ့ရဲ့ အမိန့်ကို မလိုမလား ဖြစ်နေကြတဲ့အတွက် ဒီကိစ္စကို သူက ဘုရင့်ကို လျှောက်တင်ပြီး ဖျက်သိမ်းစေခဲ့တဲ့အတွက် ရေကြီးတဲ့ ပြဿနာကို ဖြေရှင်းနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဘုရင်ဧကရာဇ်က သူသဘောကျတဲ့ မိဖုရားငယ်တစ်ပါးရဲ့ ဦးရီးတော်ကို မတန်မရာ ရာထူးကြီးပေးတာကို သူ့ပါးစပ်က တံတွေးတွေ ဘုရင့်မျက်နှာကို စင်တဲ့အထိကို အကြိမ်ကြိမ် ကန့်ကွက်ခဲ့ပါတယ်။ နောက်ဆုံး အဲဒီလူကို ဆက်ပြီး ခန့်ထားမယ်ဆိုရင် သူ့ကို ရာထူးမှာမထားနဲ့တော့ ဆိုတဲ့အထိ ဘုရင်ကို ဖိအားပေးခဲ့ရပါတယ်။ နောက်ဆုံးတော့ သူ့စစ်ဆေးတွေ့ရှိ အကြံပြုချက်ကို ဘုရင်က လက်ခံခဲ့ရပါတယ်။ သူဟာ ဘုရင့်အမှုထမ်း ရာထူးကြီးနဲ့ လူပုဂ္ဂိုလ် ၃၀ ကျော်ရဲ့ လာဘ်ယူမှု၊ အရည်အချင်း မပြည့်မီမှုတွေကို အရေးယူခဲ့ပါတယ်။

❓❓❓ ပေါင်ကျန်းရဲ့ မိသားစုဘဝရော။
ပေါင်ကျန်းဟာ မိသားစုအပေါ်မှာလည်း စည်းကမ်းကြီးသူ ဖြစ်ပါတယ်။ ရာထူးကြီး ထမ်းဆောင်ရပေမယ့် ရိုးရိုးစင်းစင်းပဲ နေထိုင်ခဲ့ပါတယ်။ သားသမီးတွေကို ကိန်းခန်းမကြီးဘဲ ရိုးရိုးစင်းစင်းပဲ ဝတ်စားဆင်ယင်ခိုင်းပြီး ခြိုးခြိုးခြံခြံ နေထိုင်ကြဖို့ ကြပ်မတ်ပါတယ်။

အသက်အရွယ် အိုမင်းလာတဲ့အခါ ပေါင်ကျန်းဟာ မိသားစုအတွင်းမှာ စည်းမျဉ်းတစ်ခု ထုတ်ပါတယ်။ “ငါ့သားသမီးများသည် မင်းမှုထမ်းပြုမည်ဆိုပါက ဥပဒေကို ချိုးဖောက်၊ ဖြောင့်မှန်စွာ မကျင့်ကြံဘဲ အကျင့်ပျက်ခြစားလျှင် ငါ၏မြို့သို့ပင် ပြန်မလာရ။ ငါ့မိသားစု သင်္ချိုင်းတွင် သူတို့အား မမြှုပ်နှံရ။ ငါ့စကားအတိုင်း မကျင့်ကြံနိုင်ပါက ငါ့မျိုးနွယ်အား မခံယူစေရ” ပါတဲ့။ ပေါင်ကျန်းရဲ့ သားတွေဟာ မင်းဧကရာဇ်ရဲ့ အမှုထမ်းစာမေးပွဲကို ဝင်ဖြေကြပြီး အရာရှိတွေ ဖြစ်လာတဲ့အခါမှာ ပေါင်ကျန်း မှာကြားဆုံးမထားတဲ့အတိုင်း ကျင့်ကြံကြတဲ့အတွက် လူတွေရဲ့ နှစ်သက်မြတ်နိုးမှု၊ ချီးကျူးမြှောက်စားမှုတို့ကို ရခဲ့ကြပါတယ်။

❓❓❓ ပေါင်ကျန်းရဲ့ ကဗျာတစ်ပုဒ်
သန့်ရှင်းသော နှလုံးသား ရှိခြင်းသည် အုပ်ချုပ်ခြင်း၏ အနှစ်သာရတည်း။
ဖြောင့်မတ်သော လမ်းစဉ်ကိုလိုက်ခြင်းသည် ဘဝ၏ မဟာဗျူဟာတည်း။
ရိုးစင်းသော ပင်စည်သည် နောက်ဆုံးတွင် မားမတ်သောတိုင်လုံးတစ်ခု ဖြစ်လာမည်တည်း။
သန့်စင်အပ်သော သံမဏိကို ကွေးညွှတ်ရန် မဖြစ်နိုင်။
စပါးကျီပြည့်သော် ကြွက်နှင့် စာကလေးတို့ အပျော်လွန်ကြပြီး
မြက်တောတို့ သွေ့ခြောက်သော် ယုန်နှင့် မြေခွေးတို့ စိုးရိမ်ကြသည်။
သမိုင်းကျမ်းအစောင်စောင်တွင် ရှေးသူဟောင်းတို့ ဆုံးမသွန်သင်ခဲ့သည်မှာ
"သင့်နှောင်းလူတို့အတွက် ရှက်စရာတို့ကို ချန်မထားခဲ့ရာ" ဟူ၏။

သူ့အကြောင်းကို ၁၉၇၄ ခုနှစ်ကနေ ၁၉၇၅ ခုနှစ်အထိ CTSTV က ဇာတ်လမ်းတွဲ ၃၅၀ ရိုက်ကူးထုတ်လွှင့်ခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်ကနေ ၁၉၉၄ ခုနှစ်ထိလည်း အမှုပေါင်း ၄၁ မှုကို ဇာတ်လမ်းတွဲပေါင်း ၂၃၆ ပိုင်း ထပ်မံရိုက်ကူးထုတ်လွှင့်ပြန်ပါတယ်။ အဲသလောက် ပြောမဆုံးပေါင် ဖြစ်စရာ တရားမျှတမှုရဲ့ သင်္ကေတသဖွယ်ဖြစ်တဲ့ ပေါင်ကျန်းအကြောင်း ဒီလောက် တင်ဆက်မှုဟာ ပြည့်စုံမယ် မဟုတ်ပေမယ့် အတော်ရှည်လျားခဲ့ပြီမို့ ဒီလောက်နဲ့ပဲ ကျေနပ်ကြဖို့ရာ ခေတ်နီတိက စာရှုသူများကို မေတ္တာရပ်ခံလိုက်ရပါတယ်။

#CivicsNow #Justice #Judge #Bao_Zheng #Fairness #Corruption_Fighter #Prefect

photo from facebook image

ျပည္သူ႔တရား႐ွင္ | Ecency