Rose

Words
513
Reading
3 min
Listen
Play
8y

photo-1496062031456-07b8f162a322.jpgနှင်းဆီဆယ်ပွင့်စာ ဝေးခဲ့ကြသည် ဆိုပါစို့

(၁)
နှင်းဆီတွေ သေသွားခဲ့ပြီ။
ငါသိခဲ့ပါတယ်. .
ချစ်ခြင်းမေတ္တာဆိုတာ တိမ်ညိုတွေ ခိုစီး
ဟိုးအဝေးကြီးကို လွင့်ပါးပျောက်ကွယ်သွားတတ်တဲ့ အရာဆိုတာ
ကြေကွဲဖို့ကောင်းတယ်လို့ မပြောနိုင်တော့ခင်မှာ ကြေကွဲဖို့ လုံလောက်ခဲ့တယ်ဆိုတာ
တကယ့်တကယ် နာကျင်ရခြင်းဟာ နှုတ်ခမ်းဖျားမှာ တဆတ်ဆတ် တုန်ရီနေတယ်ဆိုတာ

ချစ်ရပါသော မိနှင်းဆီ
အဲ့ဒီ့ မြို့လေးမှာ ငါသေသွားခဲ့ပြီ။

(၂)
ညတုန်းက အိမ်မက်မက်တယ် မိနှင်းဆီ။
လွန်လေပြီးခဲ့လေသော ကျောင်းစာသင်ခန်းလေး။
"မိနှင်းဆီကို ချစ်တယ်"
ဘယ်သူမှ ကျောင်းမရောက်ခင် ကျောက်သင်ပုန်းတစ်ခုလုံးအပြည့် ရေးထားမိတဲ့ အရူးပေါ့။
ဘယ်သူကမှ သတိမထားမိခဲ့ပါဘူး မိနှင်းဆီ။
အတန်းခေါင်းဆောင်က ကျောက်သင်ပုန်းကို ပေါ့ပေါ့ပါးပါး ဖျက်လိုက်တယ်။
ငါ့တို့အတန်းထဲမယ် မိနှင်းဆီမှ မရှိခဲ့တာ မိနှင်းဆီ။
နင့်နာမည်ကလည်း မိနှင်းဆီမှ မဟုတ်ခဲ့တာ။

နာရီအိမ်သေးသေးလေး ပတ်ထားတဲ့ လက်ပေါ်က သွေးကြောစိမ်းလေးတွေကို မြင်ကတည်းက
မိနှင်းဆီလို့ နာမည်ပေးခဲ့မိတာပဲလို့ ငါပြောခွင့်ရရင် နင် စူးစူးရှရှ ရယ်နေမလား။
နင့်ကျစ်ဆံမြှီးလေးအဖျားလေးက ဖဲကြိုးစိမ်းလေးကို ငါချစ်တယ်။
နင့်ဂုပ်သားစပ်နားလောက်က ဆံနုစိမ်းလေးတွေကိုလည်း ငါချစ်တာပဲ။

ပေလွယ်စွန်းလွယ် ဘယ်လိုတဏှာရာဂမှ မထားရှိနိုင်လောက်အောင် ငါဟာ နူးနူးညံ့ညံ့။

မိနှင်းဆီ (သို့မဟုတ်) ညီမလေး
အချစ်ဦးဆိုတာ ငါ တိုးဝင်ဆူးချင်ခဲ့တဲ့ နှင်းဆီဖူးလေးပါပဲ။

(၃)
နင်ပြုတ်ကျကျန်နေခဲ့တဲ့ ဖဲကြိုးစိမ်းလေးတွေနဲ့ စကားပြောတယ်။
မိနှင်းဆီ. . . နင်သိလား
ငါဟာ လူမြင်သူမြင် ဘာမှမပိုင်ဆိုင်ရတဲ့ ကောင်
စိတ်ကူးယဉ် အနားသတ်မျဉ်းများစွာရဲ့ အဆုံးမှာ နင်မရှိနေခဲ့ဘူး။

နာကျင်မှုဆိုတာ လောကဓံဆိုရင် နင့်ဆီက ပြင်းပြင်းရဖူးခဲ့တဲ့ မျက်စောင်းလောက် ကြီးမားတဲ့လောကဓံ ရှိမယ် ငါမထင်ခဲ့ဘူး။

ငါမမြင်နိုင်လောက်အောင် လင်းလက် မှောင်ကန်းနေတဲ့ ငွေရောင်ကြေးရောင်တွေကို ငါမုန်းမိတယ် မိနှင်းဆီ။
နတ်သမီးအိပ်မက်ပါလို့ ငါ့ကိုယ်ငါ တရားချမိပေမယ့် မိနှင်းဆီရယ်. . . .
ငမိုက်သားဟာ ဓါးမှန်း မြှားမှန်းတောင် မသိနိုင်လောက်အောင်ကိုပဲ. . .

ဘဝမှာ ဘာကိုမှ မယ်မယ်ရရ မပိုင်ဆိုင်ခဲ့ရဖူးလို့ ခုံပေါ်တက် မတ်တပ်ရပ်ရရင်တောင် ဝိုင်းစက်နေအောင် လှည့်ကြည့်တတ်တဲ့ နင့်အကြည့်တွေကို လိုချင်စိတ်နဲ့ ငါ အိမ်စာတွေ မေ့မေ့ပစ်ခဲ့တယ်။
ဘာပဲ ဖြစ်ဖြစ် မိနှင်းဆီရယ်
စက္ကန့်ပိုင်းလောက်ဖြစ်ဖြစ် ငါပျော်ခဲ့ရပါတယ်။

(၄)
မိုးပျံပူပေါင်းလေး ဖြစ်ချင်တယ် မိနှင်းဆီ။
ငါနဲ့ဝေးသွားတဲ့အခါ နင့်ပျော်မယ်ဆိုရင် ငါ့ကိုယ်ငါ လွင့်ပါးပျောက်ကွယ်သွားဖို့လည်း ငါဝန်လေးမယ် မထင်ဘူး။
သိပ်ရုပ်ရှင်ဆန်တာပဲလား မိနှင်းဆီ။
ငါ့မှာ နင်ပျော်ဖို့ ဝေးပေးခွင့်လေးတောင် မရခဲ့
ငါဟာ ဟိုးခပ်ဝေးဝေး အတန်းထောင့်နားက
အသံမထွက်တဲ့ နွမ်းပါးပါးမြုံစိစိ ကျောင်းသားလေးတစ်ယောက်မျှ သာပါပဲ။

မိနှင်းဆီ. . . စိတ်ချမ်းသာစရာ ကောင်းပါတယ်။
ငါတို့ ဘယ်တော့မှ မဝေးကြဘူးနော်. . .
တစ်ခုတည်းသော နာကျင်စရာက ဘယ်တုန်းကမှလည်း မနီးခဲ့ကြဘူး။

(၅)
ငါ ဂစ်တာလာတီးသေးပါတယ် မိနှင်းဆီ။
နင့်အိမ်လို့ ငါသိလိုက်တဲ့ တိုက်ကြီးဟာ ငါ့ကို သေးနုတ်ပျောက်ကွယ်သွားစေသလိုပဲ။
ဆောရီး. . . . ငါဂစ်တာလာတီးသေးတယ်လို့ ပြောမိတာ ငါမှားသွားတယ်။
ငါ့ဂစ်တာလေး ငါပိုက်ပြီး နင်ရှိမယ်လို့ ငါယုံကြည်ပစ်လိုက်တဲ့ အခန်းလေးကို မှုန်နေအောင်ငေးရင်း ငါအိမ်ပြန်ခဲ့ရတယ်။
မိနှင်းဆီရယ်. . . .
စကတည်းက လှမ်းဖို့ မရှိတဲ့ ခြေလှမ်းတွေဟာလည်း ဘယ်သူမှမပစ်တဲ့ မြှားတွေအောက် ကိုယ့်အငုံ့စိတ်နဲ့ကိုယ် အဆိပ်တက်ခဲ့ရပြီ။

ငါနမ်းခွင့်မရှိတဲ့ နှင်းဆီမလေး . . .
အဖြူနဲ့အစိမ်းဘဝမှာတင် ငါဟာ မရှုမလှ ရှုံးခဲ့ရပြီးသားပါ မိနှင်းဆီ

(၆)
နင်ဆယ်တန်းအောင်တော့ မြို့လေးကနေ ထွက်သွားတယ်။
ငါဆယ်တန်းအောင်တော့ မြို့လေးမှာပဲ ကျန်ခဲ့တယ်။
နင်သိလား မိနှင်းဆီ. . .
အချို့လမ်းတွေဟာ ကန့်သတ်ချက်တွေရှိတယ်။
အတောင်ပံရှိလျက်နဲ့ မပျံတတ်တဲ့ ပင်ဂွင်းငှက်လို ဟော့ဒီ့ကောင်ဟာ နင်မရှိတော့တဲ့ မြို့လေးကလမ်းတွေကို ခါတိုင်းထက် ဖိဖိလျှောက်နေမိတာ လွဲရင်. . .

ကိုယ့်ကိုယ်ကိုယ် ငါးလိုမျှားခဲ့ရတဲ့နေ့တွေ
ကိုယ့်မပျော်ရွှင်ခြင်းကို ကိုယ်ရေတွက်ရင်း
ကိုယ့်မအောင်မြင်ခြင်းတွေမှာပဲ မီးပိတ် တိတ်ဆိတ်

မိနှင်းဆီ
အခန်းထောင့်က ငေးငေးနေတဲ့ တိတ်ဆိတ်တဲ့ကောင်လေးကို မေ့သွားဖို့
အချိန်ကာလတွေဟာ လုံလောက်ခဲ့ပြီ။

(၇)
နင် ရည်းစားတွေထားနေတာလည်း ငါကြားတာပဲ မိနှင်းဆီ။
အတည်တကျ တွဲနေသူရှိနေပြီဆိုတာလည်း ငါသိတာပဲ မိနှင်းဆီ

ဘာများတတ်နိုင်မှာမို့လဲ
ငါဟာ အကြည့်လေးနဲ့တောင် ဖွင့်မပြောဝံ့ခဲ့တဲ့ ကောင်။
ကမ်းလင့်မမှီနိုင်သောလက်များအကြောင်းက လွဲရင် ဘယ်အရာကိုမှ ငါစာလုံးမပေါင်းတတ်ခဲ့။

မိနှင်းဆီရေ. . . .
မိုးကုတ်စက်ဝိုင်းကြီးကို နင်ကြည့်ဖူးတယ်မလား။
ငါတို့ တကယ်လျှောက်လို့ မရောက်နိုင်တဲ့ စိတ်ကူးယဉ်ထိစပ်မျဉ်းများထဲမှာ ငါဟာနင့်ကို တော်တော်လေး စိတ်ဆိုးခဲ့ရဖူးတယ်။

နောက်ဆုံးတော့
ငါဘာများတတ်နိုင်လို့လဲ. . . . မိနှင်းဆီရယ်။

(၈)
နင် ငါတို့မြို့လေးကို ပြန်လာတယ်။
နင့်ရဲ့ မင်္ဂလာဖိတ်စာကို ဒီမြို့လေးရဲ့ လည်ပင်းမှာ လာချည်တဲ့ တစ်နေ့ပေါ့။
ငါအိမ်ထဲမှာ နေချင်တယ် မိနှင်းဆီ
မတော်တဆ နင်နဲ့တွေ့လို့ နင်က ငါ့ကို
မင်္ဂလာဆောင်ဖိတ်မှာလည်း ငါကြောက်တယ်။
နောက်ပြီးတော့ မိနှင်းဆီရယ်. . .
ငါမတွေ့ရတဲ့ ရက်ပေါင်း ၁၂၄၇ရက်အတွက်
တစ်ခေါက်လောက်ဖြစ်ဖြစ် မြင်ချင်သေးတယ်။

အိပ်မက်ထဲ လမ်းလျှောက်ရသလိုပဲ မိနှင်းဆီ
နင်က ငါ့ကို မမှတ်မိနိုင်လောက်ပါဘူးဆိုတဲ့ ယုံကြည်ချက်တစ်ခုနဲ့ နင်ရှိနိုင်တဲ့ဆီ ငါလာခဲ့တယ်။
ကံကောင်းတယ် မိနှင်းဆီ
ငါနင့်ကို တွေ့ခွင့်ရလိုက်တယ်။

ငေးမိရုံလေးပါ မိနှင်းဆီ
နှင်းဆီငေးသူဟာ ငယ်ဘဝက နှင်းဆီကို ရူးနှမ်းမိုက်မဲတိတ်ဆိတ်စွာ တရှိုက်မက်မက် ငေးရင်း

ကံဆိုးတယ် မိနှင်းဆီ
နှင်းဆီဖူးလေး ဖန်းခနဲ ကွဲသွားသလို
နင့်နှုတ်ခမ်းဖျားက အသံ
နင့်နှုတ်ခမ်းဖျားက ငါ့နာမည်
နင် ငါ့ကို ခေါ်လိုက်တယ်. . .
စက်ရုပ်တစ်ကောင်လို ငါလျှောက်သွားလိုက်တယ်။
နင်က ငါ့ကို နင့်ရဲ့မင်္ဂလာဖိတ်စာလေး ကမ်းပေးတယ်။
ငါ တွေးကြောက်ခဲ့တဲ့ ဖြစ်ရပ်ဟာ တကယ်ရှေ့ရောက်ခဲ့ပြီ။

လောကဓံဆိုတာ ခံနိုင်ရည်ထက် ပိုမလာဘူးတဲ့။
ငါတကယ်ယုံရတော့မလိုပဲ။
ရယ်ရယ်မောမောနှုတ်ဆက်နိုင်လိုက်တယ်
ဟန်မပျက် ဖိတ်စာကို လှမ်းယူလိုက်နိုင်တယ်

ဒါဟာ ငါ့ဘဝတောက်လျောက် အစွမ်းဆောင်နိုင်ဆုံး ဟန်ဆောင်မှုလား မိနှင်းဆီ။
ဒီဇာတ်ဝင်ခန်းလေးပြီးတော့ ငါပြန်တယ်။
မျက်ရည်တွေကျရင်း လမ်းလျှောက်ရတဲ့အရသာကို နင်သိလား မိနှင်းဆီ။
ငါငိုတယ်
နောက်ပြီးတော့ ငါငိုတယ်။

(၉)
ငါ ခူးချင်ခဲ့သော နှင်းဆီမလေး
ငါစူးခဲ့သော အဆိပ်နေ့ပေါင်းများစွာ
ငါဟာ ကိုယ့်သူရဲဘောကြောင်မှုတွေထဲ အကြိမ်ကြိမ်အဖန်ဖန် ပြိုကျခဲ့တဲ့ နန်းတော်ပါ။
မိနှင်းဆီ. . .
ဝေးကာမှဝေးရောဆိုတဲ့ သတ္တိလေးတစ်ခုလောက် ပိုင်ဆိုင်ခဲ့ဖူးချင်လိုက်တာ။
နင်ကမ်းပေးတဲ့ ဖိတ်စာကို ရလိုက်တဲ့နာကျင်မှုမျိုးကိုတောင် အလိုလိုခံနိုင်ရည်ရှိသွားခဲ့တဲ့ကောင်ဟာ
ဘာမှ မကြိုးစားဘဲ အဆုံးရှုံးခံလိုက်လေခြင်းဆိုတဲ့ နောင်တစိတ်မှာ အခါခါ သေတယ်။

အခုအချိန်မှတော့ မိနှင်းဆီရယ်
စိတ်ရှိလက်ရှိ လေလွင့်ပျောက်ဆုံးပစ်လိုက်ချင်စိတ်ဟာ
ဆောင်ဦးမြူခိုးတွေလို . . . .
အတိတ်ဆိုတာ ပြန်မရတော့သောစိတ်နဲ့ အကြိမ်ကြိမ်သေဆုံးရသော သချိင်္ုင်း

မိနှင်းဆီရယ်
ရဲရင့်ခဲ့ရင် ငါတစ်ခါပဲသေခဲ့ရမှာ. . . .

(၁၀)
ဝမ်းနည်းနာကျင်စိတ်ဟာ နှစ်ဆယ့်လေးနာရီ ခုနှစ်ရက်ပတ်လုံး။
"ဘာဖြစ်နေတာလဲ"တဲ့
အဲ့ဒီ့အသံတွေကို မုန်းတယ်
ငါ့ကို ဘယ်သူမှ နားမလည်ကြပါဘူး မိနှင်းဆီ
ငါ့ကို နင်အပါအဝင် ဘယ်သူမှ နားမလည်ကြဘူး။

ငိုသံတွေကို မျိုချထားရတာ ကိုယ့်အမြှီးကိုယ်ပြန်မျိုထားရတဲ့ မြွေတစ်ကောင်လို။
ဖဲကြိုးစိမ်းလေး. . .
ကျစ်ဆံမြှီးလေး. . .
မိနှင်းဆီရယ်. . . သားလေးမွေးရင် ကိုယ့်နာမည်ပေးပါ။
အဟက် . . . အဲ့လိုတောင် ငါ့မှာ မှာခွင့်မရှိခဲ့။

နင်ရှိတဲ့မြို့ကို ငါမသွားဘူး။
နင်တို့မြို့ကိုရောက်တဲ့ ရထားသံလမ်းတွေကို ငေးရင်း ငါ့ကိုယ်ငါဆဲရေးတယ်။
လွယ်တော့မလွယ်ဘူး
နင့်နေအောင် ရူးခဲ့ရတာပဲ မိနှင်းဆီ. . .

နင့်အမျိုးသား ပုခုံးကို မှီပါ
အဲဒီ့လူရင်ခွင်မှာ အိပ်စက်ပါ
အဲဒီ့လူ အပြုံးတွေမှာ နင်ပျော်ပါ
ဘယ်ရင်ခွင်နဲ့မဆို နင်အေးမြပါစေ မိနှင်းဆီ
ဘယ်အရိပ်မှာမဆို နင်ချမ်းမြေ့ပါစေ မိနှင်းဆီ

မိနှင်းဆီရေ
ဒီမြို့လေးမှာ ငါသေနှင့်ခဲ့ပြီ။

photo from googlephoto-1496062031456-07b8f162a322.jpg

Rose | Ecency