မြေဇာပင်

Words
169
Reading
1 min
Listen
Play
8y

မြေဇာပင်
🌿🌿🌿🌿

သီဟသူရဘွဲ့တောင်မှရခဲ့တဲ့ဗိုလ်ချူ ပ်ကြီးက
သူ့သားစစ်ဗိုလ်ကိုစစ်မြေပြင်မပို့ခဲ့သလို..

ဗိုလ်ချူ ပ်ကြီးအင်ဘန်လကလည်း
သူ့သားကိုစစ်မြေပြင်ပို့မှာမဟုတ်ဘူး..

ယခင်ဝန်ကြီးချူ ပ်တွေဖြစ်ကြတဲ့..
စစ်ဗိုလ်ချူ ပ်ကြီးဟောင်းတွေကလည်း
သူ့သားစစ်ဗိုလ်တွေကိုတပ်ကထွက်ခိုင်းပြီး
ကုမ္ပဏီထောင်ပေးထားသလို..

ဗိုလ်ချူ ပ်ဂွမ်မော်တို့ကလည်း
သူ့သားသမီးတွေ(ရှိရင်)နိုင်ငံခြားမှာပဲ
ကျောင်းတက်ခိုင်းမှာသေချာတယ်..

ဘယ်သူကမှကိုယ့်သားသမီးကိုစစ်မြေပြင်မပို့ဘူး..
နှစ်ဖက်ခေါင်းဆောင်တွေကသာ
တိုက်ပွဲဝင်နေကြတဲ့စစ်သည်တွေကို
ငါ့သားသမီးတွေပါလားလို့သဘောထားရင်
စစ်ပွဲဆိုတာမရှိတော့ဘူး..

စစ်သားကစစ်တိုက်ရတာမဆန်းဘူး..
ဒါပေမဲ့ညီအကိုအချင်းချင်းပစ်ကြတဲ့စစ်..
တိုင်းပြည်ပါနာတဲ့စစ်
ဘယ်တော့မှမဖြစ်သင့်ဘူး...

ငြိမ်းချမ်းရေးအလိုချင်ဆုံးကစစ်သားတွေပါလို့..
အဖန်တစ်ရာစကားလုံးလာမသုံးနဲ့..

ငါ့ဆရာငါ့တပည့်ငါ့အပတ်စဉ်ကိုထိခဲ့တာဆိုတဲ့
နာကျည်းစိတ်နဲ့
စစ်ပွဲကိုဆက်လက်ဆင်နွှဲချင်နေသူတွေ..
နှစ်ဖက်စလုံးမှာရှိနိုင်တယ်..

တစ်ကယ်တမ်းငြိမ်းချမ်းရေးအလိုချင်ဆုံးက
စစ်ဘေးကြောင့်ပြေးနေရတဲ့ပြည်သူတွေ..
သေနတ်သံတွေကြားမှာ
ကျွဲနွားကိုထားခဲ့ပြီးသားသမီးကိုလက်ကဆွဲလို့
ပြေးနေရဆဲပြည်သူတွေ...

စစ်ဦးရင်ဘီလူးဖြစ်ကြသူတွေကြားမှာ
ဘယ်သူကရွာကိုမီးရှိုမီးရှို..
ဘယ်သူကစပါးကျီကိုဖောက်ဖောက်..
ကြောက်ကြောက်နဲ့ငုတ်တုတ်ထိုင်နေရတဲ့
ပြည်သူတွေ...

ရန်ကုန်မှာရှိတဲ့သူဌေးကြီးတွေက
အခွန်ရှောင်နိုင်တယ်..
တောင်ယာခုတ်စားနေရတဲ့ဘဝတွေက
အခွန်ကိုမရှောင်ရဲဘူး...

ဆွန်တန်ဟင်းရည်တစ်ခွက်နဲ့ပီးခဲ့ကြတဲ့နေ့တွေက
စစ်သားတွေဟန်းကောချို င့်နဲ့ထမင်းစားရတဲ့နေ့
တွေထက်ပိုများတယ်..

လျှပ်စစ်မီးမရှိဘူး..
Skynetမသိဘူး..
Globalizationကိုအသာထား

တစ်ချို့ ဆိုသေစာရှင်စာတောင်မဖတ်တက်ဘူး..

ဘယ်မှာလဲအနာဂါတ်..

တစ်ဒိုင်းဒိုင်းပစ်ခတ်သံတွေကြားမှာ
ဘုရားသခင်တောင်သူတို့အနားမရှိဘူး...

စစ်ကိုမုန်း၍တိုက်ကြစမ်း

ဗိုလ်ချူ ပ်ဂွမ်မော်ကိုလှမ်းမေးရင်လည်း
စစ်ကိုမုန်းလို့တိုက်နေကြောင်းပဲဖြေလိမ့်မယ်
ပေါက်ယူချန်းကိုလှမ်းမေးရင်လည်း
ငြိမ်းချမ်းရေးအတွက်
သေနတ်ကိုင်နေတာလို့ဖြေလိမ့်မယ်..

အကြောင်းပြချက်တွေပေးနေတဲ့ပါးစပ်တိုင်းမှာ
သိန်းနှစ်ဆယ်ကျော်တန်ဝီစကီအနံ့တွေပါတယ်..

တိုက်ကြစမ်း..
ဗီယက်နမ်စစ်ကားထဲက
စစ်ပြေးဒုက္ခသည်ဇာတ်ဝင်ခန်းတွေကရိုးတယ်..

အရှင်လက်လက်ပြေးနေရတာကို
အိမ်တော်ကြီးတွေထဲမှာ
မိသားစုလိုက်ထိုင်ကြည့်..
ပိုပြီးသရုပ်ပီပြင်တယ်..

နှစ်၆၀ကျော်စီးရီး၊ ကိုရီးကားထက်ရှည်တယ်..
စောင်မရှိကြတဲ့ဇာတ်ဝင်ခန်းရောက်ရင်
အစောင့်တစ်ယောက်ကိုAirconလျော့ခိုင်း
ရင်သွေးတော်တွေအအေးပက်မယ်..

တိုက်ကြစမ်း..
တောင်ပေါ်မြေမှာတော်ဝင်ပိတောက်ပန်းမပွင့်ဘူး
ကျောင်းစာဝေးအုတ်ကြားမြက်တွေက
မြေးတော်တွေရဲ့International school
အတွက် ပန်းရံအဖြစ်တော့သုံးလို့ရတယ်..

တိုက်ကြစမ်း..

ငြိမ်းချမ်းရေးကိုအလိုချင်ဆုံးက
တကယ်တိုက်နေရသူတွေပါလို့ပြောခဲ့ဖူးတဲ့သူတွေက
ဘဏ်မှာအပ်ငွေမရှိဘူး..

ဒုတိယကမ္ဘာစစ်လက်ကျန်စကားက
ခေတ်သစ်ကမ္ဘာထဲမှာ
စီးပွားရေးလုပ်လို့သိပ်ကောင်းတယ်..
MBA courseမှာမပါတဲ့ဂျင်းကို
ခြေတုတစ်ချောင်းကထောင်းပေးလိမ့်မယ်..

တိုက်ကြစမ်း..

သံလွင်မြစ်မှာအဖုံးမရှိဘူး
စွန့်လွှတ်ခြင်းဂုဏ်ပုဒ်က
ငါးစာအဖြစ်တော့အသုံးဝင်တယ်..

တိုက်ကြစမ်း..

ဧရာဝတီကိုမေခနဲ့မလိခပေါင်းပြီး
စီးဆင်းတာမဟုတ်ကြောင်း
သင်ရိုးအသစ်ဆွဲမယ်..
ညီအကိုအရင်းတွေရဲ့သွေးနဲ့စီးဆင်းမယ်..

တိုက်ကြစမ်း..

AK47ကျည်တစ်ကဒ်က
ထိုင်းဘက်ငွေငါးဆယ်တန်ဖိုးရှိတယ်..
မြန်မာပြည်လူ့အသက်တစ်ချောင်းက
A4တစ်ရွက်စာပဲတန်ဖိုးရှိတယ်..
နှမြောစရာအကြောင်းမရှိဘူး..

တိုက်ကြစမ်း..

ကမ္ဘာပေါ်မှာအရှည်ကြာဆုံးပြည်တွင်းစစ်နဲ့
ငါတို့ဂုဏ်ယူနေမယ်
ကျည်ဆံဖိုးအတွက်မပူနဲ့
မလေးရှားမှာကျွန်ခံရင်းရှာမယ်..

တိုက်ကြစမ်း..

ပညာတက်တာသူရဲကောင်းမဟုတ်ဘူး
Gun triggerပေါ်လက်ညိုးတင်ပြီး
ဓာတ်ပုံရိုက်ရတာက
Cambridgeကဘွဲ့ရတာထက်
ဂုဏ်ယူစရာကောင်းတယ်..

တိုက်ကြစမ်း..
ဇေတဝန်ကျောင်းနားအထိဗုံးကျလို့
ဘုရားက နေရာပြောင်းသွားရင်
ဘာသာမဲ့နိုင်ငံအဖြစ်နဲ့ငါတို့ဂုဏ်ယူမယ်..

တိုက်ကြစမ်း..

ဖာတန်းဆိုတာ ဝင်ဒါမီယာမှာမရှိဘူး
ကျည်ဆံနဲ့တည်ဆောက်တဲ့တိုင်းပြည်ကလည်း
ရွှေတောင်ကြားရပ်ကွက်ဖြစ်လာစရာ
အကြောင်းမရှိဘူး

ခိုးဆိုးလုနှိုက်နိုင်ငံတစ်ခုမှာ
ဦးတဲ့သူကမုဒိန်းကျင့်ကြတာပေါ့..

အပွင့်အခက်တွေရဲ့သမီးတွေကိုတော့
ထိမရလို့ဖယ်ထားမယ်..

သူတို့သားသမီးတွေကိုထိတဲ့နေ့
တရားဥပဒေစိုးမိုးသွားမှာမို့
လက်ရှောင်ကြမယ်..

တိုက်ကြစမ်း..

အနှစ်၇၀ကျော်တိုက်နေတဲ့စစ်ပွဲ
အနည်းဆုံးဒေါ်လာ၄၀၀ဘီလျှံ
သန်းငါးဆယ်အတွက်
တိုက်တစ်လုံးကားတစ်စီးအပြင်
စိန်တစ်ဆင်စာပေးနိုင်လောက်တဲ့ပမာဏအတွက်
ဓာတ်မြေသြဇာငပိရည်နဲ့ညစာစားရင်း
စားမြုံ့ပြန်ပြီးဂုဏ်ယူကြမယ်..

တိုက်ကြစမ်း..

တိုက်ပွဲတစ်ပွဲပြီးတိုင်းမှာ
Low budget sectorထဲက
စာသင်ကျောင်းထရံတစ်ပေါက်ကွာကျတယ်
ခေါင်းလောင်းသံတညံညံသီချင်းကို
KTVထဲမှာဆိုကြမယ်
နေခြည်မှာရွှေရည်မလောင်းနိုင်တော့သူတွေကို
ကမ္ဘာ့အဆင့်(၁)ရထားတဲ့
မြန်မာဘီယာငှဲ့ခိုင်းမယ်..

ဘယ်တော့မှရွှေတောင်ကြားဖြစ်မလာတော့မယ့်

....တန်းနိုင်ငံအတွက်
သာဓုခေါ်တယ်.

Photo crd - FB image

မြေဇာပင် | Ecency