ရွေးကောက်ပွဲ အနိုင်ရပြီးနောက် ၈ လနီးပါးအကြာတွင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် စိတ်လှုပ်ရှားဖွယ် ခရီးစဉ် တစ်ခုအဖြစ် ရက်သတ္တပတ်အတွင်းက ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံရှိ မြန်မာလုပ်သားများနှင့် တွေ့ဆုံမိန့်ခွန်းပြောကြားရာတွင် ယင်းတို့ မကြာမီကာလအတွင်း နေရပ်ပြန်ကာ အလုပ်လုပ်နိုင်သည့် အခြေအနေ ရောက်ရှိသည်အထိ မြန်မာနိုင်ငံ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာရန် ဆောင်ရွက်မည်ဟု ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ရရန် လာရောက်သည့် မြန်မာအလုပ်သမားများ မိုးရေထဲတွင် ငိုကာအော်ဟစ်နှုတ်ဆက်နေသည့် စိတ်လှုပ်ရှားဖွယ် မြင်ကွင်းများ မြင်တွေ့ခဲ့ရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အဆိုပါ မိန့်ခွန်းက မရည်ရွယ်သည့် အသိုင်းအ၀ိုင်း တစ်ခုတွင်ပါ သက်ရောက်ခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသားများ၏ ဖေ့စ်ဘုတ်စာမျက်နှာများတွင် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း ဘာသာပြန်များ၊ ”အိမ်ပြန်ကြမယ်” ဆိုသည့် စာသားများနှင့် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေသည့်ပုံများ လျင်မြန်စွာ ပျံ့နှံ့ခဲ့သည်။ ထိုင်းနိုင်ငံတွင် အနိုင်ကျင့် အနှိပ်စက်ခံရမှုများ၊ လုပ်ငန်းခွင် အခြေအနေနိမ့်ကျမှုများ ကြုံတွေ့ရသော်လည်း လုပ်ခလစာ ပိုမိုရရှိ သဖြင့် နေရပ်ကို စွန့်ခွာကာ လာရောက် အလုပ်လုပ်နေရသည့် ကမ္ဘောဒီးယား ခြောက်သိန်းခန့်အတွက် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းမှာ ဘ၀င်ခိုက်စရာ ဖြစ်စေခဲ့သည်။
ကမ္ဘောဒီးယား နိုင်ငံတကာ ပွင့်လင်းမြင်သာမှုအဖွဲ့မှ ဒါရိုက်တာ ပရိခိုလ်က “ဒါဟာ ခေါင်းဆောင်တစ်ဦးရဲ့ စကားမျှသာမဟုတ်ဘဲ သူ့နိုင်ငံသားတွေအတွက် ကရုဏာတရားကြီးမားတဲ့ မိခင်တစ်ဦးရဲ့ စကားပါ။ ဒီလိုခေါင်းဆောင်မျိုး များများစားစား မရှိပါဘူး။ ကမ္ဘောဒီးယားကို ဒေါ်အောင်ဆန်းစုကြည် လာလည်တာ မြင်ချင်ပါတယ်” ဟု ယင်း၏ ဖေ့စ်ဘုတ်တွင် ရေးသားခဲ့သည်။ မိုးရွာထဲတွင် ငိုနေသည့် မြန်မာရွှေ့ပြောင်း လုပ်သားများ၏ ဓာတ်ပုံနှင့်တွဲ၍ စနေနေ့က တင်ခဲ့သော ထိုပို့စ်ကို LiKE နှင့် Share လုပ်သူ ထောင်ချီရှိခဲ့သည်။
မစ္စတာခိုလ်၏ ရေးသားမှု နောက်ပိုင်းတွင် အလားတူ ပို့စ်ပေါင်း များစွာ ပေါ်ထွက်လာခဲ့ပြီး အများစုက ဒေါ်အောင်ဆန်းစုကြည်အား ကမ္ဘောဒီးယား ခေါင်းဆောင်များကဲ့သို့ မဟုတ်ဘဲ ရွှေ့ပြောင်း အလုပ်သမားများ၏ နစ်နာချက်များအား အထူးဂရုစိုက်သူ မိခင်တစ်ဦးအဖြစ် ပုံဖော်ခဲ့ကြသည်။ ကမ္ဘောဒီးယားနိုင်ငံ၏ အဓိက အတိုက်အခံပါတီ CNRP မှ လွှတ်တော်အမတ် အူချန်ရစ်က “ဒေါ်အောင်ဆန်းစုကြည်က သူ့ရင်သွေးတွေကို ထိုင်းကနေ အိမ်ပြန်ဖို့ ခေါ်တဲ့အကြောင်း တွေးမိရင် ကျွန်တော့်ရင်သွေးတွေလည်း ဘယ်အချိန်မှ အိမ်ပြန်နိုင်မလဲလို့ တွေးမိပြီး ရင်မှာ နာကျင်ရပါတယ်” ဟု ယင်း၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားခဲ့သည်။
မစ္စတာချန်ရစ်က “မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီလိုပြောနေပါပြီ။ ကမ္ဘောဒီးယားအတွက်ရော ဘယ်လိုလဲ” ဟု မေးခွန်းထုတ်ခဲ့သည်။
ဘ၀ရပ်တည်ရေးအတွက် လူငယ်များ မိသားစုကို စွန့်ခွာကာ နိုင်ငံခြားသို့ သွားရောက် အလုပ်လုပ်နေရသည့် အခြေအနေမှာ ကမ္ဘောဒီးယားနိုင်ငံအတွက် နိုင်ငံရေးပြသ၁နာတစ်ရပ် ဖြစ်လာနေသည်။ နိုင်ငံခြားတွင် အနိုင်ကျင့် နှိပ်စက်ခံရသည့် ကမ္ဘောဒီးယား အလုပ်သမားများအား ကူညီရန် ကမ္ဘောဒီးယား အာဏာပိုင်များက ဆောင်ရွက်မှု နှေးကွေးခြင်းကိုလည်း လူထုက မကျေနပ်ကြပေ။ အဆိုးဝါးဆုံး အနိုင်ကျင့်မှုများ ဖြစ်ပွားလေ့ရှိသည့် မလေးရှားနိုင်ငံသို့ ကမ္ဘောဒီးယား အိမ်ဖော်များ ပို့ဆောင်ပေးသည့် ကုမ္ပဏီအချို့ကို အစိုးရအရာရှိကြီးများ၏ ဆွေမျိုးများက ပိုင်ဆိုင်ထားခြင်းကလည်း အခြေအနေကို ပိုမိုဆိုးဝါးစေသည်။
မစ္စတာခိုလ်က “ကျွန်တော်တို့ဆီက လက်ရှိ ခေါင်းဆောင်တွေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်လို အတွေးအမြင် သဘောထားမျိုးရှိတာ မတွေ့ရပါဘူး” ဟု ပြောကြားခဲ့သည်။ “ကမ္ဘောဒီးယား ခေါင်းဆောင်တွေက ရွှေ့ပြောင်းလုပ်သားတွေရဲ့ ပြန်ပို့ငွေကြောင့် တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးစေတယ်လို့ ဂုဏ်ယူနေပြီး လူတွေကို နိုင်ငံခြားထွက် အလုပ်လုပ်ဖို့ အားပေးနေပါတယ်” ဟု ဆိုသည်။
ရွှေ့ပြောင်းလုပ်သားများ၏ ပြန်ပို့ငွေက ဆင်းရဲသော ကမ္ဘောဒီးယားမိသားစုများအတွက် အထောက်အပံ့ ဖြစ်စေသည်မှာ သံသယရှိစရာ မလိုသော်လည်း ရွှေ့ပြောင်းလုပ်သားများ ကြုံတွေ့ရသည့် လုပ်ခနည်းပါးမှု၊ အလွန်အကျွံ အလုပ်လုပ်ရမှု၊ ဖမ်းဆီးခံရမှု၊ ရုပ်ပိုင်း၊ စိတ်ပိုင်းနှင့် လိင်အကြမ်းဖက်ခံရမှု တို့ကြောင့် ရရှိသည့် နာကျင်မှုများကို အလုပ်သမားများ ဆက်လက်ခံစားနေရသည်ဟု မစ္စတာခိုလ်က ဆိုသည်။
ခိုလ်က “ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းက ကမ္ဘောဒီးယားတွေရဲ့ နှလုံးသားကို ထိထိခိုက်ခိုက်ဖြစ်စေခဲ့တာပါ” ဟု ပြောကြားသည်။
မလေးရှားနိုင်ငံတွင် အိမ်ဖော်များ၏ အခွင့်အရေး ဆောင်ရွက်နေသည့် စင်ထရယ်အဖွဲ့ခေါင်းဆောင် မစ္စတာ တိုလာက “ရွှေ့ပြောင်းလုပ်သားတွေဟာ အကာအကွယ် ပေးမှု မခံရဘဲ နာကျင်ခံစားနေရတယ်ဆိုတာ နားလည်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပြောကြားချက်က ထိရောက်ခဲ့တာပါ” ဟု ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်က မြန်မာရွှေ့ပြောင်းလုပ်သားများ နေရပ်ပြန်ရန် ရိုးရိုးရှင်းရှင်း ဖိတ်ခေါ်ခြင်းဖြစ်သော်လည်း ယင်းတို့အတွက် မြန်မာနိုင်ငံတွင် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးမည့် အစီအစဉ်က မြန်မာ လုပ်သားများအပေါ် နှိမ်ချဆက်ဆံသည့် ထိုအလုပ်ရှင်များကို ကြောက်ရွံ့စေသည့် ခြိမ်းခြောက်မှုတစ်ခု ဖြစ်သည်။ မြန်မာရွှေ့ပြောင်း လုပ်သားများမှာ ထိုင်းနိုင်ငံ၏ အဓိက လုပ်သားအင်အားစုလည်း ဖြစ်သည်။
မလေးရှားနိုင်ငံတွင် အိမ်ဖော်များ နှိပ်စက်ခံရမှု တိုင်တန်းချက်များ ရှိနေသည့်တိုင် အိမ်ဖော်များ ပြန်လည်စေလွှတ်ရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည့် ကမ္ဘောဒီးယား အစိုးရနှင့် နှိုင်းယှဉ် ပါက ဒေါ်အောင်ဆန်းစုကြည်၏ ရပ်တည်ချက်မှာ လုံးဝခြားနားသည်ဟု မစ္စတာတိုလာကဆိုသည်။
“ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံကိုသွားပြီး အိုကေ၊ အိမ်ပြန်ကြစို့လို့ ပြောတာနဲ့ လုံးဝခြားနားပါတယ်။ ထိုင်းစီးပွားရေး လုပ်ငန်းတွေက ရွှေ့ပြောင်းလုပ်သားတွေရဲ့ လုပ်အားအပေါ် မှီခိုနေရတဲ့အတွက် အလုပ်သမားအခွင့်အရေးကို ပိုမိုကာကွယ်ဖို့ သူက ထိုင်းအစိုးရကို ဖိအားပေးခဲ့ပါတယ်။ ကျွန်တော်က မြန်မာ မဟုတ်ပေမယ့် ဒါဟာ စိတ်လှုပ်ရှားစရာဖြစ်ပြီး ငိုမိမတတ် ဖြစ်ခဲ့ပါတယ်။ ဒါဟာ တာဝန်ယူမှုရှိတဲ့ ခေါင်းဆောင်ဆိုတာ ပြသတာပါ” ဟု မစ္စတာတိုလာက ပြောကြားခဲ့သည်။
ကမ္ဘောဒီးယား အာဏာရပါတီ CPP ၏ ပြောခွင့်ရပုဂ္ဂိုလ် ဆော့ခ်အိုင်ဆန်ကမူ ရွှေ့ပြောင်းလုပ်သားများအား နေရပ်ပြန်ခေါ်ရန် တောင်းဆိုမှုကို ထောက်ခံခြင်းမပြုဟု ပြောကြားခဲ့သည်။ ယင်းက ကမ္ဘောဒီးယားတွင် အခွင့်အလမ်း နည်းပါးမှုကြောင့် နိုင်ငံခြား အလုပ်အကိုင် ဈေးကွက်များကို အစိုးရက တက်တက်ကြွကြွ ရှာဖွေနေသည်ဟု ပြောကြားခဲ့သည်။
ဘန်ကောက်မြို့ ကမ္ဘောဒီးယားသံရုံး အလုပ်သနားဌာန အကြံပေး မစ္စတာ မာတင်က “ရွှေ့ပြောင်းနေထိုင်မှုဟာ သဘာဝဖြစ်ရပ်တစ်ခုပါ။ မကောင်းတဲ့ ကိစ္စ မဟုတ်ပါဘူး။ တရားမ၀င် ဆောင်ရွက်မှသာ မကောင်းမှုဖြစ်စေတာပါ” ဟု ပြောကြားသည်။
ကမ္ဘာဒီးယား အလုပ်သမားများအား ထိုင်းအလုပ်ရှင်များက အနိုင်ကျင့်မှု ပြသ၁နာကို ဖြေရှင်းရန် ကမ္ဘောဒီးယား တာဝန်ရှိသူများက ထိုင်းအာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်နေပြီး ကမ္ဘောဒီးယားနိုင်ငံသားများ ထိုင်းနိုင်ငံသို့ လာရောက် အလုပ်လုပ်ခြင်းကို တားမြစ်နိုင်ခြင်း မရှိဟု ဆိုသည်။ “ထိုင်းမှာက ကမ္ဘောဒီးယားထက် လုပ်ခလစာ ပိုများပါတယ်။ ဒါက ဒီမှာ အလုပ်လာလုပ်ကြတဲ့ အကြောင်းရင်းပါ” ဟု မစ္စတာ မာတင်က ပြောကြားသည်။
ဘန်ကောက်တွင် အ၀တ်အထည်များ မီးပူတိုက်ရသည့် အလုပ်လုပ်ရန် ကမ္ဘောဒီးယား နိုင်ငံ ကွမ်ပေါင်သွမ်မှ ၂၀၁၁ တွင် ထွက်ခွာခဲ့သည့် အသက် ၃၆ နှစ်အရွယ် ရော့စ်စာရတ်က ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ကရုဏာတရားကြီးမားသည့် ခေါင်းဆောင်တစ်ဦးရှိခြင်းအတွက် ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားများကို မနာလို ဖြစ်မိသည်ဟု ပြောကြားသည်။
“ဒေါ်အောင်ဆန်းစုကြည်က သူ့နိုင်ငံသားတွေ ဒီမှာ အခက်အခဲ ကြုံတွေ့တာကို မလိုလားလို့ ကိုယ့်နိုင်ငံ ပြန်ခေါ်ပြီး အလုပ်လုပ်စေချင်တယ်လို့ ထင်ပါတယ်” ဟု မစ္စတာစာရတ်က ပြောကြားခဲ့ပြီး အခြေအနေပေးပါက ကမ္ဘောဒီးယားသို့ ပြန်လိုသည်ဟု ဆိုသည်။ ယင်းက “သူဆောင်ရွက်သလိုမျိုး ကမ္ဘောဒီးယား ၀န်ကြီးချုပ်ကိုလည်း ဆောင်ရွက်စေချင်ပါတယ်။” ဟု ပြောကြားခဲ့သည်။