Poem

khant(43)
Published in
#esteem
Words
75
Reading
1 min
Listen
Play
9y

အနီရယ် အပြာရယ်

ဆယ်တန်းစတက်တဲ့မနက်က
ကျောင်းရှေ့မှာ
စိန်ပန်းပင်တွေနဲ့ ထိပ်တိုက်တွေ့တယ်
တချို့လည်း ရဲရဲနီ
တချို့က ပြာရီရီနဲ့
နာရီတခြမ်း ရာသီတခြမ်း
တမ်းတစိတ်ဟာ
ဘယ်အချိန်ကာလနဲ့မဆို
ကင်းအောင်ရှင်းအောင်ကို မနေဘူး။

ရှမ်းရိုးမဘက် ကိုယ် ရောက်တော့
အဲဒီမှာလည်း စိန်ပန်းပင်တွေ ပေါက်နှင့်တယ်
အနီရယ်လား အပြာလား
ခုပြန်စဉ်းစားတော့
မျက်စိထဲ ဝိုးတဝါးနဲ့ လင်းနေဆဲ။

တက္ကသိုလ်ပရဝုဏ်ကို ခြေချတော့
ရေတမာပင်တွေ ဟိုဘက်ကနေ
ဦးအောင် ရောက်နှင့်သူ စိန်ပန်းက
ငါ့ကို မြင်မြင်ချင်း ပြုံးပြတယ်
အနီရယ် အပြာရယ်။

ကြာချေပြီကော
ခုဆို
အညာဆိုတဲ့ အလွမ်းဖုန် ထူရာတောမှာ
ကိုယ်ဟာ ကျောင်းဆရာမလေးဖြစ်ခဲ့တာ
နှစ် ၂၀ ပြည့်တော့မှာပါလား
စိန်ပန်းတွေက
ချိန်းချက်မထားဘဲ ပွင့်နေလိုက်တာ
ရင်ထဲမှာ
အနီရယ် အပြာရယ်
ဘယ်ဘက်ရင်အုံမှာ ရဲရဲနီတယ်
ညာဘက်ရင်အုံမှာ ပြာရီရီမှိုင်း
စိန်ပန်းပွင့်က လှိုင်းလို ရင်မှာ ဗောင်ဗင်
ဘဝထဲကို ဝင်စား
ငါ့ရဲ့တေးသွား ၃၆ မှာ . . .။
ငြိမ်းသဇင် (ပညာရေး)image

Poem | Ecency