' မောင်တစ်ထမ်း မယ်တစ်ရွက် ' တဲ့.
မယ်တစ်ထမ်း မောင်တစ်ရွက်လည်း ရှိချင်ရှိမှာပေါ့.
ဒိုးတူဘောင်ဖက် ...
စံအတူ ခံအတူ ...
ကောင်းတူဆိုးဖက် ဘဝကိုရင်ဆိုင်ပြီးမှ ...
သူသာချိန်မှာ ပြောင်းလဲသွားသတဲ့လား ?
' သုည ဆိုတဲ့ ဘဝ ' ကတည်းက အနားရှိ ...
ပါရမီဖြည့် ...
ဘဝရုန်းကန်ခြင်းတွေမှာ ...
ညည်းခံခြင်း ... နားလည်ခြင်း ... အားပေးခြင်းတွေအမြဲရှိခဲ့ ...
သူ့ဘဝအောင်မြင်ချိန်ရောက်မှ နောက်လူနောက် ကောက်ကောက်ပါသွားသလား ?
ကိုယ်ဆွဲထားလို့ရော သူကနေမှာတဲ့လား ?
ကိုယ်ငိုကြွေးလို့ရော သူကကိုယ့်ကိုသနားမှာတဲ့လား ?
ကိုယ်နာကျင်ကြေကွဲရလို့ရော သူကသိမှာတဲ့လား ?
မတည်မြဲတဲ့ ' စိတ် ' တွေရှိသူနဲ့ ဝေးကွာရခြင်းက ကံကောင်းတယ်ဆိုတာထက်
ငါ့အပေါ် လုပ်ရက်လေခြင်းဆိုတာက ပိုကြီးစိုးတယ်မလား ?
' သောက ' ရဲ့ အဓိက အကြောင်းအရင်းက ' တွယ်တာမှု ' တဲ့ တရားတော်ထဲမှာ မှတ်သားနာယူဖူးတာ.
ဒီပူလောင်သောကဖြစ်ဖို့ တွယ်တာမှုဖြတ်တဲ့အခါ ...
စွန့်လွှတ်ခြင်း ... ခွင့်လွှတ်ခြင်း ... လက်လွှတ်တတ်ခြင်းကပါ ပါသွားမှာပါ.
နာကျင်ရမှန်းသိပေမယ့် ဆုပ်ကိုင်ထားသမျှ
အတွင်းလှိုက်စားပြည်တည်နာလိုဘဲ တမြည့်မြည့်နာကျင်ရမှာဘဲ.
သတ္တိရှိရှိဖောက်ထုတ်လိုက်ပါ ပြည်တည်နာကို ...
ပြည်ထွက်သွားရင်ဆေးထည့် အနာကျက် ...
အနာကျက်ပြန်တော့လည်း အမာရွတ်ပျောက်အာင်
အချိန်တွေလိုပါမယ်.
လမ်းက နှစ်လမ်းဘဲရှိတယ်.
တစ်သက်လုံး ပြည်တည်နာလိုဒဏ်ရာတစ်ခုနဲ့ နာကျင်မလား ?
ခုဘဲပြည်ဖောက်ထုတ် တစ်ခါအနာခံ ...
ဒဏ်ရာ အမာရွတ်ပျောက်သည်ထိ အချိန်အတိုင်းအတာတစ်ခုဘဲ အနာကျင်ခံမလား ?
ကိုယ့်ကိုယ်ကိုမေးပါ.
သူ့အပေါ်တွယ်ငြိစိတ် မတွယ်ငြိစိတ်က ကိုယ့်စိတ်ပါဘဲ.
ကိုယ်ကလွဲရင် ဘယ်သူမှ လုပ်ပေးလို့မရတဲ့ စိတ်ကို ကိုယ်က ပဲ့မကိုင် ကိုယ်သာစုန်းစုန်းမြှုပ်သွားမယ်ပေါ့.
မေ့ဖို့ကြိုးစား ခွင့်လွှတ်ဖို့ကြိုးစား အပြောလွယ်ပေမယ့် အလုပ်ခက်တယ်ပေါ့.
တွယ်ငြိမှုတွေဖြတ်ရင်း နောက်လူနဲ့ သူပျော်ပါစေဆိုနဲ့ စိတ်စေနာလေးထားနိုင်တဲ့တစ်နေ့ ငြိမ်းချမ်းသွားမှာပါ.
ချစ်ခြင်းမေတ္တာရဲ့သဘော ရိုးရှင်းတဲ့အခါ အေးချမ်းပါတယ်.
တစ်သက်တာမှာ ချစ်ခြင်းမေတ္တာတွေ အကြိမ်ကြိမ်မွေးဖွားလို့ရတာမို့ ...
တစ်ဖက်သူ နောက်လူနဲ့ ဖြစ်ဖြစ် ...
ဘယ်သူနဲ့ဖြစ်ဖြစ် ... ပျော်ပါစေ.
ဒီစိတ်စေတနာရဲ့အကျိုး ကိုယ့်အတွက် ဒီဘဝမှာလည်းကောင်းသလို သံသရာအတွက်ပါကောင်းတယ်ပေါ့.
' ဒေါသ ' ရဲ့ သဘောက ကိုယ့်ကိုအရင်လောင်မြိုက်ပြီးမှ သူတစ်ပါးကို လောင်မြိုက်တယ်ပေါ့.
မခံချင်စိတ် ...
မာန ...
ဒေါသ ချုပ်ငြိမ်းပြီး ...
ခွင့်လွှတ်ပါ ...
တွယ်တာမှုဖြတ်ပါ ...
နာကျင်သမျှ ညည်းခံပါ ... စိတ်ရှည်ပါ ...
အနာကျက် အမာရွတ်ပျောက်အောင် ငြိမ်းချမ်းသောစိတ်နဲ့ ဇွဲရှိရှိကြိုးစားပါ.
စိတ်သန္တန်မှာ ...
' သူလည်း ငြိမ်းချမ်းပါစေ '
' ကိုယ်လည်း ငြိမ်းချမ်းပါစေ '
နေ့စဉ်ပြောရင်း ဆောင်ရွက်တဲ့အခါ ...
သူ့ဆီကနေ ကိုယ်တစ်နေ့လွတ်မြောက်မှာပါ.
လွတ်မြောက်ခြင်းတွေမှာ လောဘ ဒေါသ မောဟ မာန အတ္တ သောကကင်းကင်းနဲ့ အေးချမ်းပါစေ
စကားချပ် : ' သုညဘဝကတည်း ' ဆိုတာရေးပေးပါစေဆိုတဲ့ ညီမလေးရေ ... ရေးပေးပြီနော်. ညီမလေး အေးချမ်းပျော်ရွှင်ပါစေ.