မြန်မာပြည်မမှာဒီလိုရွာရှိပါသေးလား။
ခက်ခဲကြမ်းတမ်းသော လမ်းအဆုံးက ဇနဖုဒ်ရွာ
ထက်ဖြိုး၊သူရိယထက်
ရွာနာမည်က ''ဇနဖုဒ်''
''ပါးစပ်ပါရွာရောက်''ဆိုသည့် ဆိုရိုးစကားက ဇနဖုဒ်ရွာ အတွက်တော့ မှန်ကန်ခြင်းမရှိနိုင်ပါ။ တစ်ခါမှမရောက်ဖူးသူများ အတွက် ထိုရွာလေးကိုရောက်ရှိဖို့ရန် ခဲယဉ်းပါလိမ့်မည်။ ဆိုင်ကယ်လမ်းမရှိ ကားလမ်းမရှိ မည်သည့်ယာဉ်မှ အသုံးပြု၍ သွားမရ။ လမ်းလျှောက် သွားမှသာ ရွာကိုရောက်ပါလိမ့်မည်။
ဇနဖုဒ်ကျေးရွာသည် မင်းကင်းမြို့နယ်ထဲတွင်တည်ရှိသည်။ မင်းကင်းမြို့နှင့် မိုင် ၄၀ ခန့်ကွာဝေးပြီး မင်းကင်းမြို့နယ်ထဲက ပျားဇနဖုဒ်ဟုမေးလိုက်လျှင် လူတိုင်းလိုလိုသိကြသည်။ ထိုရွာကနာမည်ကြီးသည်။ ထင်ရှားသည်။ ပျားဇနဖုဒ်က နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော် ထွက်ရှိသောကြောင့် နာမည်ကြီးခြင်းမဟုတ်။ စာပေပညာရှင်များ ထွက်သောကြောင့် လည်းမဟုတ်။ ပျားဇနဖုဒ်ရွာက လမ်းပန်း ဆက်သွယ်ရေးက အောချလောက် အောင် ခက်ခဲကြမ်းတမ်းသော ကြောင့်ဖြစ်သည်။
မင်းကင်းမြို့မှ သွားမည်ဆိုလျှင် တစ်နေကုန်နီးပါး သွားရောက်ရမည်ဖြစ်သည်။ မင်းကင်းမှ တောင်တွင်း ချောင်ဒေသ(ရွာပေါင်း ၃၆ ရွာရှိသောဒေသကို ခေါ်ဆိုခြင်း)သို့ နတ်ရှင်တောင်ကျော်ကာ သွားရောက်ရသည်။
မင်းကင်းမြို့နယ်မှ တောင်တွင်း ချောင်ဒေသ ၀င်ဝကျေးရွာသို့ လေးနာရီနီးပါး ဆိုင်ကယ်စီးရသည်။ ၀င်ဝကျေးရွာသို့ ရောက်လျှင် စီးလာသောဆိုင်ကယ်ကို ထားခဲ့ရသည်။
ဝင်ဝကျေးရွာသို့ရောက်လျှင် ပျားဇနဖုဒ်ရွာသွားရာ ခက်ခဲကြမ်းတမ်းသော ကန္တာရခရီးလမ်းစတင်ခြင်းဖြစ်သည်။ လူသွားလမ်းပင်မယ်မယ်ရရမတွေ့ရ။ ကျောက်ဆောင်ကျောက်သားများပေါ်မှ တစ်ခုပေါ်တစ်ခု ခုန်ပျံကျော်လွှားကာ သွားရသည်။ခြေလှမ်းမှား၍မရ ချော်ကျပါက ခြေကျိုးနိုင်သသည်။ ခေါင်းကွဲနိုင်သည်။ အသက်ပါဆုံးရှုံးနိုင်သည်။ထိုကျောက်တုံးများ ပေါ်မှ သွားလာခြင်းက တချက်တချက် အသက်ပင်မနည်း ၀အောင်ရှုရသည်။
ခုန်ကျော်၍မရသောနေရာများလည်းရှိသည်။ ထိုနေရာမျိုးဆိုလျှင် ကျောက်တုံးကြီးများကိုဆွဲ ကုတ်တက်၍သွားရသည်။ ကျောက်တုံး နှစ်တုံးပေါ်တွင် တံတားသဖွယ် သစ်လုံးတစ်လုံးသာ ချထားသောနေရာများလဲရှိသည်။ ထိုသစ်လုံးပေါ်မှ လမ်းလျှောက် ရသည်။ ကိုင်စရာမရှိ။
မတ်စောက်လျက်ရှိသော ကျောက်တုံးများပေါ်မှ လမ်းလျှောက် လျှင်လမ်းပြက သတိပေးသည်။
''သစ်ရွက်တွေပေါ်မနင်းနဲ့ သတိထား၊ ချော်ကျလိမ့်မယ်''ဟု လမ်းပြဖြစ်သော ကိုဖိုးဌေးကပြောသည်။
တခါတခါတွင် လမ်းပြကြီးကိုဖိုးဌေးပင် လမ်းပျောက်ပျောက်သွားတတ်သည်။ တချို့နေရာတွင် မြင့်မားသော ကျောက်တုံးများကို ထွင်းထုထားကာ လက်ကိုင်တက်၍ရအောင် လုပ်ထားသည်။ နွေရာသီမို့သာ ယခုကဲ့သို့သွားလာ ရခြင်းဖြစ်သည်။ မိုးတွင်းမိုးခါဆိုလျှင် သွားလာ၍မရတော့။
တောင်တွင်းချောင်ဒေသသို့ရောက်၍ ပျားဇနဖုဒ်ကျေးရွာသို့ သွားမည်ဟု ဒေသခံများသိလျှင် သင့်ကိုအထင်သေးပါလိမ့်မည်။ ထိုရွာသို့လိုက်ပို့ရန် တောင်းဆိုလျှင်လည်း သူတို့က တွန့်ဆုတ်နေပါ လိမ့်မည်။
မင်းကင်းမြို့ပေါ်နေသူများပင်မဆိုထားနှင့် ပျားဇနဖုဒ်ကျေးရွာနှင့် တစ်အုပ်စုထဲကျရောက်သော တောင်တွင်းချောင်ဒေသရှိ ၀င်ဝရွာသူရွာသားများပင် ရောက်ဖူးသူက ခပ်ရှားရှား။
လူတော်တော်များများက ပျားဇနဖုဒ်ဟုတွဲခေါ်ကြသည်။ ပျားဇနဖုဒ်ကို တစ်ရွာတည်းထင်ကြသည်။ အမှန်မှာ ပျားနှင့် ဇနဖုဒ်မှာ တစ်ရွာစီဖြစ်သည်။ တစ်ရွာနှင့်တစ်ရွာ ၇ ခုမိုင်ကွာဝေးသည်။ ၇ မိုင်သာဝေးသော်လည်း ပျားနှင့် ဇနဖုဒ်ခရီးသည် နေ့ဝက်ခန့်အထိသွားလာရသည်။
@kbkb
....
....မျှော်