✍️လူ့အသွင်အပြင်နှင့် ရဟန္တာအဖြစ် ✍️
လူ့အသွင်အပြင် ခေါ် လူ့ဘဝအဖြစ်ဖြင့် ရဟန္တာဖြစ်ရပါက ထိုနေ့တွင်တွင် ရဟန်းပြုလျှင်ပြု သို့မဟုတ်ပါက ပရိနိဗ္ဗာန်စံဝင်ရ၏။ ကာမာဝစရ နတ်ပြည်ခြောက်ထပ်ရှိ နတ်တို့တွင်မူ အနာဂါမ်ဖြစ်ပါက ထိုနတ်ဘဝမှ စုတေရပြီး သုဒ္ဓါဝါသဗြဟ္မာ့ဘုံသို့ပြောင်းရွှေ့ဖြစ်ရ၍ နတ်ပြည်မှာပင် ရဟန္တာဖြစ်ပါက ထိုနေ့မှာပင် ပရိနိဗ္ဗာန်စံဝင်ရ၏။
(မှတ်ချက်အထူးအနေဖြင့်ကား ဘုမ္မစိုး ရုက္ခစိုးနတ်တို့သည် ရဟန္တာဖြစ်ပါက ထိုဘုမ္မစိုး ရုက္ခစိုးနတ်တို့အသွင်အပြင်ဖြင့်သာ သက်တမ်းကုန်သည်အထိ နေနိုင်ကြပါသည်။ လူ့အသွင် နတ်အသွင်တို့ကား အရဟတ္တဖိုလ်၏ဂုဏ်ကျေးဇူးကို မဆောင်နိုင်။ ထို့ကြောင့် လူ့အသွင်ယောကျာ်းတို့သည် ရဟန္တာဖြစ်ပါက ရဟန်းပြုလျှင်ပြု မပြုနိုင်လျှင် ထိုနေ့တွင်ပင် ပရိနိဗ္ဗာန်စံဝင်ရမည်ဖြစ်ပြီး လူ့အသွင်မိန်းမတို့သည်လည်း ရဟန္တာဖြစ်ပါက ထိုနေ့တွင်ပင် ဘိက္ခုနီခေါ် ရဟန်းမအဖြစ် အသွင်ပြောင်းပေးရပေမည်။ သို့သော်လည်း ယခုခေတ်တွင်မူ ဘိက္ခုနီမဖြစ်ရန်အတွက် အဋ္ဌဝါစိကူပသမ္ပဒါခေါ် ဘိက္ခုနီမတို့နှင့်သာဆောင်နိုင်သော ရဟန်းခံခြင်းကံနှင့် ဘိက္ခုရဟန်းတွေနှင့်ဆိုင်သော ရဟန်းခံခြင်းကံတို့စသော ကံဆောင်မှသာလျှင် ဘိက္ခုနီရဟန်းမ ဖြစ်နိုင်သောကြောင့် ယခုခေတ်တွင် ဘိက္ခုနီမတို့ မရှိတော့သောကြောင့်လည်းကောင်း အမျိုးသမီးတို့အတွက် ဘိက္ခုနီမရဟန်းမဖြစ်နိုင်တော့သောကြောင့် အမျိုးသမီးတို့ ရဟန္တာဖြစ်လျှင် ထိုနေ့တွင်ပင် ပရိနိဗ္ဗာန်စံရပေမည်။ ထိုသို့သောအကြောင်းတို့ကြောင့် ယခုခေတ်အချိန်တွင် ရဟန္တာဟုဝန်ခံနေသော သီလရှင်ဆရာလေးများနှင့် ယောဂီအမျိုးသမီးများအတွက် စဉ်းစားဖွယ်။
{ ကိုးကား။ ။ မဇ္ဈိမပဏ္ဏာသအဋ္ဌကထာ၊ တေဝိဇ္ဇဝစ္ဆသုတ်အဖွင့်}
ဘာဝရုပ်များ လိင်ပြန်ပုံ
🌀🌀🌀🌀🌀🌀🌀
ပုလ္လိင်မှ ဣတ္ထိလိင်ပြန်ပုံ။ ။ ဘာဝရုပ်နှစ်မျိုးတွင် ပုရိသဘာဝသည် မြတ်၏၊ ဣတ္ထိဘာဝသည် ညံ့၏၊ ထိုဘာဝရုပ်အတွက် ပေါ်ထွက်သော လိင်္ဂစသည်များလည်း အယုတ်, အမြတ် ခြားနား၏။ ထို့ကြောင့် ယောက်ျားဖြစ်ရန် စီမံနိုင်သောကံသည် အားကောင်း၏။ မိန်းမဖြစ်ရန် စီမံသောကံကား အားသေး၏။ ထိုတွင် အားကောင်းသော ကုသိုလ်ကံက စီမံလိုက်သည့်အတွက် ပုရိသဘာဝရုပ်ကို ရရှိပြီးသော်လည်း ရှေးရှေးဘဝက ပရဒါရိက(သူ့မယားကို ပြစ်မှားသော) အကုသိုလ်ကံ, သောရေယျ သူဌေးသားကဲ့သို့ ယခုဘဝမှာပင် မတော်မလျော် ရာဂဖြစ်မှု အကုသိုလ်ကံကြီးက မူလစီမံလိုက်သော ကုသိုလ်ကံ၏ အစွမ်းသတ္တိကို နှိပ်စက်လျှင် မူလကုသိုလ်ကံသည် သတ္တိစွမ်းပကား နည်းပါးလာသဖြင့် ပုရိသဘာဝရုပ်ကို ဆက်လက် မဖြစ်စေနိုင် တော့ဘဲ ဣတ္ထိဘာဝရုပ်ကိုသာ ဖြစ်စေရတော့သည်။ ထိုအခါ ပုရိသဘာဝရုပ်အတွက် ပေါ်ထွက်ပြီးသော လိင်္ဂစသည်တို့ တဖြည်းဖြည်းကွယ်ပ၍ ဣတ္ထိဘာဝအတွက် လိင်္ဂ စသည်များ တဖြည်းဖြည်း ပေါ်ထွက်လာသည်ကို "လိင်ပြန်" သည်ဟု ပြောဆိုရလေသည်။
ဣတ္ထိလိင်မှ ပုလ္လိင်ပြန်ပုံ။ ။ အချို့သောကုသိုလ်ကံသည် ပရဒါရိကစသော အကုသိုလ်ကံ၏ နှိပ်စက်မှုကြောင့် အစွမ်းသတ္တိ မထက်သဖြင့် ပဋိသန္ဓေအကျိုးပေးစဉ်ကပင် ဣတ္ထိဘာဝရုပ်ကိုသာ ဖြစ်စေနိုင်ခဲ့လေသည်။ သို့သော် ထိုသူ့သန္တာန်၌ ဗြဟ္မစရိယကို ကျင့်ခြင်း, မိစ္ဆာစာရကို ရှောင်ကြဉ်ခြင်း, ယောက်ျားဘဝကို တောင့်တ၍ ကောင်းမှုပြုခြင်းစသော ကုသိုလ်ကံများလည်း ရှေးရှေးဘဝက ရှိခဲ့သေးလေရာ, ထိုကံများသည် ပဝတ္တိအခါ၌ အခွင့်သာသဖြင့် မူလပဋိသန္ဓေကျိုးကို ပေးခဲ့သော ကုသိုလ်ကံ၏ သတ္တိကို ဖြည့်စွက်ကူညီပြန်သောကြောင့် မူလကံသည် သတ္တိအင်အား ကြီးမားလာသဖြင့် ဣတ္ထိဘာဝရုပ် ဥပါဒ်, ဌီ, ဘင်စေ့၍ အချုပ်မှာ ပုရိသဘာဝရုပ်များကို ဆက်လက် ဖြစ်ပေါ်စေသည်။ ထိုအခါ ဣတ္ထိဘာဝရုပ်များအတွက် လိင်္ဂစသော အကျိုးဆက်များ ကွယ်ပလျက် ပုရိသဘာဝအတွက် အကျိုးဆက်များ ထင်ရှားပေါ်ပေါက်၍ ယောက်ျားပုံဟန် လိန်ပြန်ခြင်းသို့ ရောက်သည်။ (သာရတ္ထဒီပနီဋီကာကို မှီရေးသည်၊) ယခုပြခဲ့ပြီးသော လိန်ပြန်ပုံမှာ သုဂတိဘုံ အတွက်သာတည်း။ ဒုဂ္ဂတိဘုံ၌လည်း လိင်ပြန်ပုံများ ရှိသေး၏။ အဋ္ဌသာလိနီ ပဌမပါရာဇိကဋ္ဌကထာ ဋီကာကို ရှုကြပါလေ။
သင်္ဂြိုဟ်ဘာသာဋီကာ
နီဝရဏ ဝိဂ္ဂဟ
🌷🌷🌷🌷
အပိတ်အပင်, ပိတ်ပင်တားမြစ်ခြင်း, တားမြစ်ဖျက်ဆီးခြင်း, ကာဆီးခြင်း, ပိတ်ပင်တတ်သော တရားတို့၏ ဆန့်ကျင်ဘက်များ 👇
ဝိတက္ကော ထိနမိဒ္ဓဿ, ဝိစိကိစ္ဆာယ ဝိစာရော၊
ပီတိ စာပိ ဗျာပါဒဿ, သုခံ ဥဒ္ဓစ္စကုက္ကုစ္စံ၊
သမာဓိကာမစ္ဆန္ဒဿ, ပဋိပက္ခောတိ ပေဋကေ။
#ဝိတက်နှင့်_ထိနမိဒ္ဓ
ဝိတက်သည် ထိနမိဒ္ဓနီဝရဏကို လောင်မြိုက်၏၊
ချဲ့ဦးအံ့ ➡ ထိနမိဒ္ဓဟူသည် ထိုင်းမှိုင်းတွေဝေခြင်း သဘောတရားတည်း။ အကြံအစည်ကင်းမဲ့သူ လူပြိန်း လူထိုင်းနှင့်တူ၏။ ဝိတက်ကား သမ္ပယုတ်တရားစုကို အာရုံတစ်ခုခုသို့ ရောက်၍ ရောက်၍နေအောင် မနေမနား တင်ပေးတက်သော သဘောတရားတည်း။ ကြံစည်လေ့ရှိသူနှင့်တူ၏။ ထို့ကြောင့် ထိနမိဒ္ဓနှင့် ဝိတက်သည် ဖြောင့်ဖြောင့်ဆန့်ကျင်ဘက်ဖြစ်ရကား ဝိတက်ဈာနင်က ထိနမိဒ္ဓနီဝရဏကို စိတ်အစဉ်မှာ မဝင်လာအောင် ပယ်ခွာသမှု ဈာယနပြုလျက် ကသိုဏ်းစသော အာရုံထက်သို့ စိတ်အစဉ်တက်အောင် တင်ဆောင်ပေးသည်။ [အဂ္ဂိဈာယနပြုသည့်အခါ ဆိုင်ရာဝတ္ထုများကို လောင်မြိုက်သကဲ့သို့ ဝိတက်က ထိနမိဒ္ဓကို ပျောက်ပျက်သွားအောင် လောင်မြိုက်သည်-ဟူလို။]
#ဝိစာရနှင့်_ဝိစိကိစ္ဆာ
ဝိစာရသည် ဝိစိကိစ္ဆာနီဝရဏကို လောင်မြိုက်၏၊
ချဲ့ဦးအံ့ ➡ ဝိစိကိစ္ဆာဟူသည် အာရုံ တစ်ခု၌ ကောင်းစွာမတည်, အလီလီ ယုံမှားတတ်သော သဘောတည်း။ ထို့ကြောင့် ဝိတက်၏ တင်ပေးမှုအတွက် အာရုံသို့ တက်ရောက်နေသော စိတ်အစဉ်သည် ဝိစိကိစ္ဆာ နှောင့်ယှက်က ထိုကသိုဏ်းစသော အာရုံမှ ဆုတ်နစ်ရလိမ့်မည်။ ဝိစာရကား သမ္ပယုတ်တရားတို့ကို ရောက်ပြီးရာအာရုံမှ မခွာအောင် အာရုံကို ထပ်တလဲလဲ စွဲမြဲစွာ သုံးသပ်ခြင်း သဘောတည်း။ ထို့ကြောင့် ဝိစိကိစ္ဆာနှင့် ဝိစာရသည် ဖြောင့်ဖြောင့်ဆန့်ကျင်ဘက်ဖြစ်ရကား ဝိစာရဈာနင်က ဝိစိကိစ္ဆာနီဝရဏကို ပယ်ခွာသမှု ဈာယနပြုလျက် ကသိုဏ်း စသော အာရုံကို ထပ်တလဲလဲ သုံးသပ်နေပေသည်။
#ပီတိနှင့်_ဗျာပါဒ
ပီတိသည် ဗျာပါဒနီဝရဏကို လောင်မြိုက်၏၊
ချဲ့ဦးအံ့ ➡ ဗျာပါဒဟူသည် တရားကိုယ်အားဖြင့် ဒေါသပင် ဖြစ်ရကား ခက်ထန်ကြမ်းတမ်းလျက် အာရုံကို မနှစ်သက်နိုင်သော သဘောတည်း။ ထို့ကြောင့် ဝိစာရက အထပ်ထပ် သုံးသပ်နေသော်လည်း ဗျာပါဒနှောင့်ယှက်၍ အာရုံကို မနှစ်သက်လျှင် ကြာရှည်စွာ သုံးသပ်ချင်မည်မဟုတ်။ ပီတိကား အာရုံကို နှစ်သက်တက်သော သဘောတည်း။ ထို့ကြောင့် ဗျာပါဒနှင့် ပီတိသည် ဖြောင့်ဖြောင့်ဆန့်ကျင်ဘက်ဖြစ်ရကား ပီတိဈာနင်က ဗျာပါဒနီဝရဏကို စိတ်အစဉ်မှာ မဝင်ပါအောင် ပယ်ခွာသမှု ဈာယနပြုလျက် ဝိတက်တင်ပေး၍ ဝိစာရက ထပ်တလဲလဲ သုံးသပ်အပ်သော အာရုံပေါ်မှာ လွန်စွာနှစ်သက်၍ နေပေသည်။
#သုခနှင့်_ဥဒ္ဓစ္စကုက္ကုစ္စ
သုခသည် ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏကို လောင်မြိုက်၏၊
ချဲ့ဦးအံ့ ➡ ဥဒ္ဓစ္စသည် တုန်လှုပ်လွင့်တက် မငြိမ်သက်ခြင်း သဘောဖြစ်၍, ကုက္ကုစ္စကား နောင်တတဖန် ပူပန်ခြင်းသဘောတည်း။ ထို့ကြောင့် ကသိုဏ်းစသော အာရုံ၌ စိတ်အစဉ်က နှစ်သက်အားရ ပီတိကျနေသော်လည်း သာယာဖွယ် အရသာ မပေါ်လျှင် ငြိမ်သက်စွာ တည်နေနိုင်မည်မဟုတ်။ ဥဒ္ဓစ္စကုက္ကုစ္စတို့၏ နှောင့်ယှက်မှုကြောင့် မငြိမ်မသက် ပူပန်၍ အမြန်ပင် အာရုံမှ ထွက်ခွာရလိမ့်မည်။ သုခကား အာရုံ၏ အရသာကို ခံစားလျက် ငြိမ်သက် အေးမြခြင်းသဘောတည်း။ ထို့ကြောင့် ဥဒ္ဓစ္စကုက္ကုစ္စနှင့် သုခသည် ဖြောင့်ဖြောင့်ဆန့်ကျင်ရကား သုခဈာနင်က ဥဒ္ဒစ္စ ကုက္ကုစ္စနီဝရဏကို စိတ်အစဉ်မှာ မဝင်ပါအောင် ပယ်ခွာသမှု ဈာနယပြုလျက် ဝိတက် ဝိစာရ ပီတိတို့၏ ကိစ္စဖြင့် စွဲမြဲနှစ်သက်အပ်သော အာရုံအရသာကို မြိန်ယှက်စွာ ခံစားလေသည်။
#သမာဓိနှင့်_ကာမစ္ဆန္ဒ
သမာဓိသည် ကာမစ္ဆန္ဒနီဝရဏကို လောင်မြိုက်၏၊
ချဲ့ဦးအံ့ ➡ ကာမစ္ဆန္ဒဟူသည် ကာမဂုဏ်ကို နှစ်သက်တက်သော လောဘတဏှာပင်ဖြစ်ရကား နှစ်သက်ဖွယ်အာရုံ ကာမဂုဏ်နောက်သို့ လိုက်လျက် စိတ်ဓာတ်ကို ကလိန်းကလက် ဖြစ်စေနိုင်သော သဘောတည်း။ ကာမစ္ဆန္ဒနီဝရဏက နှောင့်ယှက်လျှင် ဝိတက် ဝိစာရ ပီတိ သုခတို့ ခံနိုင်ကြမည်မဟုတ်။ ကသိုဏ်းအာရုံမှ စိတ်အစဉ်ခွာရလိမ့်မည်။ သမာဓိဟူသော ဧကဂ္ဂတာကားအာရုံ၌ ခြိုက်ခြိုက်မြိုက်မြိုက် တည်တံ့သောသဘောတည်း။ ထို့ကြောင့် ကာမစ္ဆန္ဒ နီဝရဏနှင့် ဧကဂ္ဂတာသည် ဖြောင့်ဖြောင့်ဆန့်ကျင်ဘက်ဖြစ်ရကား ဧကဂ္ဂတာဈာနင်က ကာမစ္ဆန္ဒနီဝရဏကို စိတ်အစဉ်မှာ မဝင်ပါအောင် ပယ်ခွာသမှု ဈာနယပြုလျက် ရှေးဈာနင်(၄)ပါးအတွက် အရသာပေါ်ထွက်နေသော အာရုံပေါ်၌ စူးစိုက်စွာ တည်တံ့စေ၏။ ထို့ကြောင့် "ပစ္စနီကဓမ္မေ ဈာယတိ"အရ ဝိတက်စသော စေတသိက်(၅)ပါးကိုသာ "ဈာန"ဟု ခေါ်အပ်သည်။
မှတ်ချက်။ ။ အဝိဇ္ဇာနီဝရဏသည် ဈာန်တရားကို မကွယ်ကာတတ်, မဂ်ဖိုလ် စသည်ကိုသာ ကွယ်ကာတက်၏။ ထို့ကြောင့် ဤဈာနင်တို့ ပယ်အပ်သော နီဝရဏတွင် အဝိဇ္ဇာနီဝရဏမပါဝင်ချေ။ အနည်းငယ် ဖုံးကွယ်တက်သောသတ္တိကား ရှေးနီဝရဏ(၅)ပါးကို ပယ်ရှားရာတွင် ပါဝင်လေပြီ။
သင်္ဂြိုဟ်ဘာသာဋီကာ