ကျွန်တော်ပြန်လာပြီ ( Henry Aung )

Words
135
Reading
1 min
3y
Listen to this post
~1 min

မင်္ဂလာပါ။ တနှစ်ကျော်နီးပါးပျောက်နေခဲ့သော ကျွန်တော် Hive သို့ စိတ်သာရောက်နိုင်ပြီး လက်မရောက်နိုင်ခဲ့ပါ။ အဘယ့်ကြောင့်ဆိုသော် အကြောင်း ကြောင်း ကြောင့်ဟုသာ ဆိုကြပါစို့။ ကုန်လွန်ခဲ့သော ခုနှစ်များတွင် ကျွန်တော် ခရီးသွားနေခဲ့သည့်အချိန်က ပို၍ များပါသည်။

ထိုအချိန်ကာလအတောအတွင်း မိတ်ဆွေများလည်း သိကြသည့်အတိုင်း မြန်မာပြည်တွင် ပြေလည်နေသည်ဟူသော သူမှာ လိမ်ညာ ဟန်ဆောင်နေသူသာ ဖြစ်သည်ကို အားလုံးသိပြီး ဖြစ်ပါသည်။

အချို့က မိမိမပြေလည်မှုများအား Social Media ပေါ်တွင် အားလုံးကောင်း ပါသည်ဟု ပျော်ရွှင်ဟန်ဆောင်ပြနေကြသလို အချို့ကလည်း Social media ပေါ်မှ လုံးဝပျောက်သွားကြပါသည်။

လွန်ခဲ့သော နှစ်များတွင် မည်သူကတော့ တံတားပေါ်မှ ခုန်ချသွားသည် မည်သူမည်ဝါကတော့ မိမိကိုယ်မိမိ အဆုံးစီရင်သွားသည်ဟူသော သတင်းများ မကြာခဏကြားခဲ့ကြရပါသည်။ ထိုအဖြစ်အပျက်များ၏ အကြောင်းရင်းအား လေ့လာလိုက်လျင် မိမိမပြေလည်မှု / အဆင်မပြေမှု / အခြေအနေအရပ်ရပ်ကြောင့် ကြုံတွေ့နေသော ပြသနာများအား အရှုံးပေးသွားကြခြင်းဖြစ်ပါသည်။

ကျွန်တော် ပြန်စဉ်းစားကြည့်ပါသည်။ ဤကဲ့သို့သော ပြသနာများအတွက် မိမိကိုယ်မိမိ အဆုံးစီရင်း ခြင်း ထွက်ပေါက် အပြင် အခြားထွက်ပေါက် ရှိပါသေးသလော ဟူ၍။ ဟုတ်ကဲ့ ထိုအခြင်းအရာက ကျွန်တော့အား Hive နှင့် ကာလအတန်ကြာ ဝေးကွာနေစေခြင်း၏ အကြောင်းအရာ ဖြစ်ပါသည်။

ယခင်က ကျွန်တော့ အနေဖြင့် Steemit / Hive Platform ဟူသော သီးသန့်နေရာများတွင်သာ ကြယ်ငါး ကောက်နေခဲ့သော်လည်း ယခုတော့ ပြင်ပကမ္ဘာတွင် ကြယ်ငါး ကောက်နေပါသည်။ ကမ်းစပ်တွင် ကြယ်ငါးများစွာ သောင်တင်နေပါသည်။ အားလုံးအား ကယ်တင်ရန် ကျွန်တော်မတတ်နိုင်ပါ။

သို့သော် ကျွန်တော် ကောက်လိုက်နိုင်သည့် ကြယ်ငါး တကောင် အတွက်တော့ ပင်လယ်ရေနက်သို့ နောက်တဖန် ပြန်ရောက်သွား၍ အသက်ရှင်ခြင်း ဟူသော ထွက်ပေါက် ရသွားလျင် ကျွန်တော် ဝမ်းသာလှပါသည်။ ကျွန်တော် Hive သို့ ပြန်လာပါပြီ။

Henry Aung ( Kachin )

08/02/2024 - Thursday - 08;42 Am

ကျွန်တော်ပြန်လာပြီ ( Henry Aung ) | Ecency