
နာမည်ကျော်အကယ်ဒမီ မင်းသမီးကြည်ကြည်ဌေး
ကို ကျွန်တော့်အမေ့က သိပ်ကြိုက်ပါသည်။
ကျွန်တော်လည်း ကြည်ကြည်ဌေးကို
ကြိုက်ပါသည်။ ကြည်ကြည်ဌေး၏ ပဉ္စပါပီ
ရုပ်ရှင်ကားမှ ကြည်ကြည်ဌေး၏ စကားပြောခန်း
တခုကို အမေ့က အင်မတန်သဘောကျသည်။
ထိုစကားမှာ
"အဘ မှန်ရာသံတော်ဦးတင်တဲ့။ မှန်ရာ ဆိုတာ
လေးထောင့်လား၊ အဝိုင်ကြီးလား"
ဆိုသည့်စကားကို အတော်သဘောကျခဲ့သည်။
ထိုကြောင့် တလောက Facebook မှာ
မင်းသမီးကြီး ကြည်ကြည်ဌေး အကြောင်း
ဖော်ပြလာ၍ စိတ်ဝင်တစား ဖတ်ရှုမိသည်။
သူမ အကြောင်းဖတ်ရင်း သူမ၏ ခင်ပွန်း
အကြောင်းပါသိလိုက်ရသည်။ အမှန်က
သူမ၏ အကြောင်းဆိုသည်ထက် သူမ၏
ခင်ပွန်းအကြောင်းဟု ပြောပါရင် ပိုမှန်ပေသည်။
မင်းသမီးကြီး ကြည်ကြည်ဌေး ၏ယောင်္ကျား
အမည်မှာ ဦးအောင်သိန်းဖြစ်သည်။ ဗလကောင်းကောင်း
အသားညိုညို မေးရိုးကားကား
ဗိုက်တွဲတွဲ။ လက်တတကားကားနဲ့လျှောက်တတ်သည်။
လုံချည်ကို ချက်ပြုတ်ဝတ်လျှက် ခြောက်လုံးပြူး
အတွဲလိုက်ခါးကြားမှာထိုးထားသေး၏။ သုန်သုန်မှုန်မှုန်ဖြင့်
အလကားနေရင်း ဒေါသပြင်းကာစိတ်ဆိုးနေသလိုမျိုး
မျက်နှာက တင်းမာခက်ထန်လွန်းလှသည်။
မင်းသမီးကြီး ကြည်ကြည်ဌေး သည် သူ့ခေတ်အခါက
အတော်နာမည်ကြီးခဲ့သည်။ ကြည်ကြည်ဌေးပါလျှင်
နိုင်ငံရေးမှာတောင် ဂုဏ်ရှိသလိုလို မြန်မာပြည်မှာ
ဖြစ်ခဲ့ဘူးသည်တဲ့။ ဒီတော့ ဦးအောင်သိန်းကြီးကလည်း
လက်မတစ်ထောင်ထောင် ခြောက်လုံးပြူး တစ်ထောင်ထောင်
လုပ်တာ ဘာဆန်းအံ့နည်း။
အထက်ဖော်ပြပါ အပိုဒ်နှစ်ခုက မူရင်းအတိုင်း
ကူးယူဖော်ပြထားပါသည်။ ကျွန်တော်က
သူမတို့ လင်မယား၏ စိတ်ကူးကို မြင်မိ၍
ပိုပြီးသဘောကျမိပါသည်။ သူမ၏
ယောင်္ကျား လူမိုက်လုပ်ရသည့် အကြောင်း
ကိုလည်း ရေးသားထားပါသေးသည်။
"ပြဇာတ်နယ်၊ ရုပ်ရှင်လောကပါ
အမြီးကျတ်အမြီးစား၊ ခေါင်းကျတ်ခေါင်းစားတွေ
အများကြီး ပြီးတော့ ပညာနဲ့လုပ်စားသူချင်းခေါင်းပုံ
ဖြတ်တာတွေကလည်းအများသား ဒါတွေကိုကာကွယ်နိုင်ဖို့
လင်မယားရန်ဖြစ်ပြရ ပါးရိုက်ပြရတာပါ
ကျွန်တော်တို့အပေါ်ရိုသေအောင် ပညာရှိ
နှိပ်စက်တာမျိုးတွေမခံရအောင် ကျွန်တော်က
လူမိုက်လုပ်ပြရတယ်"
သူ လူမိုက်လုပ်လေ ပရိတ်သတ်က ကြည်ကြည်ဌေး
အား အသနားပိုလေဖြစ်သည်။ သူသည်
ရသမျှ ငွေကိုငါးနှစ် စီမံကိန်ဖြင့် စုဆောင်ခဲ့သည်။
ရွှေငွေ တိုက်တာများ စုဆောင်နိုင်ခဲ့သည်။
သူမတို့ လင်မယားကျေးဇူး ကြောင့် ရုပ်ရှင်လောကတွင်
ကုမ္ပဏီက ရုပ်ရှင်ရိုက်ကူးရေးပါဝင်သူ
အားလုံးကို ထမင်းကျွေးမှု စခဲ့ရသည်။
မင်းသမီးကြီး ကြည်ကြည်ဌေး သည်
ရုပ်ရှင်မင်းသမီးများတွင် ပထမဦးစွာ
မာစီးဒီးကား စီးနိုင်သူဖြစ်သည်။ ဒါကလည်း
သူမ၏ ယောင်္ကျား ကောင်းမှုကြောင့်
ဖြစ်သည်။
"အောင်သိန်းကြီး မိုက်ပြနေရတာ
ကျွန်တော်တို့ ရှေ့ရေးအတွက်ပါ"
ဒေါ်ကြည်ကြည်ဌေး ယောင်္ကျား၏
စကားဖြင့် အဆုံးသတ်ပါရစေ။ ပြည့်စုံစွာ
ဖတ်ပါရင်ဖြင့် အောက်ဖော်ပြပါ မဂ္ဂဇင်း
တွင်ဖတ်နိုင်ပါသည်။
သာ ဂ ဒိုး ပေဖူးလွှာမဂ္ဂဇင်း။ အမှတ် ၆၅ အောက်တိုဘာလ ၊ ၁၉၈၆ ခုနှစ်
မှတ်ချက်။ ဒေါ်ကြည်ကြည်ဌေး၏
အကယ်ဒမီ ၄ ဆု
၁၉၅၂-ချစ်သက်ဝေ
၁၉၅၆-ချစ်ခွင့်မပိုင်
၁၉၇၀-နုနုငယ်ငယ်
၁၉၇၈-လူဇော်
ရွှေအမြုတေ မဂ္ဂဇင်း ရွှေဝတ္ထုများပြန်လည်တူးဖော်ခြင်း အနှစ်၁၀၀ ဒုတိယတွဲ
ဝန်ခံချက်။ ဖတ်ရင်းကြိုက်၍ ကိုယ့်ပြန်ရေးဖို့
စာစီဖို့ပင် နည်းပါးကာ မူရင်း ရေးသားသူ၏
စာများက အများဆုံးပါဝင်ပါသည်။