တနေ့က အိမ်ရှေ့ လာဝပ်သည့် ခွေးမ
ဗိုက်ကြီးသည့်အကြောင်း ပိုစ့်တင်ရေးထား
သည်။ ထိုခွေးမ မည်သည့်နေရာတွင် မွေး
မည်ဆိုသည်ကို သိချင်ခဲ့သည်။ ယခုတော့
ခွေးမ မွေးပြီး။ သို့သော် သူရဲ့ကလေးများကို
မတွေ့ရချေ။ အဘယ်ကြောင့်နည်း။
ပုံမှန်ဆို ခွေးမက သူ့သားသမီးများနှင့်
သူ့အသိုက်မှာ ဝပ်နေပေမည်။ အစာ
စားချိန်မှ အစာရှာထွက်လာတတ်သည်။
အများအားဖြင့် သူ့ကလေးများကို
စောင့်ရှောက်နေတတ်သည်။
ထိုကြောင့် ခွေးသားအုပ်မဆိုပါရင် လူကြီးများက
အနားမကပ်ခိုင်းကြပေ။ သူ့ဝပ်ကျင်း အနီး
ရောက်ရှိလာသူများကို သူ့ကလေးများ
ရန်ပြုမည်အထင်ဖြင့် ရန်မူတတ်သည်။
ကိုယ်တွေပင် ခွေးပေါက်မွေးထားသည့်
ခွေးမဆိုပါရင် သတိထားရပါသည်။
သူ့ကလေးများကို ရန်မူသည်အထင်ဖြင့်
မြင်မြင်သမျှ ကိုက်ခဲတတ်သည်။
ယခု ခွေးမကတော့ မွေးပြီးသွားသည်
ထင်သည်။ အဘယ်ကြောင့်ဆိုသော်
ခွေးမဗိုက်က ဗိုက်ကြီးဖောင်ကား မနေတော့ပေ။
သို့ပေသိ ထိုခွေးမက အိမ်ရှေ့မှာပဲ ဝပ်နေသည်
ကိုတွေ့ရသည်။ ဒါက ပုံမှန်မဟုတ်။ ပုံမှန်ဆို
သူ့ကလေးများနှင့်အတူရှိနေရမည်။
ယခုတော့ ခွေးမက အိမ်ရှေ့မှာ လမ်းသလား
နေသည်။ အိပ်လိုက် စားလိုက်လုပ်နေသည်။
သူ့ကလေးများဆီမသွားပေ။ ထူးဆန်းသည်
ကျွန်တော်တို့မိသားစုလည်း သူ့ကလေးများကို
ကြည့်ချင်သည်။ ညအချိန်မှာလည်း ခွေးသား
ပေါက်လေးများအသံ ကြားရမလားဟု
နားစွန့်မိသည် မကြားပေ။ ခွေးမ၏ ကလေးများ
မွေးပြီးသေသွားလေသလား။ အခြားသူများ
ယူသွားကြလေသလား။ အတွေးများဖြင့်
ခွေးမကို ထူးဆန်းစွာ ကြည့်မိတော့သည်။