✏✏📒📒

hlay(36)
Published in
#esteem
Words
1360
Reading
7 min
Listen
Play
9y

စာကိုအပြစ်သဖွယ်မြင်ကြတဲ့ ဂဂျိုးဂဂျောင်လက်ထွက်များဖတ်ရန်
👇👇👇👇👇👇👇👇👇👇👇👇👇

မြတ်စွာဘုရားကိုယ်တိုင်ကိုယ်က ပရိနိဗ္ဗာန် စံခါနီးမှာ -

"ယော ဝေါ အာနန္ဒ မယာ ဓမ္မော စ ဝိနယော စ ဒေသိတော ပညတ္တော၊ သော ခေါ မမစ္စယေန သတ္ထာ" တဲ့၊

"ငါမရှိတဲ့နောက် ငါဟောခဲ့တဲ့ဓမ္မ ငါပညတ်ခဲ့တဲ့ ဝိနယဟာ မင်းတို့ရဲ့ဆရာပဲ" လို့ ဒီလိုပြောခဲ့တာ။

ဒါက အင်မတန်မှ ထူးခြားတယ်၊ သာမန်အဖွဲ့အစည်းတွေနဲ့ မတူဘူး။ ဗုဒ္ဓဘာသာသာသနာ တည်ထောင်မှုကို စဉ်းစားကြည့်၊ ဒိပြင်အဖွဲ့အစည်းတွေမှာဆိုရင် Successor လို့ ခေါ်တဲ့ ရာထူးဆက်ခံသူတွေ ရှိရတယ်၊ ဥပမာမယ် နိုင်ငံ တစ်နိုင်ငံမှာဆိုရင် အုပ်ချုပ်တဲ့သမ္မတတစ်ဦး အနားယူသွားရင် သူ့ရာထူးကို ဆက်ခံသူဆိုတာ လာရတယ်၊ ပုဂ္ဂိုလ်တွေကပဲ ဆက်ခံသွားကြတယ်၊ အဲဒါကို အင်္ဂလိပ်လို Successor လို့ ခေါ်တယ်၊ အဲဒီ Successor ဟာ ပုဂ္ဂိုလ်ပဲ ရွေးလေ့ရှိတယ်။ ဥပမာ ဘုရင်အုပ်ချုပ်တဲ့ နိုင်ငံတစ်နိုင်ငံဆိုလို့ရှိရင် ဘုရင်ကြီးမရှိရင် နောက်ထပ်မင်းတစ်ပါး တက်ရတယ်၊ Successor ဆက်ခံရတာ။

မြတ်စွာဘုရားရဲ့ သာသနာတော်ကျတော့ Successor ဆိုတာ ပုဂ္ဂိုလ်ကို ထားခဲ့တာ မဟုတ်ဘူး၊ ဓမ္မကို ထားခဲ့တာ၊ အင်မတန်မှ ထူးခြားတယ်လို့ ဒီလိုပြောရမယ်။ ဗုဒ္ဓသာသနာတော်မှာ ဗုဒ္ဓရဲ့ Successor လို့ခေါ်တဲ့ ဗုဒ္ဓရာထူးကို ဆက်ခံမယ့် ပုဂ္ဂိုလ်ဆိုတာ မရှိဘူး၊ မြတ်စွာဘုရားက ဓမ္မကိုပဲ မိမိရဲ့ Successor အနေနဲ့ ထားခဲ့တာ၊ အဲဒီတော့ ဓမ္မဟာ အရေးကြီးဆုံးပေါ့၊ အဲဒီဓမ္မကိုသွားပြီး စာခံတယ် လို့ ပြောမိရင် မှားလိမ့်မယ်။

မြတ်စွာဘုရားကိုယ်တိုင်က သော ခေါ မမစ္စ ယေန သတ္ထာ- အဲဒီဓမ္မဝိနယဟာ ငါမရှိတဲ့နောက်မှာ မင်းတို့ရဲ့ဆရာပဲလို့ ပြောခဲ့တယ်နော်၊ ဒါကို သတိမမေ့ဖို့ အင်မတန် အရေးကြီးတယ်။

ဒါဖြင့် "ငါဟောခဲ့တဲ့ဓမ္မ ငါပညတ်ခဲ့တဲ့ ဝိနယ" ဆိုတာ ဘာတွေတုံး၊ အခု သင်္ဂါယနာခြောက်တန် တင်ထားတဲ့ ပိဋကတ်သုံးသွယ် နိကာယ်ငါးဖြာပဲ၊ မြန်မာနိုင်ငံမှာ အပြည့်အဝရှိတယ်၊ ဆရာတော်ကြီးတွေ အဆက်ဆက် ထိန်းသိမ်း သင်ကြားပို့ချပေးခဲ့တဲ့ စာပေတွေပဲ၊ ဘယ်အရာပဲဖြစ်ဖြစ် စာပေနဲ့အညီပဲ ဖြစ်သင့်တယ်ပေါ့၊

တစ်ချို့ကလည်း စာတတ်တဲ့လူကို အပုပ်ချချင်တော့ ဘယ်လိုပြောလဲဆိုရင် ပေါဋ္ဌိလရဟန်းကို မြတ်စွာဘုရားက "တုစ္ဆ" လို့ ခေါ်တယ်ဆိုတဲ့စကားကို သုံးပြီးတော့ စာတတ်ရုံနဲ့ မပြီးဘူး၊ မြတ်စွာဘုရားက မကြိုက်ဘူးလို့ ဒီလို အဓိပ္ပာယ်မျိုးနဲ့ ပြောကြတယ်။ အမှန်တကယ် နားလည်ဖို့ရာက မြတ်စွာဘုရားက ပေါဋ္ဌိလရဟန်းကို တုစ္ဆလို့ ခေါ်တာဟာ စာတတ်တာကို ရှုတ်ချတာမဟုတ်ဘူး၊ လုပ်သင့် လုပ်ထိုက်ရဲ့သားနဲ့ မလုပ်ဘဲနေလို့၊ ကျင့်ရမယ့်တရားကို မကျင့်ဘဲနေလို့ ကျင့်အောင်လို့ နာအောင်ပြောတဲ့စကား၊ အဲဒါကို သဘောပေါက်ဖို့ လိုတယ်ပေါ့။ တချို့က သဘောမပေါက်တဲ့အခါ စာတတ်လို့ ဘုရားက ရှုတ်ချတာလို့ ဆိုတဲ့ အဓိပ္ပာယ်ယူတယ်၊ ယူတဲ့အခါ ပရိယတ်ကို ပယ်သလို ဖြစ်သွားပြန်တယ်၊ ဒီလို မဟုတ်ပါဘူးတဲ့။ မြတ်စွာဘုရားကိုယ်တိုင်ကိုယ်က ရဟန်းတော်တွေရဲ့ အရည်အချင်းကို ဖော်ပြတဲ့အခါမှာ -
နံပါတ်(၁) သီလ ရှိရမယ်၊
နံပါတ်(၂) ဗဟုသုတ ရှိရမယ်၊
ဗဟုသုတဆိုတာ စာတတ်ရမယ်လို့ပြောတာ၊ တရားဓမ္မတွေကို များစွာကြားနာလို့ အနက်အဓိပ္ပာယ် ဆင်ခြင်စဉ်းစားလို့ အသိဉာဏ်နဲ့ ထိုးထွင်းသိတဲ့ လူမျိုးမှ ဗဟုသုတရှိသူလို့ ဒီလိုခေါ်တာကိုး၊ ဆိုလိုတာက စာလည်းတတ်ရမယ်၊ တရားဓမ္မလည်း ကျင့်ကြံကြိုးကုတ် အားထုတ်ရမယ်၊ ဒီလို ပုဂ္ဂိုလ်မျိုးကို ဆိုလိုတာနော်။

အဲဒီတော့ စာတတ်လို့ တရားအားထုတ်လို့ မရဘူး၊ စာခံနေတယ် ဆိုတာမျိုးက မမှန်ကန်တဲ့ အဓိပ္ပာယ်နဲ့ ပြောကြတာပဲ ဖြစ်တယ်ပေါ့။ အဲဒါကြောင့်မို့ "စာခံတယ်" ဆိုတာလည်း မပြောသင့်တဲ့ စကားတစ်ခုပဲ။ "စာတတ်ဖို့ မလိုဘူး" ဆိုတာလည်း မပြောသင့်တဲ့ စကားတစ်ခုပဲ။ တကယ်တော့ စာတတ်တာကို အကြောင်းပြုပြီး "မာနခံတယ်" လို့ ပြောရင် မှန်တယ်။

ဆိုဆုံးမ၍ မရသူအား သတ်ပစ်
🌀🌀🌀🌀🌀🌀

ကေသိမည်သော မြင်းဆရာအား မြတ်စွာဘုရားသည် အောက်ပါအတိုင်း မိန့်ကြားလေ၏။
"ကေသိ သင်သည်ကား မြင်းဆရာဟု ထင်ရှား၏၊ အဘယ်သို့လျှင် သင်သည် မြင်းရိုင်းကို ဆုံးမသနည်း"ဟု မိန့်တော်မူ၏။
➡ အရှင်ဘုရား အကျွန်ုပ်သည် မြင်းရိုင်းကို အနုအားဖြင့်လည်း ဆုံးမပါ၏၊ အကြမ်းအားဖြင့်လည်း ဆုံးမပါ၏၊ အနုအကြမ်း အားဖြင့်လည်း ဆုံးမပါ၏ ဟု လျှောက်၏။

"ကေသိ အကယ်၍ သင်၏ မြင်းရိုင်းသည် အနုအားဖြင့်လည်း အဆုံးအမ မခံ၊ အကြမ်းအားဖြင့်လည်း အဆုံးအမ မခံ၊ အနု အကြမ်းအားဖြင့်လည်း အဆုံးအမ မခံလျှင် ထိုမြင်းရိုင်းကို အဘယ်သို့ပြုသနည်း"ဟု မေးတော်မူ၏။
➡ အရှင်ဘုရား အကျွန်ုပ်၏ မြင်းရိုင်းသည် အကယ်၍ အနုအားဖြင့်လည်း အဆုံးအမ မခံ၊ အကြမ်းအားဖြင့်လည်း အဆုံးအမ မခံ၊ အနုအကြမ်း အားဖြင့်လည်း အဆုံးအမ မခံခဲ့လျှင် ထိုမြင်းရိုင်းကို သတ်ပစ်ပါသည်။ ထိုသို့ သတ်ခြင်းသည် အဘယ်ကြောင့်နည်း ဟူမူ- အကျွန်ုပ်၏ ဆရာ အမျိုးအနွယ်အား ဂုဏ်ကျေးဇူးမဲ့ မဖြစ်စေလိုသောကြောင့်ပါတည်း ဟု လျှောက်၏။

"အရှင်ဘုရား မြတ်စွာဘုရားသည်ကား ဆုံးမထိုက်သူတို့ကို ဆုံးမတတ်သည့် အတုမဲ့ ပုဂ္ဂိုလ် ဖြစ်တော်မူပါ၏၊ အရှင်ဘုရား အဘယ်သို့လျှင် မြတ်စွာဘုရားသည် ဆုံးမထိုက်သော သူကို ဆုံးမတော်မူပါသနည်း" ဟု လျှောက်၏။
➡ ကေသိ ငါသည်ကား ဆုံးမထိုက်သော သူတို့ကို အနုအားဖြင့်လည်း ဆုံးမ၏၊ အကြမ်းအားဖြင့်လည်း ဆုံးမ၏၊ အနုအကြမ်း အားဖြင့်လည်း ဆုံးမ၏၊ ကေသိ ထိုသို့ဆုံးမရာ၌ အနုအားဖြင့် ဆုံးမပုံတည်း- ဤကား ကာယသုစရိုက်တည်း၊ ဤကား ကာယသုစရိုက်၏ အကျိုးတည်း၊ ဤကား ၀စီသုစရိုက်တည်း၊ ဤကား ၀စီသုစရိုက်၏ အကျိုးတည်း၊ ဤကား မနောသုစရိုက်တည်း၊ ဤကား မနောသုစရိုက်၏ အကျိုးတည်း၊ ဤကား နတ်တို့တည်း၊ ဤကား လူတို့တည်းဟု ဆုံးမ၏။ ကေသိ ထိုသို့ ဆုံးမရာ၌ ဤကား အကြမ်းအားဖြင့် ဆုံးမပုံတည်း- ဤကား ကာယဒုစရိုက်တည်း၊ ဤကား ကာယဒုစရိုက်၏ အကျိုးတည်း၊ ဤကား ၀စီဒုစရိုက်တည်း၊ ဤကား ၀စီဒုစရိုက်၏ အကျိုးတည်း၊ ဤကား မနောဒုစရိုက်တည်း၊ ဤကား မနောဒုစရိုက်၏ အကျိုးတည်း၊ ဤကား ငရဲတည်း၊ ဤကား တိရစ္ဆာန်မျိုးတည်း။ ဤကား ပြိတ္တာဘုံတည်းဟု ဆုံးမ၏။ ကေသိ ထိုသို့ ဆုံးမရာ၌ ဤသည်ကား အနုအကြမ်း အားဖြင့် ဆုံးမပုံတည်း- ဤကား ကာယ သုစရိုက်တည်း၊ ဤကား ကာယသုစရိုက်၏ အကျိုးတည်း၊ ဤကား ကာယဒုစရိုက်တည်း၊ ဤကား ကာယဒုစရိုက်၏ အကျိုးတည်း၊ ဤကား ၀စီသုစရိုက်တည်း၊ ဤကား ၀စီသုစရိုက်၏ အကျိုးတည်း၊ ဤကား ၀စီဒုစရိုက်တည်း၊ ဤကား ၀စီဒုစရိုက်၏ အကျိုးတည်း၊ ဤကား မနောသုစရိုက်တည်း၊ ဤကား မနောသုစရိုက်၏ အကျိုးတည်း၊ ဤကား မနောဒုစရိုက်တည်း၊ ဤကား မနောဒုစရိုက်၏ အကျိုးတည်း၊ ဤကား နတ်တို့တည်း၊ ဤကား လူတို့တည်း၊ ဤကား ငရဲတို့တည်း၊ ဤကား တိရစ္ဆာန်မျိုးတည်း၊ ဤကား ပြိတ္တာဘုံတည်းဟု ဆုံးမ၏ ဟု မိန့်တော်မူ၏။

"အရှင်ဘုရား အကယ်၍ အရှင်ဘုရား၏ ဆုံးမထိုက်သူသည် အနုအားဖြင့်လည်း အဆုံးအမ မခံ၊ အကြမ်း အားဖြင့်လည်း အဆုံးအမ မခံ၊ အနုအကြမ်း အားဖြင့်လည်း အဆုံးအမ မခံခဲ့လျှင် မြတ်စွာဘုရားသည် ထိုသူကို အဘယ်သို့လျှင် ပြုလုပ်ပါသနည်း"ဟု လျှောက်၏။
➡ ကေသိ ငါ၏ ဆုံးမထိုက်သူသည် အကယ်၍ အနု အားဖြင့်လည်း အဆုံးအမ မခံ၊ အကြမ်း အားဖြင့်လည်း အဆုံးအမ မခံ၊ အနုအကြမ်း အားဖြင့်လည်း အဆုံးအမ မခံခဲ့လျှင် ထိုသူကို ငါသည် သတ်ပစ်၏ဟု မိန့်တော်မူ၏။

"အရှင်ဘုရား မြတ်စွာဘုရားအား သူ့အသက် သတ်ခြင်းသည် မအပ်သည်သာ မဟုတ်ပါလော၊ ထိုသို့ ဖြစ်ပါလျက် မြတ်စွာဘုရားသည် "ကေသိ ထိုသူကို ငါသည် သတ်ပစ်၏"ဟု မိန့်တော်မူဘိ၏"ဟု လျှောက်၏။
➡ ကေသိ မှန်ပေ၏၊ မြတ်စွာဘုရားအား သူ့အသက်ကို သတ်ခြင်းသည် မအပ်သည်သာတည်း၊ စင်စစ်သော်ကား ထိုဆုံးမထိုက်သူသည် အကယ်၍ အနုအားဖြင့်လည်း အဆုံးအမ မခံ၊ အကြမ်းအားဖြင့်လည်း အဆုံးအမ မခံ၊ အနုအကြမ်းအားဖြင့်လည်း အဆုံးအမ မခံခဲ့လျှင် ထိုသူကို မြတ်စွာဘုရားသည် ပြောဆို ဆုံးမထိုက်သူ ဟူ၍ အသိအမှတ် မပြုတော့ပေ၊ ပညာရှိ သီတင်းသုံးဖော်တို့ကလည်း ပြောဆို ဆုံးမထိုက်သူ ဟူ၍ အသိအမှတ် မပြုကြကုန်။ ယင်းသို့ အသိအမှတ် မပြုကြခြင်းသည်ပင် မြတ်စွာဘုရား အဆုံးအမတော်၌ သတ်ပစ်လိုက်သည် မည်ပေ၏ ဟု မိန့်တော်မူ၏။

အရှင်ဘုရား မြတ်စွာဘုရားက ပြောဆိုဆုံးမထိုက်သူဟူ၍ အသိအမှတ် မပြု၊ ပညာရှိ သီတင်းသုံးဖော်တို့ကလည်း ပြောဆိုဆုံးမထိုက်သူဟူ၍ အသိအမှတ် မပြုကြခြင်းသည်ပင် စင်စစ် ကောင်းစွာ သတ်ပစ်လိုက်သည် မည်ပါပေ၏။ အရှင်ဘုရား တရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ တရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါပေ၏။ပ။ အရှင်ဘုရား မြတ်စွာဘုရားသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါဟု လျှောက်ထားလေ၏။

(စတုက္ကနိပါတ်၊ ကေသိဝဂ်၊ ကေသိသုတ်)

နတ်ပဏ္ဍုက် ရှိသလား
✨✨✨✨✨

ပဏ္ဍက = ပဏ္ဍုက် = လိင် မထင်ရှားသောသူ, မိန်းမလျှာ, အခြောက်။

ယောက်ျားကောင်း ယောက်ျားမြတ်၏ အရာမ၀င် အသွင်ချို့တဲ့သူ ငါးမျိုးရှိတယ်။ ၎င်း ၅-ယောက်ကို ရဟန်းပြုမပေးရဘူးလို့ (၀ိ။၃။၁၁၉။ ဋ္ဌ။၂၉၇။)မှာ အောက်ပါအတိုင်းပြတယ်။
⤾⤾⤾⤾⤾⤾⤾⤾⤾⤾⤾⤾⤾⤾⤾⤾⤾⤾⤾⤾⤾⤾⤾⤾⤾
(၁) အာသိတ္ထ ပဏ္ဍုက်- သူတပါး၏သုက်သွေးကို ပါးစပ်ဖြင့် စုပ်ယူသွင်းမျိုရမှ မေထုန်ကို ပြုနိုင်သော ယခုကာလ ပန်းစုတ်ကုလားများကဲ့သို့ လူမျိုး။
(၂) ဥဿူယ ပဏ္ဍုက်- သူတပါးတို့ သွားလာမှီဝဲ ပေါင်းဖော်နေသော မေထုန်မှုကို ချောင်းမြောင်းကြည့်ရှုရလျှင် မိမိ၏ ကိလေသာအပူ ငြူစူမှုငြိမ်းသော ပဏ္ဍုက်တမျိုး။
(၃) သြပက္ကမိက ပဏ္ဍုက်- သင်းကွပ် ထုတ်ပစ်ထား၍ ဝှေးစေ့မရှိသူကို ခေါ်ဆိုသည်၊ နန်းတော်သူများနှင့်ဖေါက်ပြား ပေါင်းဖော်လိုတဲ့စိတ် မရှိရအောင် မိန်းမဆောင်ကိုင် အမတ်များ၏ ဝှေးစေ့ကို နွားများကဲ့သို့ သင်းကွပ်ထားသည်နှင့်တူသောသူမျိုး။
(၄) ပက္ခ ပဏ္ဍုက်- လဆန်းပက္ခ၌ဖြစ်စေ လဆုတ်ပက္ခ၌ဖြစ်စေ တပက္ခ တပက္ခ၌ ကာမအရာကို မအောင့်အီး သည်းမခံနိုင်ဘဲ အထူးပိုကဲ ထကြွသောင်းကျန်းလျက် သံဝါသဥပရမှပင် ကျေနပ်နေနိုင်သောသူမျိုး။
(၅) နပုံသက ပဏ္ဍုက်- မိန်းမအင်္ဂါဇာတ် ယောက်ျားအင်္ဂါဇာတ် နှစ်မျိုးလုံးပင် အထင်အရှား လူတန်းစေ့ မရှိသူမျိုး။

ပဏ္ဍုက်(၇)မျိုးကို (ဝဇိရ။၄၂၉။)မှာ အောက်ပါအတိုင်းပြတယ်။
⤾⤾⤾⤾⤾⤾⤾⤾⤾⤾⤾⤾⤾⤾⤾⤾⤾⤾⤾⤾⤾⤾⤾⤾⤾
၁။ သူတစ်ပါးတို့၏ အင်္ဂါဇာတ်ကို ပါးစပ်ဖြင့် ယူ၍ သုက်ဖြင့် သွန်းလောင်း ခံရသော် ကိလေသာအပူငြိမ်းသော သူသည် အာသိတ္တပဏ္ဍုက်ပုဂ္ဂိုလ်။
၂။ သူတစ်ပါးတို့၏ မေထုန်ကျူးလွန်မှုကို ကြည့်ရသော် ငြူစူခြင်းဖြစ်သော် ကိလေသာအပူငြိမ်းသော သူသည် ဥဿူယပဏ္ဍုက်ပုဂ္ဂိုလ်၊၊
၃။ လုံ့လပယောဂဖြင့် ဝှေးစေ့တို့ကို အထုတ်ခံရသူသည် သြပက္ကမိက ပဏ္ဍုက်ပုဂ္ဂိုလ်။
၎။ အကုသိုလ်ဝိပါက်၏ အကျိုးဆက်ကြောင့် လဆုတ်ပက္ခ၌ ပဏ္ဍုက် ဖြစ်၍ လဆန်းပက္ခ၌ ကိလေသာအပူငြိမ်းသော သူသည် ပက္ခပဏ္ဍုက် ပုဂ္ဂိုလ်၊၊
၅။ ပဋိသန္ဓေ အခါ၌ပင် ဘာဝရုပ်ပါမလာသော သူသည် နပုံသကပဏ္ဍုက်ပုဂ္ဂိုလ်။
၆။ လအပိုင်းအခြားအားဖြင့် ပဏ္ဍုက်ဖြစ်သော သူသည် မာသပဏ္ဍုက်ပုဂ္ဂိုလ်၊၊
၇။ မန်းမှုတ်ခြင်း မှော်အတတ်ဖြင့် ဝှေးစေ့ပယ်ထုတ်ခံရသူသည် လေခပဏ္ဍုက်ပုဂ္ဂိုလ်။

ပါရာဇိကဏ်ပါဠိတော် ၃၄မှာ ပဏ္ဍုက်(၃)မျိုးရှိကြောင်း အောက်ပါအတိုင်းပြတယ်။
⤾⤾⤾⤾⤾⤾⤾⤾⤾⤾⤾⤾⤾⤾⤾⤾⤾⤾⤾⤾⤾⤾⤾⤾⤾
တိေဿာ ဣတ္ထိယော – မနုဿိတ္ထီ, အမနုဿိတ္ထီ, တိရစ္ဆာနဂတိတ္ထီ။ တယော ဥဘတောဗျဉ္ဇနကာ – မနုဿုဘတောဗျဉ္ဇနကော, အမနုဿုဘတောဗျဉ္ဇနကော, တိရစ္ဆာနဂတုဘတောဗျဉ္ဇနကော။ တယော ပဏ္ဍကာ – မနုဿပဏ္ဍကော, အမနုဿပဏ္ဍကော, တိရစ္ဆာနဂတပဏ္ဍကော။ တယော ပုရိသာ – မနုဿပုရိသော, အမနုဿပုရိသော, တိရစ္ဆာနဂတပုရိသော။

လူမိန်းမ, နတ်မိန်းမ, တိရစ္ဆာန်မိန်းမ အားဖြင့် မိန်းမသုံးမျိုး။ လူဥဘတောဗျည်း (လိင် နှစ်မျိုးရှိသူ), နတ်ဥဘတောဗျည်း, တိရစ္ဆာန်ဥဘတောဗျည်း အားဖြင့် ဥဘတောဗျည်းသုံးမျိုး။ လူပဏ္ဍုက်(လိင်ချို့ငဲ့သူ), နတ်ပဏ္ဍုက်, တိရစ္ဆာန်ပဏ္ဍုက် အားဖြင့် ပဏ္ဍုက်သုံးမျိုး။ လူယောက်ျား, နတ်ယောက်ျား, တိရစ္ဆာန်ယောက်ျား အားဖြင့် ယောက်ျားသုံးမျိုး။

ဒါကြောင့် နတ်တွေမှာလည်း ပဏ္ဍုက်ရှိကြောင်း ထင်ရှားစေတယ်။
image

hlay@hlay

✏✏📒📒 | Ecency